ကေအဲန်ယူ​က​ ကလေးစစ်သားအသုံးပြုနေကြောင်း စစ်ကောင်စီဝါဒဖြန့်သတင်းအပေါ်  စိစစ်ခြင်း
Share:FacebookX

ကေအဲန်ယူ​က​ ကလေးစစ်သားအသုံးပြုနေကြောင်း စစ်ကောင်စီဝါဒဖြန့်သတင်းအပေါ်  စိစစ်ခြင်း

 

ဇူလိုင်​ ၈​ ရက်၊ ၂၀၂၅​ ခုနှစ်။ 

KIC,​ Lagon Eain,​The​ Red​ Flag,​ MFCN

 

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးက ကလေးစစ်သားအသုံးပြုနေကြောင်း စစ်သားယူနီဖောင်းဝတ်ဆင်ပြီး သေနတ်လွယ်ထားသည့် ကလေးငယ်တစ်ဦး၏ပုံနှင့်တကွ စစ်ကောင်စီဝါဒဖြန့်မီဒီယာတစ်ခုမှ ရေးသားဖြန့်ချိနေသည်။

 

ဇူလိုင်လ​ ၂​ ရက်နေ့ရက်စွဲဖြင့် စစ်ကောင်စီ​အကြိုက်​လိုက်​ သတင်းနှင့်ပုံများ ရေးသားဖြန့်ဝေလျက်ရှိသော နာမည်ကြီးဝါဒဖြန့်တယ်လီဂရမ်ချန်နယ် “မှိုင်းဝေ”​ မှ​ “KNU​ ကကောင်တွေ​ ကလေးစစ်သားအသုံးပြုနေ” ဆိုသည့်​စာသားဖြင့် စစ်ဝတ်ဆုံဝတ်၊ သေနတ်လွယ်ထားသည့် ကလေးတစ်ဦးပုံဖြင့် ဖြန့်ဝေထားခြင်းဖြစ်သည်။

 

အဆိုပါပုံအား ကြည့်ရှုသူ ၄​ သောင်း​၃​ထောင်ကျော်၊ Reaction ပြုလုပ်သူ ၁၀၀​ နီးပါးရှိ၍ အခြား​ လှုမှုကွန်ရက် ဖေ့ဘွတ်ခ်သုံးစွဲသူအကောင့်တွင်လည်း အလားတူဖြန့်ဝေမှုမျိုး တွေ့ရသည်။

 

မှိုင်းဝေ​ – https://archive.ph/Vh1Qs 

U Soe​Lay – https://archive.ph/cA1F5​ 

 

၎င်းကို​ Myanmar​ Fact-Checking​ Network​ ၏အဖွဲ့ဝင်များဖြစ်သော ကရင်သတင်းဌာန-ကေအိုင်စီ​နှင့်​​ လဂွန်းအိမ် စာစဉ် တို့မှ အချက်အလက်စိစစ်ကြည့်ချက်အရ သက်သေမပြနိုင်သည့် ပုံ၊ အရေးအသားများဖြင့် ဖြန့်ချိမှုဖြစ်ကြောင်း စိစစ်တွေ့ရှိရသည်။

 

#စီစစ်တွေ့ရှိချက်

 

မှိုင်းဝေ​ တယ်လီဂရမ်က ဖော်ပြထားသည့် စစ်သားယူနီဖောင်းဖြင့် သေနတ်ကိုင် ကလေးငယ်၏ပုံအား Fact​ Checking​ Tools များဖြစ်သော Reverse​ Image​ Search​ မှတဆင့်​  Google​ Image​ Search,​ Yandex,​ Tineye​ တို့ဖြင့် စစ်ဆေးကြည့်ရာ Google​ Image​ Search​ ၏ ရလဒ်အရ အဆိုပါပုံကို​ ၂၀၂၃ ခုနှစ်​ ဧပြီလ​ ၇​ ရက်နေ့က​ Karen​ National​ Network​ ယူကျု့ချန်နယ်ရှိ ဗွီဒီယိုတစ်ခု၏ Thumbnail အဖြစ်​သုံးထားကြောင်း တွေ့ရသည်။ 

မူရင်း​လင့်ခ် –https://shorturl.at/lK2mE 

 

ထို့အတူ ၂၀၂၅​ ခုနှစ်​ ဇွန်လ​ ၂၆ ရက်နေ့က​လည်း​ Myint Win​ လူမှုကွန်ရက်-ဖေ့ဘွတ်ခ်သုံးစွဲသူက “ဘယ်နိုင်ငံက စစ်သားမှန်းတောင် မသိတော့ဘူး၊ ဟာသအမြင်နဲ့ကြည့်ပေးပါ” ဟု​ရေးသား၍ ထိုပုံကိုထပ်မံဖော်ပြခဲ့သည်။

Myint​ Win​ – https://shorturl.at/slHSU 

 

ဆက်လက်၍ MFCN၏ အချက်အလက်စစ်ဆေးသူများမှ Google Advanced Search ကိုအသုံးပြုပြီး “KNUကလေးစစ်သား” Keyword ဖြင့် ရှာဖွေကြည့်ခဲ့သည်။

 

သတင်းလုပ်ငန်းစဥ်အတိုင်းလုပ်ဆောင်နေသည့် မည်သည့်သတင်းမီဒီယာတွင်မဆို လက်ရှိအာဏာသိမ်းကာလ တိုက်ပွဲများအတွင်း KNU က ကလေးစစ်သားအသုံးပြုနေသည့် သတင်းဖော်ပြချက်မရှိပါ။

 

သို့သော် စစ်ကောင်စီက အသက်(၁၈)နှစ်မပြည့်သေးသည့် ကလေးငယ်များအား တပ်သားစုဆောင်းမှုပြုလုပ်နေသည့် သတင်းဖော်ပြချက်များကို တွေ့ရသည်။

မြို့တော်သတင်းဌာန၏ ဇူလိုင် ၂ ရက်က သတင်းတွင် စစ်ကောင်စီမှ ကလေးစစ်သားစုဆောင်းမှုများ ဆက်လက်ရှိနေသည်ဟု ဖော်ပြထားသည်။

မြို့တော် – https://shorturl.at/JEbWZ 

 

လက်ရှိဖြစ်ပွားနေသည့် ကရင်ပြည်နယ်ထဲကတိုက်ပွဲများအတွင်း စစ်ကောင်စီအသုံးပြုနေသည့် ကလေးစစ်သားတစ်ချို့ကိုလည်း တော်လှန်ရေးတပ်များဘက်က ဖမ်းဆီးရမိခဲ့ကြောင်း မေလ ၂၂ ရက်နေ့က ကေအိုင်စီသတင်းမှဖော်ပြခဲ့သည်။

KIC – https://shorturl.at/O3Jsu 

 

ပုံစံအမျိုးမျိုးဖြင့် ကလေးစစ်သားစုဆောင်းမှုများတွင် စစ်ကောင်စီက ကာယကံရှင်၏ မှတ်ပုံတင်ကို အသက်လိမ်ရိုက်ပြီး စစ်သားစုဆာင်းသည်အထိ ရှိနေကြောင်းလည်း Network Media Group သတင်းဌာနက ၂၀၂၄ ခုနှစ် ဒီဇင်ဘာလပိုင်းက သတင်းရေးသားခဲ့သည်။

NMG- https://shorturl.at/qDiQH 

 

ကုလသမဂ္ဂ၏၂၀၂၄ ခုနှစ်တစ်နှစ်တာလုံး မြန်မာနိုင်ငံဆိုင်ရာ အစီရင်ခံစာတွင်လည်း စစ်ကောင်စီက ကလေးစစ်သား စုဆောင်းမှုများပြုလုပ်နေသည်ဟု ဖော်ပြထားပြီး ၎င်းကို Myanmar Now သတင်းဌာနမှ ဇူလိုင်လ ၄ ရက်နေ့တွင် နောက်ဆက်တွဲသတင်းအဖြစ်ဖော်ပြသည်။

Myanmar Now – https://shorturl.at/AyFPb 

 

ထို့အတူ ကေအဲန်ယူအနေဖြင့်လည်း ကလေးများ ကာကွယ်စောင့်ရှောက်ရေးအတွက် လက်မှတ်ထိုး စာချုပ်ချုပ်ဆိုထားမှုအပေါ် စောင့်ထိန်းပြီး ကလေးစစ်သား လက်မခံကြောင်း အဖွဲ့အစည်း ပြောခွင့်ရ ပဒိုစောတောနီးက ပြောသည်။

 

၎င်းက “ကျနော်တို့ တင်းတင်းကြပ်ကြပ် လိုက်နာတာက ကလေးများကာကွယ်ရေးအတွက် လက်မှတ်ထိုးတာရှိတယ်။ အဲဒီကလေးအခွင့်အရေးနဲ့ဆန့်ကျင်တဲ့အပိုင်းမှာ တော်တော်သတိထားတယ်။ အထူးသဖြင့် စစ်သားတစ်ယောက် လုပ်မယ်ဆိုရင် အမျိုးသမီးဖြစ်ဖြစ် အမျိုးသားဖြစ်ဖြစ် အသက်(၁၈) နှစ် မပြည့်ရင် လက်မခံဘူး” ဟု ဇူလိုင်လ ၇ ရက်နေ့က ဆိုသည်။

 

#သုံးသပ်ချက်

 

စစ်ကောင်စီတယ်လီဂရမ်က ဖော်ပြလာသည့် ပုံကိုစိစစ်ချက်အရ ပုံတင်လာသည့် မူလအရင်းအမြစ်ကို အတည်ပြုရန်ခက်ခဲသည်။ သို့ရာတွင် ပုံပါကလေး၏ စစ်ဝတ်စုံယူနီဖောင်းကို စစ်ဆေးရာ ဝတ်စုံတွင် KNLA ဘက်တံဆိပ်မပါရှိသလို ဝါဒဖြ့န်သတင်းကရေးသားထားသည့်အတိုင်း KNU က စစ်သားဖြစ်ကြောင်း သက်သေပြနိုင်မည့် အချက်မပါဝင်ပါ။

 

အထက်ဖော်ပြပါ ယုံကြည်စိတ်ချရပြီးသတင်းလုပ်ငန်းအတိုင်း လုပ်ဆောင်နေသည့် သတင်းမီဒီယာများနှင့်တိုက်ဆိုင်စိစစ်ချက်တွင်လည်း KNU က ကလေးစစ်သားအသုံးပြုနေသည့် ဖော်ပြချက်မတွေ့ရပါ။

 

ထို့ကြောင့် စစ်ကောင်စီက လူမှုကွန်ရက်တွင်တွေ့ရှိရသည့် အတည်မပြုနိုင်သော ဓာတ်ပုံကိုကူးယူပြီး၊ သက်သေမပြနိုင်သော အရေးအသားဖြင့် မိမိလိုရာဆွဲယူ ရေးသားသည့် ဝါဒဖြန့်မှုသာ ဖြစ်ကြောင်း သုံးသပ်ရသည်။

 

စာဖတ်သူများအနေဖြင့်လည်း သတင်းတု/သတင်းမှား ဖြစ်ကြောင်း သံသယရှိသည်ဖြစ်စေ၊ မှန်ကန်သည့်သတင်း ဟုတ်၊ မဟုတ်အတည်ပြု မေးမြန်းလို၍ဖြစ်စေ၊ Fact Checking ပြုလုပ်ပေးသော သတင်းဌာန/အဖွဲ့ အစည်းများ၏ Chat Box မှ သွားရောက်မေးမြန်းကြရန် တိုက်တွန်းလိုသည်။

 

Myanmar Fact-checking Network-MFCN အဖွဲ့ဝင်များကို ဆက်သွယ်မေးမြန်း၍ စစ်ဆေးပေးရန်တောင်းခံနိုင်သလို  MFCN ၏ အောက်ပါလင့်ခ်များမှ နေ၍လည်း အချက်အလက်စစ်ဆေးရန် တောင်းဆိုနိုင်ပါသည်။

 

Web – https://myanmarfactcheckingnetwork.org/

Fb – https://www.facebook.com/myanmarfactcheckingnetwork

Share:FacebookX

Follow @meksdemo

Instagram has returned empty data. Please authorize your Instagram account in the plugin settings .