ပုလောမြို့နယ်၊ ဇရပ်ဆိပ်ကျေးရွာကို ဇူလိုင်လ ၂၅ ရက်ညမှာ စစ်ကောင်စီတပ်က ဒရုန်းနဲ့ဗုံးချ၊ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေကြောင့် ရွာခံ အိမ်ရှင်တစ်ဦးနဲ့ ခရီးသွားပြည်သူ ကိုးဦးသေဆုံးပြီး ငါးဦးဒဏ်ရာရခဲ့ပါတယ် ။်။
အဲဒီဖြစ်စဥ်မှာ သေဆုံးသူတွေဟာ အရပ်သားတွေ မဟုတ်ဘဲ KNU (ကရင်အမျိုးသားအစည်းအရုံး) ၊ KTLA (ကော်သူးလေတပ်) နဲ့ PDF တွေဖြစ်တယ်လို့ စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေက ရေးသားဖြန့်ချိနေကြပါတယ်။
Myanmar Factchecking Network အဖွဲ့ဝင်ဖြစ်တဲ့ Dawei Watch က အချက်အလက် စိစစ်ကြည့်ရာမှာတော့ စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေရဲ့ အထက်ပါဖြန့်ချိမှုဟာ အရပ်သားသေဆုံးတာကို ဖုံးကွယ်ဖို့ ကြိုးပမ်းနေတာ အဖြစ် စိစစ်တွေ့ရပါတယ်။
Suscriber ပြုလုပ်ထားသူ သုံးသိန်းခွဲကျော်ရှိတဲ့ နေပြည်တော် အမည်နဲ့ဖွင့်လှစ်ထားတဲ့ တယ်လီဂရမ်ချန်နယ်က ဇူလိုင်လ ၂၅ ရက်မှာ ဇရပ်ဆိပ်ရွာကို စစ်ကောင်စီက ဗုံးကြဲလို့ KTLA တပ်ဖွဲ့ဝင် ကိုးဦးသေဆုံးကာ သုံးဦး ဒဏ်ရာရတယ်လို့ ဇူလိုင်လ ၂၆ ရက် နံနက်ပိုင်းကစပြီး ဖြန့်ချိဖော်ပြထားပါတယ်။
အဲဒီဖော်ပြချက်ဟာ မြင်တွေ့ပြီးသူ လေးထောင်ကျော်၊ Reaction ပြုလုပ်ထားသူ ၁၀၈ ဦးရှိတာကို ဒီလင့်ခ်မှာ ကြည့်နိုင်ပါတယ်။
Suscriber ပြုလုပ်ထားသူ နှစ်သိန်းခုနစ်သောင်းကျော်ရှိတဲ့ Truth Media အမည်နဲ့ ဖွင့်ထားတဲ့ ချန်နယ်ကလည်း အထက်ပါဖော်ပြချက်ကို ပြန်ကူးယူဖော်ပြထားတာကို ဒီလင့်ခ်မှာ ကြည့်နိုင်ပါတယ်။
နေပြည်တော်အမည်နဲ့ တယ်လီဂရမ်ချန်ကပဲ ဇရပ်ဆိပ်ရွာ ဖြစ်စဥ်က ဓာတ်ပုံတွေကို အသုံးပြုပြီး KNU နဲ့ PDF တွေ သေဆုံးတာဖြစ်တယ်လို့ ဇူလိုင်လ ၂၆ ရက် နေ့လယ်ပိုင်းမှာ ထပ်မံဖြန့်ချိခဲ့ပါတယ်။
အဲဒီဖော်ပြချက်မှာတော့ မြင်တွေ့ပြီးသူ တစ်သောင်းလေးထောင်ကျော်အထိ ရှိပြီး ဆက်လက်ပျံ့နှံ့ နေတာကို ဒီလင့်ခ်မှာ ကြည့်နိုင်ပါတယ်။
ဇရပ်ဆိပ်ရွာမှာ ဘာတွေဖြစ်ခဲ့လဲ
ပုလောမြို့နယ်၊ ဇရပ်ဆိပ်ရွာမှာ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ စစ်ကောင်စီတပ်က ခရီးသွားပြည်သူများ တည်းခိုနေတဲ့အိမ်ကို ဒရုန်းနဲ့ ဗုံးချတိုက်ခိုက်သလိုလက်နက်ကြီးနဲ့လည်း ပစ်ခတ်တာကြောင့် အိမ်ရှင်တစ်ဦးနဲ့ ခရီးသည် ကိုးဦးသေဆုံးပြီး ငါးဦး ဒဏ်ရာရတယ်လို့ ဒေသခံတချို့ရဲ့ ပြောပြချက်ကို ကိုးကားပြီး Dawei Watch က ဇူလိုင် ၂၆ ရက်မှာ သတင်းဖော်ပြ ထားပါတယ်။
ဇူလိုင်လ ၂၅ ရက် ည ၁၀ နာရီ ဝန်းကျင်မှာ ခရီးသွားတွေ တည်းခိုနေတဲ့ အိမ်ကို စစ်ကောင်စီက တိုက်ခိုက်ခဲ့တာဖြစ်ပြီး အိမ်ရှင် ဦးမြင့်သန်း အပါအဝင် ၁၀ ဦးသေဆုံးတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
မြိတ်ဘက်ကနေလာတဲ့ ခရီးသည်တွေ လိုက်ပါလာတဲ့ကားတစ်စီးဟာ လေကြောင်းဗုံးကြဲမှုနဲ့ တိုက်ပွဲဖြစ်နေတာကြောင့် ဆက်သွားလို့ မရတော့ဘဲ ဇရပ်ဆိပ်ရွာမှာ ဝင်ရောက်တည်းခိုနေကြတာဖြစ်တယ်လို့ ဇရပ်ဆိပ်ဒေသခံတွေက ပြောပါတယ်။ အထက်ဖော်ပြပါ အကြောင်းအရာတွေနဲ့ ပတ်သက်လို့ Dawei Watch က သတင်းဖော်ပြထားတာကို ဒီလင့်ခ်မှာ ကြည့်နိုင်ပါတယ်။
မြိတ်ခရိုင်အမှတ် ၁ တပ်ရင်းကလည်း ဇရပ်ဆိပ်ရွာဖြစ်စဉ်နဲ့ပတ်သက်လို့ သတင်းထုတ်ပြန်ထားပါတယ်။ စစ်ကောင်စီ တပ်က နေအိမ်ကို ပထမအကြိမ် ဒရုန်းနဲ့ ဗုံးချရာမှာ တစ်ဦးသေဆုံးပြီး နှစ်ဦး ဒဏ်ရာရတယ်လို့ ဖော်ပြပါတယ်။
ဒဏ်ရာရတဲ့ လူနာများကို ကယ်ဆယ်ရေး လုပ်ဆောင်နေစဉ် လက်နက်ကြီးနဲ့ ထပ်မံပစ်ခတ်ခံရတာကြောင့် အရပ်သားပြည်သူတွေ ထပ်မံထိခိုက်သေဆုံးတယ်လို့ ဆိုပါတယ်။ မြိတ်ခရိုင်အမှတ် ၁ တပ်ရင်းရဲ့ ထုတ်ပြန်ချက်ကို ဒီလင့်ခ်မှာ ကြည့်နိုင်ပါတယ်။
BBC burmese သတင်းဌာနကလည်း ပုလောမှာ စစ်ကောင်စီတပ်ရဲ့ ဒရုန်းနဲ့ လက်နက်ကြီးကျလို့ ပြည်သူဆယ်ဦးသေဆုံးတဲ့အကြောင်း သတင်းဖော်ပြထားတာကို ဒီလင့်ခ်မှာ ကြည့်နိုင်ပါတယ်။
DVB Tv news သတင်းဌာနကလည်း “စစ်တပ် ဒရုန်းဗုံးနဲ့ ပစ်ခတ်မှုကြောင့် ပုလောမှာ အရပ်သား ဆယ်ဦး သေဆုံး” သတင်းခေါင်းစဥ်နဲ့ ရုပ်သံသတင်းဖော်ပြထားတာကို ဒီလင့်ခ်မှာ ကြည့်နိုင်ပါတယ်။
နောက်ထပ် ဒေသတွင်းသတင်းဌာနတစ်ခုဖြစ်တဲ့ The Tanintharyi Times သတင်းဌာနကလည်း စစ်ကောင်စီတပ်ဟာ အပူချိန်အာရုံခံ ဒရုန်းအသုံးပြုပြီး နေအိမ်တစ်ဆောင်ကို ဦးတည်တိုက်ခိုက်ခဲ့တယ်လို့ မြိတ်ခရိုင်တပ်ရင်း ၁ ပြန်ကြားရေး တာဝန်ခံရဲ့ ပြောကြားချက်ကို ကိုးကားပြီး သတင်းဖော်ပြထားပါတယ်။
“ညကြည့်ဒရုန်းကင်မရာတွေနဲ့ အပူချိန်အာရုံခံပြီး လူတွေစုနေတာကိုသူတို့မြင်လို့ ဒရုန်းနဲ့ဗုံးသီးချတာပါ။ ဒရုန်းချခံရတော့ မီးတွေထဖွင့်ပြီး ကူညီနေတဲ့အချိန် လက်နက်ကြီးနဲ့ ထပ်ပစ်တာ။ ဒရုန်းထိတာနဲ့ လက်နက်ကြီးထိတာ နှစ်မိနစ်သုံးမိနစ်လောက်ပဲ ခြားတယ်” လို့ ပြန်ကြားရေးတာဝန်ခံ ကိုအာနိုးကပြောဆိုထားတာကို အဲဒီသတင်းမှာ ဖော်ပြထားပါတယ်။
The Tanintharyi Times ရဲ့ သတင်းဖော်ပြချက်ကို ဒီလင့်ခ်မှာ ကြည့်နိုင်ပါတယ်။
သေဆုံးသူတွေဟာ ခရီးသွားပြည်သူတွေ ဖြစ်တယ်
ဇရပ်ဆိပ်ရွာဖြစ်စဉ်မှာ သေဆုံးသူတွေဟာ တည်းခိုနေထိုင်ခဲ့တဲ့ နေအိမ်ရဲ့ အိမ်ရှင်တစ်ဦးနဲ့ မြိတ်မြို့ဒေသခံ ခရီးသည် ကိုးဦး ဖြစ်တယ်လို့ ဒေသခံတွေနဲ့ သေဆုံးသူတွေရဲ့ မိတ်ဆွေဆီကနေ သိရပါတယ်။
“သေတာက အိမ်ရှင်ကတစ်ယောက်၊ မြိတ်မြို့က ကိုးယောက်သေတယ်။ ပါစင်ဂျာ (ခရီးသည်တင်ကား) နဲ့ လာတဲ့လူရော၊ ကိုယ်ပိုင်ကားနဲ့ လာတဲ့သူတွေရောပါကြတယ်။ တိုက်ပွဲကြောင့် ခရီးဆက်မရလို့ ညအိပ်ကြတာ။ သေတဲ့ အလောင်း တွေကိုတော့ အဲဒီရွာကပဲ မြေမြှုပ်ပေးတယ်။ လမ်းခရီးက မြိတ်ကို အလောင်းတွေ ပြန်သယ်လို့လည်း မရတော့ဘူး။ အဲဒီ မတိုင်မီကတည်းက လမ်းပိတ်နေတယ်” ဟု ဇရပ်ဖြစ်စဥ်အတွင်း သေဆုံးခဲ့ရသူတစ်ဦးရဲ့ မိတ်ဆွေတစ်ဦးက ပြောပြပါတယ်။
ဒါ့အပြင် အဆိုပါဖြစ်စဥ်အတွင်း သေဆုံးသွားတဲ့ မြိတ်မြို့ခံတချို့ရဲ့ မိသားစုဝင်တွေက ဝမ်းနည်းကြောင်း မှတ်တမ်းကို လူမှုကွန်ရက်မှာ ဖော်ပြထားတာလည်းတွေ့ရပါတယ်။
ပုလောမြို့နယ်အတွင်း စစ်ရေးလှုပ်ရှားနေတဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင် တပ်ရင်း ၁ ပြန်ကြားရေး တာဝန်ခံဆီ ဆက်သွယ်အတည်ပြုမေးမြန်းရာမှာလည်း ဇူလိုင်လ ၂၆ ရက် ဖြစ်စဥ်အတွင်း PDF တွေနဲ့ မဟာမိတ်ပူးပေါင်း တပ်တွေဘက်က ထိခိုက်သေဆုံးတာ မရှိဘူးလို့ဖြေကြားပါတယ်။
စစ်ကောင်စီ ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်က ဖော်ပြထားတဲ့ ဓာတ်ပုံတွေကို စိစစ်ကြည့်ရာမှာလည်း ပြည်သူ့ကာကွယ်ရေး တပ်မတော် မြိတ်ခရိုင် အမှတ် ၁ တပ်ရင်းက သတင်းထုတ်ပြန်ထားတဲ့အထဲက ဓာတ်ပုံ တချို့ကို ကူးယူဖော်ပြထားတာကို စိစစ်တွေ့ရှိရပါတယ်။
ဒါ့အပြင် သေဆုံးနေသူတွေရဲ့ ဓာတ်ပုံနဲ့ ပတ်ဝန်းကျင်ကို ကြည့်မယ်ဆိုရင်လည်း တော်လှန်ရေးတပ်ဖွဲ့ဝတ်စုံ ဝတ်ဆင် ထားသူတွေ မပါဝင်သလို ပတ်ဝန်းကျင်မှာလည်း လက်နက် စတဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေရဲ့ အသုံးအဆောင်တွေ တွေ့ရှိရတာမျိုး မရှိပါဘူး။
စိစစ်တွေ့ရှိချက်
ဇရပ်ဆိပ်ရွာကို စစ်ကောင်စီတပ်ရဲ့ တိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးသူတွေဟာ တည်းခိုနေထိုင်ခွင့်ပြုတဲ့ နေအိမ်က အိမ်ရှင်ဖြစ်သူနဲ့ ခရီးသည်တွေ ဖြစ်တယ်ဆိုတာကို သတင်းမီဒီယာတွေရဲ့ ဖော်ပြချက်တွေ၊ ဒေသခံတွေ၊ သေဆုံးရာမှာ ပါဝင်သူတွေရဲ့ မိတ်ဆွေတွေ၊ ဒေသမှာ လှုပ်ရှားနေတဲ့ တော်လှန်ရေးတပ်ဖွဲ့ ထုတ်ပြန်ပြောဆိုချက်တွေအရ အတည်ပြုနိုင်ခဲ့ပါတယ်။
စစ်ကောင်စီရဲ့ တိုက်ခိုက်မှုကြောင့် ခရီသွား ပြည်သူ အစုအလိုက်အပြုံလိုက် သေဆုံးတဲ့ ဖြစ်ရပ်ကို ဖုံးကွယ်ဖို့အတွက် စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေက အချိန်ကိုက် ပုံဖော်သတင်းအမှား ဖြန့်ချိခဲ့တာအဖြစ် စိစစ်တွေ့ရှိရပါတယ်။
စာဖတ်သူတွေအနေနဲ့ သတင်းတု၊ သတင်းအမှားတွေ၊ စစ်ဆေးပေးစေလိုတဲ့ သံသယဖြစ်ဖွယ် သတင်းအချက်အလက်တွေ ရှိလာရင်ဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ် မဟုတ်အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ် Myanmar Fact Checking Network နဲ့ Myanmar Fact Checking Network အဖွဲ့ဝင်ဖြစ်တဲ့ Dawei Watch ရဲ့ မက်ဆင်ဂျာကနေတစ်ဆင့် ဆက်သွယ်ပြီး အချက်အလက်စစ်ဆေးပေးဖို့ အကူအညီတောင်းနိုင်ပါတယ်။