ပေါက်တောမြို့ကို အေအေကမီးရှို့နေဆိုကာ ပုံအမှားသုံးပြီး ဝါဒဖြန့်
Share:FacebookX

ပေါက်တောမြို့ကို အေအေကမီးရှို့နေဆိုကာ ပုံအမှားသုံးပြီး ဝါဒဖြန့်

၂၀၂၅ ခုနှစ် ဇူလိုင်လ ၂၉ ရက်နေ့
(FactCheck)
The Akyab Post/ ဟုတ်တယ် မဟုတ်ဘူး/ The Red Flag

 

အာရက္ခတပ်တော် အေအေသိမ်းပိုက်ထားတဲ့ ရခိုင်ပြည်နယ်က ပေါက်တောမြို့ကို အေအေဖက်ကနေ မီးရှို့ပြီးတော့ ပြစားဖို့လုပ်နေတယ်ဆိုပြီးတော့ ရေးသားဖြန့်ဝေထားကြတဲ့ အကြောင်းအရာဟာ ဝါဒဖြန့်ချန်နယ်တွေမှာ ပျံံ့နှံ့လျက်ရှိပါတယ်။ 

Facebook ဆိုရှယ်မီဒီယာမှာ followers 16K ရှိတဲ့ ARF Burmese page ကနေ ဇူလှိုင်လ ၂၄ ရက်နေ့မှာ “AA ခဲဝါအဖွဲ့က ပေါက်တောမြို့ကို မီးထပ်ရှို့ပြီး မီဒီယာမှာပြဖို့လုပ် AA ခဲဝါအဖွဲ့က သူတို့ရဲ့မိသားစုတွေကိုပေါက်တောမြို့ထဲ ဝင်ဖို့ခွင့်ပြုပြီး ဒေသခံနေအိမ်တွေထဲရှိတဲ့ ပစ္စည်းတွေကိုဝင်ခိုးခိုင်းကာ မီးလောင်မှုမရှိသေးတဲ့ အိမ်တွေကို မီးရှို့ဖျက်ဆီး၍ AA ခဲဝါမီဒီညာမှာ ဖော်ပြဖို့လုပ်ဆောင်နေပါတယ်။” (မူရင်းအရေးအသား) ဆိုပြီးတော့ ရေးသားဖြန့်ဝေထားပါတယ်။​

📌 ARF Burmese ရဲ့ မူရင်းပို့စ်အပြည့်အစုံကို ဝင်ရောက် ဖတ်ရှုရန်  – https://archive.ph/OmKh9 

ဒီပို့စ်ကို Akyab Post ကနေ နောက်ဆုံး  စစ်ဆေးထားတဲ့ ဇူလှိုင်လ ၂၈  ရက်နေ့အထိ reaction ပြုလုပ်သူ ၅၂ ဦး၊ comment ပေးသူ ၁၇ ဦးနဲ့ share ပြုလုပ်သူ ၁၆ ဦးထိရှိပြီးတော့ ဆက်လက်ပြီးတော့ ပျံ့နှံံ့လျက်ရှိပါတယ်။ 

ဒီပို့စ်ကို Myanmar Fact Checking Network အဖွဲ့ဝင်ဖြစ်တဲ့ Akyab Post ဖက်ကနေ စ်ဆေးခဲ့ကြည့်လိုက်တဲ့အခါမှာ ပေါက်တောမြို့မှာ ဖြစ်ခဲ့တဲ့ ပုံမဟုတ်ပဲ ရမ်းဗြဲမြို့ ရွေတုံးရပ်ကွက်မှာ လေကြောင်းတိုက်ခိုက်လို့ ပျက်စီးခဲ့တဲ့ နေအိမ်တွေကို ပုံအမှားသုံးပြီး ဝါဒဖြန့်ခဲ့တာကို တွေ့ရပါတယ်။​ 

▪️သတင်းစိစစ်ချက်

ARF Burmese page မှာ ပျံံ့နှံ့လို့ရှိတဲ့ ပို့စ်မှာပါရှိတဲ့ အကြောင်းအရာတွေကို သိရှိရဖို့ google advanced search tools နဲ့ google reverse search tools တွေကို  သုံးပြီးတော့ စစ်ဆေးခဲ့ပါတယ်။​

ARF Burmese  page ကနေ တင်ထားတဲ့ ပို့စ်မှာပါရှိတဲ့ ပုံတွေကို google reverse search tool နဲ့ ရှာကြည့်လိုက်တဲ့အခါမှာ နိုင်ငံတကာသတင်းဌာနတစ်ခုဖြစ်တဲ့ RFA ကနေ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၈ ရက်နေ့မှာ “ ရမ်းဗြဲမှာ အေအေနဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန်နေ” ဆိုတဲ့ သတင်းမှာ သုံးထားတဲ့ ဓာတ်ပုံဖြစ်နေတာကို တွေ့ရပါတယ်။ 

RFA ရဲ့ သတင်းဓာတ်ပုံမှာ “စစ်ကောင်စီတပ်၏ လေကြောင်းနှင့် လက်နက်ကြီး ပစ်ခတ်မှုကြောင့် နေအိမ်များ ပျက်စီးနေသည့် ရမ်းဗြဲမြို့အား ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၂၈ ရက်နေ့က တွေ့ရစဉ်”   ဆိုပြီးတော့ ရေးသားထားတာကို တွေ့ရပါတယ်။​

🔗 RFA Burmese ရဲ့ သတင်းအပြည့်အစုံကို ဖတ်ရှုရန် – https://www.rfa.org/burmese/news/military-council-and-aa-fighting-ramree-02082024000038.html 

ဒါ့အပြင် ဒီသတင်းဓာတ်ပုံကိုပဲ မြန်မာပြည်တွင်း သတင်းဌာနကြီးတစ်ခုဖြစ်တဲ့ Myanmar Now ကနေ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၂၄ ရက်နေ့မှာ “ ရမ်းဗြဲမြို့ကို လေတပ် ဗုံးကြဲဖျက်ဆီးနေလို့ အေအေပြော” ဆိုတဲ့ သတင်းမှာ  သုံးထားတာကိုလည်း တွေ့ရပါတယ်။​

Myanmar Now ​ရဲ့ သတင်းမှာ “ရမ်းဗြဲမြို့ ရွှေတုံးရပ် မီးလောင်ပြီးနောက် ဇန်နဝါရီ ၂၈ က တွေ့ရစဉ်။ (ဓာတ်ပုံ- ရမ္မာဝတီ၏ သဘာဝ အလှအပများ)” ဆိုပြီးတော့ ရေးသားထားတာကို တွေ့ရပါတယ်။ 

🔗 Myanmar Now ​ရဲ့  သတင်းအပြည့်အစုံကို ဖတ်ရှုရန် – https://myanmar-now.org/mm/news/49470/ 

Myanmar Now ​ရဲ့ သတင်းဓာတ်ပုံမှာ ကိုးကားထားတဲ့ “ရမ္မာဝတီ၏ သဘာဝ အလှအပများ” ဆိုတဲ့ keywords နဲ့ ရိုက်ရှာကြည့်တဲ့အခါမှာလည်း ၂၀၂၄ ဇန်နဝါရီလ ၂၈ ရက်နေ့မှာ “ရမ္မာဝတီ၏ သဘာဝ အလှအပများ” ဆိုတဲ့ page ကနေ “ရမ်းဗြဲမြို့ ရွှေတုံးရပ် လေယာဥ်ဖြင့် ဗုံးကြဲခံရမှုကြောင့် အပျက်အစီးများ” ဆိုပြီးတော့ ရေးသားထားတာကို တွေ့ရပါတယ်။​

🔗 “ရမ္မာဝတီ၏ သဘာဝ အလှအပများ” ရဲ့ ပို့စ်အပြည့်အစုံကို ဖတ်ရှုရန်  – https://www.facebook.com/share/p/19SEnxjGmA/ 

သတင်းမီဒီယာဌာနကြီးတွေရဲ့ ရေးသားဖော်ပြချက်တွေနဲ့ မူရင်းတင်တဲ့ အကောက်ကနေ တင်ထားတဲ့ ပုံတွေဟာ ပေါက်တောမြို့က ပုံမဟုတ်ပဲ ရမ်းဗြဲမြို့က ပုံသာဖြစ်နေတာကို တွေ့ရပါတယ်။ 

ရခိုင်ပြည်နယ် ပေါက်တောမြို့မှာ စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော်တို့ရဲ့ တိုက်ပွဲတွေကြောင့် မြို့ပျက်သလို ဖြစ်ခဲ့ရပြီးတော့ လက်ရှိအချိန်ထိ ဒေသခံတွေအနေနဲ့ မြို့ကို ဝင်ရောက်နေထိုင်ရခြင်းမရရှိသေးပါလို့ ဒေသခံတွေကနေ သိရပါတယ်။ 

ဒါ့အပြင် တိုက်ပွဲတွင်း ပေါက်တောမြို့အပျက်အစီးဖြစ်ခဲ့တာကို ရခိုင်ဒေသတွင်း သတင်းမီဒီယာဌာနတစ်ခုဖြစ်တဲ့ Development Media Group (DMG) ကနေ မတ်လ ၁၃ ရက်နေ့မှာ “စစ်မက်ကြားမှာ မြို့ပျက်ကြီးဖြစ်သွားသော ပေါက်တောမြို့ (ဓာတ်ပုံသတင်း)” ဆိုပြီးတော့ ရေးသားဖော်ပြထားပါတယ်။ 

 🔗 DMG ရဲ့ သတင်းအပြည့်အစုံ – https://www.facebook.com/share/p/16oVWobNzJ/ 

▪️ သုံးသပ်ချက်

ARF Burmese  page မှာ ပျံံ့နှံ့လျက်ရှိတဲ့ ပို့စ်ကို ဒေသတွင်းသတင်းဌာနတွေရဲ့ ရေးသားဖော်ပြချက်တွေ၊ ပြည်တွင်းသတင်းဌာနတွေရဲ့ ရေးသားဖော်ပြချက်တွေနဲ့ တိုက်ကြည့်တဲ့အခါ ဆိုရှယ်မီဒီယာမှာ ပျံံ့နှံ့နေသလိုမျိုး အေအေဖက်ကနေ ပေါက်တောမြို့ကို အေအေကမီးရှို့နေဆိုတာဟာ ရမ်းဗြဲမြို့က ပုံအဟောင်းကိုသုံးပြီးတော့ ဝါဒဖြန့်ခဲ့တာကို တွေ့ရပါတယ်။ 

ယခင်ကလည်း ဝါဒဖြန့်ချန်နယ်တွေကနေ ဖော်ပြထားတဲ့ ပို့စ်တွေဟာ စစ်ကောင်စီရဲ့ လူအခွင့်အရေးချိုးဖောက်မှုတွေနဲ့ စစ်ရာဇဝတ်မှုတွေကို ဖုံးကွယ်ရာမှာ အသုံးချဖို့အတွက် အေအေဖက်ကနေ ပြည်သူလူထုရဲ့ အိုးအိမ်နဲ့ ပိုင်ဆိုင်မှုတွေကို ဖျက်ဆီးပါတယ်ဆိုပြီးတော့​ ရေးသားဖြန့်ဝေခဲ့ကြပါတယ်။​

ARF Burmese  page ဟာလည်း ယခင်ကလည်း သတင်းတုသတင်းမှားတွေနဲ့ အမုန်းစကားတွေကို ဖြန့်ခဲ့တာကြောင့် Akyab Post ဖက်ကနေ သတင်းတုသတင်းမှားဖြစ်ကြောင်း စီစစ် စစ်ဆေးခဲ့ပါတယ်။ 

✅ Akyab Post ကနေ စစ်ဆေးထားတဲ့ Debunking factcheck – https://www.facebook.com/theakyabpost/videos/735302166023053/ 

လက်ရှိရခိုင်ဒေသတွင်းမှာ ဖုန်း၊ အင်တာနက်လိုင်းအခက်အခဲတွေကြောင့် သတင်းအချက်အလက်စီးဆင်းမှုမှာ နှေးကွေးလျက်ရှိပြီးတော့၊ ရရှိထားတဲ့ သတင်းအချက်အလက်တွေကိုလည်း သေချာစီစစ်ပြီးမှ လက်ခံကြဖို့ တိုက်တွန်းလိုပါတယ်။

စာဖတ်သူတွေအနေနဲ့သတင်းတု/သတင်းမှားဖြစ်တယ်လို့ သံသယရှိရင်ပဲဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ်၊ မဟုတ်အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ်၊ Fact Checking ပြုလုပ်ပေးတဲ့ သတင်းဌာန/အဖွဲ့အစည်း တွေရဲ့ Chat Box ကနေ သွားရောက်မေးမြန်းကြဖို့ တိုက်တွန်းလိုပါတယ်။

Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

Web – https://myanmarfactcheckingnetwork.org/

Fb – https://www.facebook.com/myanmarfactcheckingnetwork

#MFCN #RedFlag #AkyabPost  #LagonEain#FactCheck #Mis_Disinformation  #AA

Share:FacebookX

Follow @meksdemo

Instagram has returned empty data. Please authorize your Instagram account in the plugin settings .