အေအေအဖွဲ့ကနေ ရိုဟင်ဂျာအမျိုးသမီးတစ်ဦးကို ရိုက်နှက်နေဆိုကာ ဗီဒီယိုဟောင်းသုံးပြီး သတင်းမှားဖြန့်
Share:FacebookX

အေအေအဖွဲ့ကနေ ရိုဟင်ဂျာအမျိုးသမီးတစ်ဦးကို ရိုက်နှက်နေဆိုကာ ဗီဒီယိုဟောင်းသုံးပြီး သတင်းမှားဖြန့်

Rakhine Disinforamtion Misinformation

Akyab Post/ MFCN

Fact Check

6 Aug 2025

အာရက္ခတပ်တော် အေအေအဖွဲ့ကနေ ရိုဟင်ဂျာအမျိုးသမီးတစ်ဦးကို ရိုက်နှက်နေတဲ့ ဗီဒီယိုဖိုင်ဆိုပြီးတော့ ရေးသားထားတဲ့ အကြောင်းအရာဟာ Facebook လူမှုကွန်ရက်စာမျက်နှာမှာ ပျံ့နှံ့လျက်ရှိပါတယ်။ 

Facebook မှာ Followers 17k ရှိတဲ့ “Ko Chay” အကောက်ကနေ ဩဂုတ်လ ၅ ရက်နေ့မှာ “ရက္ခိုင့်တပ်တော်(AA) က ရိုဟင်ဂျာအမျိုးသမီးတစ်ဦးကို ရက်ရက်စက်စက် ရိုက်နှက်မှု ဗီဒီယိုဖိုင်တစ်ခု ဆိုရှယ်မီဒီယာမှာ ပျံ့နှံ့လာပါတယ်။ ဒီဗွီဒီယိုထဲမှာရိုက်နှက်ခံရတဲ့ ရိုဟင်ဂျာအမျိုးသမီးရဲ့အမည်၊နေရပ်လိပ်စာ နှင့် ဖြစ်စဥ်အသေးစိတ်ကို ကျနော့်အနေနဲ့ ဆက်လက်စုံစမ်းနေပါတယ်။ အသေးစိတ်သိရှိပြီးပါက ဆက်လက်ဖော်ပြပေးပါ့မယ်။” (မူရင်းအရေးအသား) ဆိုပြီးတော့ ဗီဒီယိုဖိုင်နဲ့တကွ ရေးသား ဖြန့်ဝေထားပါတယ်။ 

📌 “Ko Chay”  အကောက်ကနေ မူရင်းတင်ထားတဲ့ ပို့်စ်အပြည့်အစုံ – https://archive.ph/RHOe2 

📌“Ko Chay” အကောက် – https://archive.ph/bNk3t 

ဒီပို့စ်ကို Akyab Post ကနေ စစ်ဆေးတဲ့ ဩဂုတ်လ ၆ ရက်နေ့အထိ reaction ပြုလုပ်သူ ၂၃၂ ဦး၊ comment ပေးသူ ၁၇၀ ဦးနဲ့ share ပြုလုပ်သူ ၁၇၆ ဦးထိရှိပြီးတော့ ဆက်လက်ပြီးတော့ ပျံံ့နှံ့လျက်ရှိပါတယ်။​

ဒီပို့စ်ကို Myanmar Fact Checking Network အဖွဲ့ဝင်ဖြစ်တဲ့ Akyab Post ဖက်ကနေ စစ်ဆေးကြည့်လိုက်တဲ့အခါမှာ အာရက္ခတပ်တော် အေအေအဖွဲ့ကနေ ရိုဟင်ဂျာအမျိုးသမီးတစ်ဦးကို ရိုက်နှက်နေတယ်ဆိုတာကို မတွေ့ရှိရပဲ လူကုန်ကူးတဲ့ အဖွဲ့တွေကနေ ရိုက်နှက်နေတယ်ကို စစ်ဆေးတွေ့ရှိရပါတယ်။​

▪️ စစ်ဆေးတွေ့ရှိချက်

ဆိုရှယ်မီဒီယာမှာ ပျံံ့နှံ့လို့ရှိတဲ့ ဗီဒီယိုကို Myanmar Fact Checking Network (MFCN) အဖွဲ့ဝင်ဖြစ်တဲ့ Akyab Post ရဲ့ Fact Check Team ကနေ google reverse image search tools၊ InVid search tools အပါအဝင် google advanced search tools တွေကို သုံးပြီး စစ်ဆေးခဲ့ပါတယ်။ 

InVid search tools ကို သုံးပြီးတော့ စစ်ဆေးကြည့်လိုက်တဲ့အခါမှာ ပျံ့နှံ့နေတဲ့ ဗီဒီယိုဖိုင်ဟာ ၂၀၂၄ ခုနှစ် ဧပြီလ ၂၇ ရက်နေ့မှာ “Mohammed Younus 460”  အကောက်ကနေ “News Mohammed Younus 460” ဆိုတဲ့ caption နဲ့ ရေးတင်ထားတာကို တွေ့ရပါတယ်။ 

🔗 “Mohammed Younus 460” အကောက်ကနေ တင်ထားတဲ့ ပို့စ်အပြည့်အစုံကို ကြည့်ရှုရန်  – https://www.facebook.com/mohammedyounus460/videos/1184531115897564  

ဒါ့အပြင် ဒီဗီဒီယိုဖိုင်ကိုပဲ Nurkamal 360 ဖေ့စဘုတ်အကောက်ကနေ ၂၀၂၄ ခုနှစ် ဧပြီလ ၂၈ ရက်နေ့မှာ “I have no words to express about this.” ဆိုတဲ့ စာသားနဲ့ တင်ထားတာကို တွေ့ရပါတယ်။ 

🔗 Nurkamal 360 အကောက်ကနေ တင်ထားတဲ့ ပို့စ်အပြည့်အစုံ – https://www.facebook.com/share/v/19GCxtyRGm/ 

ဒီဗီဒီယိုကိုပဲ Nurkamal 360 ရဲ့ YouTube အကောက်ကနေ ၂၀၂၄ ခုနှစ် ဧပြီလ ၂၈ ရက်နေ့မှာ တင်ထားတာကို တွေ့ရပါတယ်။​

🔗 Nurkamal 360 ရဲ့ YouTube အကောက်ကနေ တင်ထားတဲ့ ပို့စ်အပြည့်အစုံ  – https://www.youtube.com/watch?v=v00sj3KY3GE 

Ko chay အကောက်ကနေ တင်ထားတဲ့ ဗီဒီယိုဖိုင်ဟာ ၁၂ စက္ကန့်သာရှိပြီးတော့ ဗီဒီယိဖိုင်မှာ ပြောဆိုတဲ့စကားတွေကို Akyab Post ဖက်ကနေ စစ်ဆေး အတည်ပြုနိုင်ခဲ့ပါတယ်။​ ဗီဒီယိုထဲမှာ ဗမာဘာသာစကားနဲ့ ရိုဟင်ဂျာမွတ်ဆလင် ဘာသာစကားတွေကို ရောနှော ပြောဆိုထားပြီးတော့ ပြောဆိုနေကြတဲ့ အကြောင်းအရာထဲမှာ “ကျွန်မပြောတာမဟုတ်ပါဘူး ဘယ်သူတွေပြောတယ်ဆိုတာကို ကျွန်မပြောပြပါမယ်၊ ခြေထောက်ကိုင်ပြီးတော့ တောင်းပန်ပါမယ်” ပြောဆိုထားတာကို တွေ့ရပါတယ်” 

၂၀၂၄ ခုနှစ် ဧပြီလကနေ တင်ထားကြတဲ့ Nurkamal 360 ရဲ့ အကောက်မှာတင်ထားတဲ့ ဗီဒီယိုဖိုင်ရဲ့ ၁၄ စက္ကန့်ကနေ ၄၆ စက္ကန့်အထိ ပြောဆိုထားတဲ့ ဗီဒီယိုဖိုင်မှာ   

“ငွေပေးမယ်ဆိုပြီး ဆယ်ရက်၊ ဆယ့်တစ်ရက် ဖြစ်သွားပြီ၊ ငါတို့တွေကို အဖမ်းခံစေဖို့အတွက် စောင့်နေတာလား၊ ငါတို့ပွဲစားတွေက နာမည်ကြီးလူတွေကိုတောင် လက်ဝါးမှာယူပြီး လှည့်စေခိုင်းတာ၊ ငါကို နင့်ကို အမေလို အရမ်းချစ်တယ်နော်!” (တုတ်နဲ့ ရိုက်နက်နေတယ်)  

“အိုးသား၊ ငါကိုတုတ်နဲ့မရိုက်နဲ့၊ တခါတည်း သတ်ပစ်ပါအုံး!”  

“ငွေဘယ်နေ့ပေးလို့ရမလဲ ပြော!”  

 “ဒီနေ့ရမယ်၊ အိုးအဖေ၊ ငါမင်းခြေထောက်ကို ကိုင်နေတယ်!”  

 “ဒီအမျိုးသမီးကို တခါတည်း ဓားနဲ့ခုတ်ပစ်မယ်!” (ခြိမ်းခြောက်နေတယ်) 

ပြောဆိုထားကြတာကို စစ်ဆေးနိုင်ခဲ့ပါတယ်။​  

ဒီဗီဒီယိုဖိုင်ကိုတင်တဲ့ Nurkamal ကနေလည်း “လူတွေမှာလည်း အမျိုးမျိုးရှိတယ်၊ ဒီလောက် တိရစ္ဆာန်စိတ်ရှိတဲ့ကောင်မှာ သနားစိတ် လုံးဝမရှိဘူး။ လူကုန်ကူးပွဲစားတွေမှာ သနားတဲ့စိတ်ဆိုတာ လုံးဝပျောက်သွားတယ်။ကြည့်ပါအုံး၊ ငွေအတွက်ဆိုပြီး အမျိုးသမီးကို ခြေထောက်နှစ်ဖက်ကို သစ်သားကွင်းထဲသွင်းထားတယ်။ နောက်ထပ်ကလေးကို ခြေထောက်တစ်ဖက်သွင်းခိုင်းတယ်။ ငွေအတွက်ဆိုပြီး ရိုက်သတ်နေတာပါ။  လူကုန်ကူးပွဲစားတွေ မကောင်းတာတွေ အကုန်လုပ်နိုင်တယ်။ သနားစိတ်မရှိဘဲ ဘယ်လောက်ရိုက်နေတယ်။ တိရစ္ဆာန်လို လူကုန်ကူးပွဲစားမှ ရှောင်နိုင်အောင် ကြိုးစားပါ” လို့ ပြောဆိုထားတာကို တွေ့ရပါတယ်။ 

Ko Chay အကောက်ကနေ တင်ထားတဲ့ ဗီဒီယိုဖိုင်အပါအဝင် Nurkamal 360 နဲ့ Mohammed Younus 460 အကောက်တွေကနေ တင်ထားတဲ့ ဗီဒီယိုဖိုင်တွေအားလုံးကို Akyab Post ဖက်ကနေ စစ်ဆေးကြည့်တဲ့အခါမှာ အာရက္ခတပ်တော် အေအေဖက်ကနေ ရိုဟင်ဂျာအမျိုးသမီးကို ရိုက်နှက်တယ်ဆိုတဲ့ အကြောင်းအရာကို မတွေ့ရှိရပါဘူး။

ဒီအကြောင်းအရာကို အတည်ပြုနိုင်ဖို့ ရိုဟင်ဂျာအရေး တက်ကြွလှုပ်ရှားသူ လူငယ်တစ်ဦးကို Akyab Post ဖက်ကနေ ဆက်သွယ်မေးမြန်းကြည့်တဲ့အခါမှာလည်း “ လူကုန်ကူးတဲ့ အဖွဲ့ကနေ လုပ်တယ်လို့ ကျွန်တော်တို့ သိရပါတယ်၊ အေအေနဲ့လည်း မဆိုင်သလို စစ်ကောင်စီဖက်ကနေလည်း ဒီဟာကို လုပ်တာမဟုတ်ပါဘူး။ ရိုဟင်ဂျာလူငယ်တွေ အမျိုးသမီးတွေကို ပွဲစားတွေကနေ ပစ်မှတ်ထားပြီးတော့ လုပ်နေတာပါ။ လူကုန်ကူးတဲ့ အဖွဲ့ကနေ မြဝတီ မဲဆောက် ဘုရားသုံးဆူဖက်တွေမှာ  လုပ်တာဖြစ်ပါတယ်” လို့ သူက အတည်ပြုပါတယ်။ 

▪️သုံးသပ်ချက် 

ရရှိထားတဲ့ အချက်အလက်တွေ မှတ်ချက်တွေအပါအဝင် ဗီဒီယိုထဲမှာ ပြောဆိုထားကြတဲ့ အကြောင်းအရာတွေကို အတည်ပြုလိုက်တဲ့အခါမှာ အေအေအဖွဲ့ကနေ ရိုဟင်ဂျာအမျိုးသမီးတစ်ဦးကို ရိုက်နှက်နေဆိုပြီးတော့ Ko Chay အကောက်ကနေ ဗီဒီယိုဟောင်းကို သုံးပြီးတော့ အတည်ပြုနိုင်ခြင်းမရှိပဲ သတင်းတုသတင်းမှားဖြန့်ခဲ့တာကို တွေ့ရပါတယ်။

ရိုက်နှက်ခံရတဲ့ ရိုဟင်ဂျာအမျိုးသမီးဟာ လူကုန်ကူးတဲ့ အဖွဲ့ထံမှာ ဖမ်းဆီးခံရပြီးတော့ ရိုက်နှက်ခံရတာဖြစ်တယ်လို့ ဗီဒီယိုအဟောင်းတွေနဲ့ သတင်းရင်းမြစ်တွေအကုန်လုံးက တညီတညွတ်တည်းဆိုပါတယ်။ 

ယခင်ကလည်း လူကုန်ကူးတဲ့ အဖွဲ့တွေကနေ ရိုက်နှက်ထားတဲ့ ဗီဒီယိုဖိုင်တွေကို အာရက္ခတပ်တော် အေအေဖက်ကနေ ရိုက်နှက်တာဆိုပြီး သတင်းတုသတင်းမှားတွေ ဖြန့်ခဲ့တာရှိပါတယ်။ 

✅ Akyab Post ကနေ လူကုန်ကူးတဲ့အဖွဲ့တွေ ရိုက်နှိက်ထားတာကို စစ်ဆေးထားတဲ့ fact check အပြည့်အစုံ – https://www.facebook.com/theakyabpost/videos/1170239704415351 

လက်ရှိရခိုင်ဒေသတွင်းက နိုင်ငံရေးအခြေအနေများကြောင့် အာဆာထောက်ခံသူတွေနဲ့ စစ်ကောင်စီထောက်ခံသူတွေဟာ ပဋိပက္ခကိုတိုးစေအောင်  အကြောင်းအရာနဲ့ မသက်ဆိုင်တဲ့ ဗီဒီယိုတွေနဲ့  သတင်းတုသတင်းမှားတွေ ဖြန့်နေတာကြောင့် သတိထားဖို့လိုအပ်ပါတယ်။​

စစ်ကောင်စီဖက်ကနေ အာရက္ခတပ်တော်ထံ လက်လွှတ်လိုက်ရတဲ့ မြို့တွေမှာ လူမျိုးရေး ဘာသာရေးနဲ့ ပဋိပက္ခဖြစ်အောင် ဖြန့်နေတာတွေရှိလို့ ဆိုရှယ်မီဒီယာပေါ်မှာ ပျံ့နေတဲ့ ဗီဒီယိုတိုင်းကို မယုံကြည်မိဖို့နဲ့ စစ်ဆေးပြီးမှသာ ယုံကြည်ကြဖို့ တိုက်တွန်းလိုက်ပါတယ်၊၊

Myanmar Fact-checking Network စာဖတ်ပရိတ်သတ်များအနေနဲ့လဲ အွန်လိုင်းပေါ်က သတင်းအချက်အလက် အကြောင်းအရာတွေကို အလွယ်တကူမယုံကြည်ကြဖို့ လွတ်လပ်ပြီး အမှီခိုကင်းတဲ့ သတင်းမီဒီယာဌာနတွေရဲ့ သတင်းတွေကိုသာ ဝင်ရောက်ဖတ်ရှုဖို့ အကြံပြု တိုက်တွန်းလိုပါတယ်။

ဒါ့အပြင် နောက်ပိုင်းမှာ မီဒီယာ အယောင်ဆောင်လာကြတဲ့ ဝါဒဖြန့်ချိသူတွေကိုလည်း သတိထားဖို့ Social Influencer တွေရဲ့ ပြောစကားတွေကို မယုံကြည်ကြဖို့ ထပ်မံတိုက်တွန်းလိုပါတယ်။

ရခိုင်ဒေသနဲ့ ပတ်သက်တဲ့ သတင်းအမှား အကြောင်းအရာဟု သံသယရှိရင်လဲ Akyab Post (facebook page) နဲ့ Myanmar Fact-checking Network (facebook page) ရဲ့ မက်ဆေ့ဘောက်သို့ အချိန်မရွေး ပေးပို့မေးမြန်းနိုင်ပါတယ်။

Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

Web – https://myanmarfactcheckingnetwork.org/

Fb – https://www.facebook.com/myanmarfactcheckingnetwork

#MFCN #RedFlag #AkyabPost #FactCheck #Mis_Disinformation

Share:FacebookX

Follow @meksdemo

Instagram has returned empty data. Please authorize your Instagram account in the plugin settings .