၂၀၂၅ ခုနှစ်၊ ဇူလိုင်လ၊ ၂၄ ရက်။
Akyab Post, Lagon Eain,The Red Flag, MFCN
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်က ကျောက်ပြောက်ကျေးရွာကို AA ဖက်ကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် ပြည်သူနှစ်ဦးထိခိုက်မှုရှိပြီးတော့ အဆောက်အအုံတွေပါ ပျက်စီးမှုရှိတယ်ဆိုပြီး ရေးသားထားတဲ့ ပို့စ်တွေဟာ ဆိုရှယ်မီဒီယာတွေမှာ ပျံနှံနေလျက်ရှိပါတယ်။
Facebook ဆိုရှယ်မီဒီယာမှာ “ARF Burmese” ဆိုတဲ့ page ကနေ ဇူလှိုင်လ ၂၂ ရက်နေ့မှာ ကျောက်ဖြူမြို့နယ် ကျောက်ပြောက်ကျေးရွာကို အာရက္ခတပ်တော် အေအေဖက်ကနေ ဗုံးကြဲတိုက်ခိုက်လို့ သက်တော်(၉၃) နှစ်အရွယ် ဆရာတော်တစ်ပါးနဲ့ အသက် ၂၀ ကျော်အရွယ် လူငယ်တစ်ဦး ထိခိုက်ဒဏ်ရာရရှိသွားပြီး ကျောင်းဆောင် တစ်ခုလုံး လုံး၀ ပြိုပျက်သွားခဲ့တယ်လို့ ရေးသားထားပါတယ်။
ARF Burmese ကနေ မူရင်းရေးသားထားတဲ့ ပို့စ် အပြည့်အစုံ – https://archive.ph/HF05r
ဒီပို့စ်ကို Myanmar Fact Checking Network အဖွဲ့ဝင်ဖြစ်တဲ့ Akyab Post နဲ့ Lagon Eain ကနေ စစ်ဆေးတဲ့ ဇူလှိုင်လ ၂၄ ရက်နေ့အထိ reaction ပြုလုပ်သူ ၅၈ ဦးအထိရှိပြီးတော့ comment ၇ဦးနဲ့ Share ပြုလုပ်သူ ၁၇ ဦးအထိ ရှိကာ ဆက်လက်ပြီးတော့ ပျံံ့နှံ့လျက်ရှိပါတယ်။
ဒီပို့စ်ကို Myanmar Fact Checking Network အဖွဲ့ဝင်ဖြစ်တဲ့ Akyab Post နဲ့ Lagon Eain ဖက်ကနေ စစ်ဆေးခဲ့ကြည့်လိုက်တဲ့အခါမှာ ကျောက်ဖြူမြို့နယ်က ကျောက်ပြောက်ကျေးရွာကို လေကြောင်းနဲ့ တိုက်ခိုက်တာဟာ အာရက္ခတပ်တော်ဖက်ကနေ မဟုတ်ဘဲ စစ်ကောင်စီဖက်က ဖြစ်နေကာ ဖြနဖြန့်ဝေထားတဲ့ ပို့စ်ဟာ သတင်းမှားဖြစ်နေတာကို တွေ့ရပါတယ်။
သတင်းစိစစ်ချက်
ARF Burmese page မှာ ပျံံ့နှံ့လို့ရှိတဲ့ ပို့စ်မှာပါရှိတဲ့ အကြောင်းအရာတွေကို သိရှိရဖို့ google advanced search tools နဲ့ google reverse search tools တွေကို သုံးပြီးတော့ စစ်ဆေးခဲ့ပါတယ်။
ARF Burmese page ကနေ တင်ထားတဲ့ ပို့စ်မှာပါရှိတဲ့ ပုံတွေကို google reverse search tool နဲ့ ရှာကြည့်လိုက်တဲ့အခါမှာ ရခိုင်ဒေသအခြေပြု သတင်းဌာနတစ်ခုဖြစ်တဲ့ Development Media Group (DMG) ကနေ ဇူလှိုင်လ ၂၁ ရက်နေ့မှာ တင်ထားတဲ့ “ကျောက်ဖြူမှာ ဘုန်းကြီးကျောင်းဗုံးကြဲခံရ စစ်ဘေးရှောင် ဆရာတော်တစ်ပါး ထိခိုက်ဒဏ်ရာရ” ဆိုတဲ့ သတင်းက ဓာတ်ပုံတွေ ဖြစ်နေတာကို တွေ့ရပါတယ်။
DMG ရဲ့ သတင်းအပြည့်အစုံ – https://www.facebook.com/share/p/1CKFFEggsT/
DMG ရဲ့ ရေးသားဖော်ပြချက်တွေအရ “ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ ကျောက်ပြောက်ကျေးရွာ ဘုန်းကြီးကျောင်းကို စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် ဆရာတော်တစ်ပါး ဒဏ်ရာရရှိခဲ့ပြီး ဇူလိုင် ၂၂ ရက်၊ ည ၁၂ နာရီခန့်တွင် ဗုံးကြဲတိုက်ခိုက်ခံရခြင်းဖြစ်ပြီးတော့ ဘုန်းကြီးကျောင်းတွင် စစ်ဘေးရှောင်နေသော ဇိုင်ချောင်းကျေးရွာက ကျောင်းထိုင်ဆရာတော်မှာ ဒဏ်ရာရရှိခဲ့ခြင်းဖြစ်တယ်လို့ ရေးသားဖော်ပြထားပါတယ်။
ဒါ့အပြင် ဒီသတင်းကိုလည်း မြန်မာဒေသတွင်း သတင်းမီဒီယာဖြစ်တဲ့ Myanmar Now ကနေ ဇူလှိုင်လ ၂၂ ရက်နေ့မှာ “ကျောက်ဖြူမြို့နယ်တွင် AA နှင့် စစ်တပ်တို့ တိုက်ပွဲဖြစ်၊ လေကြောင်းနှင့် ရေကြောင်းမှပါ စစ်တပ်တိုက်ခိုက်” ဆိုတဲ့ သတင်းမှာ ရေးသားဖော်ပြပါတယ်။
Myanmar Now ရဲ့ ရေးသားဖော်ပြချက်တွေအရ “ဒဏ်ရာရရှိသွားသည့်ဆရာတော်မှာ ဇိုင်ချောင်းရွာမှ ကျောက်ပြောက်ရွာသို့ စစ်ဘေးရှောင်လာသည့် ဘုန်းတော်ကြီးတစ်ပါးဖြစ်သည်။ စစ်ကောင်စီလေတပ်က ဂျက်လေယာဥ်ဖြင့်ဗုံးကြဲချခဲ့ရာ ကျောင်းဝင်းအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး အအောက်အအုံတစ်ချို့လည်း ပျက်စီးသွားကြောင်းဒေသခံတစ်ဦးက ပြောသည်” လို့ ရေးသားဖော်ပြထားပါတယ်။
Myanmar Now ရဲ့ သတင်းအပြည့်အစုံကိုဖတ်ရှုရန် – https://myanmar-now.org/mm/news/65354/
အခြားရခိုင်ဒေသတွင်း သတင်းမီဒီယာတစ်ခုဖြစ်တဲ့ Border News Agency ကနေလည်း “ကျောက်ဖြူမြို့နယ်က ဘုန်းကြီးကျောင်းကို စစ်ကောင်စီဗုံးကြဲ” ဆိုပြီးတော့ ဇူလှိုင်လ ၂၃ ရက်နေ့မှာ ရေးသားဖော်ပြထားပါတယ်။
Border News Agency ရဲ့ သတင်းအပြည့်အစုံကိုဖတ်ရှုရန် – https://www.facebook.com/share/p/19QzNpN2cX/
သုံးသပ်ချက်
ARF Burmese page မှာ ပျံံ့နှံ့လျက်ရှိတဲ့ ပို့စ်ကို ဒေသတွင်းသတင်းဌာနတွေရဲ့ ရေးသားဖော်ပြချက်တွေ၊ ပြည်တွင်းသတင်းဌာနတွေရဲ့ ရေးသားဖော်ပြချက်တွေနဲ့ တိုက်ကြည့်တဲ့အခါ ဆိုရှယ်မီဒီယာမှာ ပျံံ့နှံ့နေသလိုမျိုး အေအေဖက်ကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် ပြည်သူနှစ်ဦးထိခိုက်မှုရှိပြီးတော့ အဆောက်အအုံတွေပါ ပျက်စီးမှုရှိတယ်ဆိုပြီး ရေးသားထားတဲ့ ပို့စ်တွေဟာ သတင်းမှားဖြစ်နေတာကိုတွေ့ရပါတယ်။
ကျောက်ဖြူမြို့နယ်မှာ ကျောက်ပြောက်ကျေးရွာမှာ လေကြောင်းနဲ့ တိုက်ခိုက်ခဲ့တာဟာ စစ်ကောင်စီသာဖြစ်ပြီးတော့ အာရက္ခတပ်တော်ကနေ ဗုံးကြဲလို့ ဒေသခံတွေ ထိခိုက်မှုရှိတယ်လို့ ရေးသားတာဟာ မှန်ကန်တိကျမှုမရှိဘဲ လုပ်ကြံရေးသားထားတဲ့ သတင်းမှားသာဖြစ်ပါတယ်။
ယခင်ကလည်း ဝါဒဖြန့်ချန်နယ်တွေကနေ ဖော်ပြထားတဲ့ ပို့စ်တွေဟာ စစ်ကောင်စီရဲ့ လူအခွင့်အရေးချိုးဖောက်မှုတွေနဲ့ စစ်ရာဇဝတ်မှုတွေကို ဖုံးကွယ်ရာမှာ အသုံးချဖို့အတွက် လေကြောင်းတိုက်ခိုက်ခံရမှုအတွင်း ပျက်စီးသွားတဲ့ နေအိမ်တွေကို အေအေနဲ့ ဆက်စပ်တယ်ဆိုတယ်ပြီးတော့ လိုသလို ပုံဖော်ပြီး ရေးသားလေ့ရှိကြပါတယ်။
လက်ရှိ စစ်ကောင်စီဟာ ရခိုင်ပြည်နယ်မှာ လေကြောင်းတိုက်ခိုက်မှုတွေကို ဆက်တိုက်ပြုလုပ်လျက်ရှိပြီးတော့ အရပ်သားပြည်သူတွေအပေါ်မှာ စစ်ရာဇဝတ်မှုနဲ့ လူအခွင့်အရေးချိုးဖောက်မှုတွေကို ကျုးလွန်လျက်ရှိပြီးတော့ ဒီကျုးလွန်မှုတွေကို စစ်ကောင်စီဝါဒဖြန့် မီဒီယာတွေပေါ်ကနေ ရည်ရွယ်ချက်ရှိရှိနဲ့ ဖုံးကွယ်ဖို့ ကြိုးစားလာတာကိုပါ တွေ့ရှိရပါတယ်။
ယခင်ကလည်း စစ်ကောင်စီချန်နယ်တွေကနေ လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ပြီးရင် ဝါဒဖြန့်တာတွေကိုလည်း Akyab Post ဖက်ကနေ စုံစမ်းဖော်ထုတ်ပြီး ရေးသားနိုင်ခဲ့ပါတယ်။
Akyab Post ဖက်မှ စစ်ဆေးထားသော သတင်းမှား- https://www.facebook.com/share/v/19C3KPdFUR/
လက်ရှိရခိုင်ဒေသတွင်းမှာ ဖုန်း၊ အင်တာနက်လိုင်းအခက်အခဲတွေကြောင့် သတင်းအချက်အလက်စီးဆင်းမှုမှာ နှေးကွေးလျက်ရှိပြီးတော့၊ ရရှိထားတဲ့ သတင်းအချက်အလက်တွေကိုလည်း သေချာစီစစ်ပြီးမှ လက်ခံကြဖို့ တိုက်တွန်းလိုပါတယ်။
စာဖတ်သူတွေအနေနဲ့သတင်းတု/သတင်းမှားဖြစ်တယ်လို့ သံသယရှိရင်ပဲဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ်၊ မဟုတ်အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ်၊ Fact Checking ပြုလုပ်ပေးတဲ့ သတင်းဌာန/အဖွဲ့အစည်း တွေရဲ့ Chat Box ကနေ သွားရောက်မေးမြန်းကြဖို့ တိုက်တွန်းလိုပါတယ်။
Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
Web – https://myanmarfactcheckingnetwork.org/
Fb – https://www.facebook.com/myanmarfactcheckingnetwork
#MFCN #RedFlag #AkyabPost #LagonEain#FactCheck #Mis_Disinformation #AA