22 June 2025/ MPA / FFM/ MFCN
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် အရှေ့ဘက်ခြမ်းရှိ ရွာများကို စစ်ကောင်စီက ဗုံးကြဲရှင်းလင်းရာ အရပ်ဝတ် ပကဖ၊ ပအဖ များ သေဆုံး ဆိုသည့် အကြောင်းအရာသည် စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များတွင် ပျံ့နှံ့ခဲ့သည်။
“နေပြည်တော်” တယ်လီဂရမ်ချန်နယ်က ဇူလိုင် ၁၈ ရက် နံနက် ၁၀ နာရီ ၅ မိနစ်တွင် စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် အရှေ့ဘက်ခြမ်းရှိ PDF ရွာ သုံးရွာကို လေကြောင်းကနေ ဗုံးကြဲရှင်းလင်းရာ အရပ်ဝတ် ပအဖ၊ ပကဖ သုံးဒါဇင်ကျော် သေဆုံးသွားကြောင်း ကို ဓာတ်ပုံနှင့်တကွ ဖြန့်ဝေခဲ့ရာ ဝင်ရောက်ကြည့်ရှုသူ ၆,၀၀၀ ကျော်၊ Reaction ပေးသူ ၄၀ ကျော် ရှိခဲ့သည်။
မူရင်းသတင်းအမှားလင့်ခ် >>> https://archive.ph/Bj5Qm
အဆိုပါ အကြောင်းအရာကို “Truth Media, Tha Din Ga Bar” တယ်လီဂရမ်ချန်နယ်များအပြင် အခြား စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များကပါ ကူးယူဖော်ပြခဲ့သဖြင့် ပျံ့နှံ့မှု များခဲ့သည်။
သတင်းအမှားလင့်ခ်များ >>>
Truth Media – https://archive.ph/qAKE4
Tha Din Ga Bar – https://archive.ph/ZB2aF
တယ်လီဂရမ်တွင် ပျံ့နှံ့နေသော အကြောင်းအရာနှင့် ပတ်သက်၍ Myanmar Fact-Checking Network ၏ အဖွဲ့ဝင်ဖြစ်သော MPA နှင့် ဖက်ဒရယ် FM တို့က အချက်အလက် စစ်ဆေးကြည့်ရာ သတင်းအမှားဖြစ်ကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်။
သတင်းအမှားဖြစ်ကြောင်း သက်သေပြစိစစ်ချက်
တယ်လီဂရမ်တွင် ပျံ့နှံ့နေသော ဓာတ်ပုံကို Google Lens တွင် ရှာဖွေကြည့်ရာ ခေတ်သစ် မီဒီယာတွင် ဖော်ပြထားသော ဓာတ်ပုံနှင့် ထပ်တူညီနေသည်။
ခေတ်သစ်တွင် စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်ရှိ ကျေးရွာ သုံးရွာကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့သောကြောင့် သေဆုံးသူ ၂၁ ဦး အထိ ရှိလာကြောင်း၊ ငါးပတ်ချောင်းကျေးရွာက ၁၂ ဦး၊ ရေလည်မော်ကျေးရွာက တစ်ဦး၊ ရှားကွဲကျေးရွာက ရှစ်ဦး စုစုပေါင်း ၂၁ ဦး ဖြစ်ကြောင်း ဖော်ပြထားသည်။
အပြည့်အစုံဖတ်ရန် >>> https://bitly.cx/z08cp
အကြောင်းအရာနှင့် ပတ်သက်၍ Google တွင် “ဝက်လက်နယ် ဗုံးကြဲခံရ” ဆိုသည့် စကားလုံးဖြင့် ရှာဖွေကြည့်ရာ “The Irrawaddy, DVB, မြေလတ်အသံ” တို့တွင် သတင်းရေးထားသည်ကို တွေ့ရသည်။
သတင်းမီဒီယာများတွင် စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ဧရာဝတီမြစ်ကမ်းဘေးရှိ ကျေးရွာများကို စစ်ကောင်စီက လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း၊ ရွာသုံးရွာကို Y 12 လေယာဉ်ဖြင့် ဗုံးအလုံးရေ ၃၀ ကျော် ကြဲချခဲ့ကြောင်း၊ တိုက်ခိုက်မှုကြောင့် ငါးပတ်ချောင်းရွာက ၁၂ ဦး၊ ရှားကွဲရွာက ရှစ်ဦး၊ ရေလည်မော်ကျေးရွာက တစ်ဦး သေဆုံးခဲ့ကြောင်း၊ သေဆုံးသူများထဲတွင် ပလဖ အဖွဲ့ဝင် တစ်ဦး ပါဝင်ပြီး ကျန်သေဆုံးသူများမှာ အရပ်သားများ ဖြစ်ကြောင်း ရေးသားထားသည်။
ဇူလိုင် ၁၈၊ ၂၀၂၅ တွင် “စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် ဧရာဝတီမြစ်ကမ်းဘေးကျေးရွာများကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား ၂၀ ကျော်သေဆုံးကြောင်း ဒေသခံများထံက သိရသည်” ဆိုပြီး The Irrawaddy Burmese Edition က သတင်းတင်ထားပါသည်။
သတင်းအပြည့်အစုံဖတ်ရန် >>> https://bitly.cx/B8v3
“စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် အရှေ့ဘက်ခြမ်းမှာရှိတဲ့ ကျေးရွာတွေကို စစ်ကောင်စီတပ်က ဇူလိုင် ၁၇ ရက် ညနေ ၅ နာရီခွဲဝန်းကျင်မှာ လေကြောင်းကနေ ဗုံးအများအပြားကြဲချခဲ့လို့ ပြည်သူ အယောက် ၂၀ ထက်မနည်း သေဆုံးခဲ့ပြီး အများအပြားဒဏ်ရာရရှိခဲ့ကြတယ်လို့ Wetlet Informational Network ဆီကနေ သိရပါတယ်” ဆိုပြီး DVB သတင်းဌာနက သတင်းတင်ထားပါသည်။
သတင်းအပြည့်အစုံဖတ်ရန် – https://bitly.cx/XkWA
ဧရာဝတီမြစ်ဘေး ဝက်လက်ကရွာတွေ လေယာဥ်နဲ့ဗုံးကြဲခံရလို့ ပလဖအဖွဲ့ဝင် ၁ ဦးအပါ လူ ၂၀ ကျော် သေဆုံး သတင်းခေါင်းစဉ်ဖြင့် မြေလတ်အသံ က သတင်းတင်ထားပါသည်။
သတင်းအပြည့်အစုံဖတ်ရန် – https://bitly.cx/so8md
သုံးသပ်ချက်
သတင်းမီဒီယာများတွင် စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်ရှိ ကျေးရွာ သုံးရွာကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၂၀ ကျော် သေဆုံးခဲ့ကြောင်း ရေးထားသည်ကို တွေ့ရသည်။
ထို့ကြောင့် တယ်လီဂရမ်တွင် ပျံ့နှံ့နေသော “ဝက်လက်မြို့နယ်ရှိ PDF ရွာများကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ပလဖ၊ ပအဖ သုံးဒါဇင်ကျော် သေဆုံး” ဆိုသည့် အကြောင်းအရာသည် မှားယွင်းတင်ဆက်သည့် သတင်းအမှားဖြစ်တြောင်းတွေ့ရှိရသည်။
စစ်ကောင်စီ လက်လွတ်ဆုံးရှုံးရသည့်နယ်မြေများတွင် လေကြောင်းတိုက်ခိုက်မှုပြီးတိုင်း အရပ်သားပြည်သူ သေဆုံးမှုများကို ကြိုးစားဖုံးကွယ်ဖို့အတွက် တော်လှန်ရေးတပ်ဖွဲ့ဝင်များ၊ တိုင်းရင်းသားလက်နက်ကိုင်တပ်များ၊ လက်နက်ကိုင်တော်လှန်ရေးလုပ်ဆောင်နေသူများ စသဖြင့်ပုံဖော်ဝါဒဖြန့်ချိမှုများလုပ်ဆောင်လျက်ရှိသည်။
ထိုအတွက် စာဖတ်သူအနေဖြင့် ယနေ့ခေတ် အင်တာနက်အခြေပြု ဆိုရှယ်မီဒီယာများတွင် သတင်းအတု၊ သတင်းအမှားများ ပျံ့နှံ့လျက်ရှိသောကြောင့် သတင်းအကြောင်းအရာတစ်ခုကို တွေ့၊ မြင်၊ ကြား၊ သိလျှင် အလွယ်တကူ လက်ခံ၊ ယုံကြည်၊ မျှဝေ ခြင်းများ အလျင်စလို မပြုလုပ်ရန် လိုအပ်ပါသည်။
ပျံ့နှံ့နေသောအကြောင်းအရာများအား သတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်း အဆင့်ဆင့် အတည်ပြုဖော်ပြ နေသော သတင်းမီဒီယာများတွင် ရှာဖွေဖတ်ရှု့သင့်ပါသည်။
Myanmar Fact-Checking Network အဖွဲ့ဝင်များ အချက်အလက် စစ်ဆေးထားသော သတင်းများကို အောက်ဖော်ပြပါ လင့်ခ်များမှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။
ဝက်ဘ်ဆိုဒ်လင့် – https://myanmarfactcheckingnetwork.org/
Facebook လင့် – https://www.facebook.com/myanmarfactcheckingnetwork