မြန်မာကမ်းရိုးတန်းနှင့် မြစ်၀ကျွန်းပေါ်အပါအ၀င် ထိုင်းတောင်ပိုင်းကမ်းရိုးတန်း တလျှောက် ဆူနာမီဖြစ်နိုင်ခြေ ရှိတယ်ဆိုပြီး သတင်းမှားဖြန့်
၄ရက်၊ ဇူလိုင်လ၊ ၂၀၂၅ခုနှစ်။
(Fact Check) DNA/ Akyab Post/ The Red Flag
ငလျင်တွေဆက်တိုက်လှုပ်ခတ်နေတာကြောင့် မြန်မာ့ကမ်းရိုးတန်းနှင့် မြစ်၀ကျွန်းပေါ်အပါအ၀င် ထိုင်းတောင်ပိုင်းကမ်းရိုးတန်း တစ်လျှောက်လုံးမှာ ဆူနာမီဖြစ်လာဖို့ ရှိတယ်ဆိုပြီးတော့ The Nation သတင်းက ပုံနဲ့အတူ ရေးသားထားတဲ့ ပို့စ်တွေဟာ ဆိုရှယ်မီဒီယာပေါ်မှာ ပျံ့နှံ့လျက်ရှိပါတယ်။
Facebook လူမှုစက်မျက်နှာမှာ “AI Info” ဆိုတဲ့ Page ကနေပြီးတော့ ဇွန်လ ၂၆ ရက်နေ့မှာ “ငလျင်အမွှာကြောင့် ဆက်စပ်ဖြစ်လာနိုင်တဲ့ ဘူမိအနေအထားဖြစ်စဥ်များပေါ် အထူးသတိပေးချက်” ဆိုပြီးတော့ ရေးသားထားတဲ့ ပို့စ်မှာ “ကပ္ပလီပင်လယ်ပြင်မှာ ဖြစ်ပေါ်ခဲ့တဲ့ ပြင်းအား အလယ်အလတ်ရှိတဲ့ ငလျင်တွေ အစုလိုက်အပြုံလိုက် ဆက်တိုက်လှုပ်ခတ်ခဲ့တာ ကြောင့် ရေအောက်မီးတောင်ပေါက်ကွဲမှု ဖြစ်လာနိုင်တာကြောင့် မြန်မာကမ်းရိုးတန်းနှင့် မြစ်၀ ကျွန်းပေါ် အပါအ၀င် ထိုင်းတောင်ပိုင်းကမ်းရိုးတန်းမှာ ဆူနာမီဖြစ်နိုင်ခြေရှိတယ်ဆိုပြီးတော့ ရေးသားဖြန့်ဝေထားပါတယ်။
AI Info ကနေ တင်ထားတဲ့ ပို့စ်အပြည့်အစုံ – https://archive.ph/shgwJ
ဒီပို့စ်ကို Myanmar Fact Checking Network အဖွဲ့ဝင်တွေဖြစ်ကြတဲ့ Akyab Post နဲ့ Delta News Agency တို့ စစ်ဆေးခဲ့ကြတဲ့ ဇူလှိုင်လ ၄ ရက်နေ့အထိ reaction ပေးသူ ၇.၉ K၊ comment ပေးသူ ၁၀၀ နဲ့ Share ပြုလုပ်သူ ၂ K ထိ ရှိတာကို တွေ့ရပါတယ်။
ဒါ့အပြင် ဒီအကြောင်းအရာနဲ့ ဆက်စပ်ပြီးတော့လည်း ငလျင်တွေ ဆက်တိုက်လှုပ်ခတ်နေလို့ ကပ္ပလီပင်လယ်ပြင်မှာ ရေအောက်မီးတောင်ပေါက်ကွဲနိုင်ဖို့ရှိတယ်ဆိုပြီးတော့ ရေးသားထားကြသလို ထိုင်းရှေ့ဖြစ်ဟော ဆရာမကနေလည်း ဆူနာမီဖြစ်လာနိုင်ခြေ ရှိတယ်ဆိုပြီး ရေးသားထားတဲ့ ပို့စ်တွေလည်း ဆက်လက်ပြီးတော့ ပျံ့နှံ့လျက်ရှိပါတယ်။
ဆူနာမီဖြစ်လာနိုင်တယ်လို့ ရေးသားဖြန့်ဝေထားကြတဲ့ ပို့စ်များ –
စစ်ဆေးတွေ့ရှိချက်
ငလျင်တွေ ဆက်တိုက်လှုပ်ခတ်နေတာကြောင့် မြန်မာကမ်းရိုးတန်းနှင့် မြစ်၀ကျွန်းပေါ်အပါအ၀င် ထိုင်းတောင်ပိုင်းကမ်းရိုးတန်း ဆူနာမီဖြစ်နိုင်ခြေ ရှိတယ်ဆိုပြီးတော့ ရေးသားဖြန့်ဝေနေကြတဲ့ ပို့စ်တွေကို Myanmar Fact Checking Network အဖွဲ့ဝင်တွေဖြစ်ကြတဲ့ Akyab Post နဲ့ Delta News Agency တို့ဖက်ကနေ Google Reverse Image Search Tools နဲ့ Google Advanced Tools တွေ အပါအဝင် ကျွမ်းကျင်ပညာရှင်တွေကို မေးမြန်းပြီးတော့ စစ်ဆေး အတည်ပြုခဲ့ပါတယ်။
AI Info ကနေ တင်ထားတဲ့ ပို့စ်မှာပါရှိတဲ့ ဓာတ်ပုံကို Google Reverse Image Search Tools သုံးပြီး စစ်ဆေးကြည့်လိုက်တဲ့အခါမှာ Nation Thailand သတင်းဌာနကနေ ဇွန်လ ၂၆ ရက်နေ့မှာ တင်ထားတဲ့ “Expert analyses tsunami risk after over 15 earthquakes in the Andaman Sea” ဆိုတဲ့ သတင်းမှာပါရှိတဲ့ ပုံဖြစ်နေတာကို တွေ့ရပါတယ်။
“ရေအောက်မီးတောင် ပေါက်ကွဲမှုဖြစ်ပေါ်နိုင်သလို၊ ထိုင်းနိုင်ငံရဲ့ အန်ဒမန်ကမ်းရိုးတန်းသို့ ဆူနာမီ လှိုင်းလုံးကြီးများ ဝင်ရောက်နိုင်ခြေ ရှိတယ်။ ဒါပေမယ့် ဘာရန်ကျွန်းမှာ ကြီးမားတဲ့ ငလျင်တခု လှုပ်ခတ်နိုင်ခြေရှိပေမယ့်လည်း (ဖြစ်နိုင်ခြေနည်းပါတယ်)၊ ဆူနာမီဖြစ်နိုင်လောက်တဲ့အထိ ရေပမဏအများကြီးကို လှုပ်ရှားစေတဲ့ အထက်အောက်ရွေ့လျားတာမျိုးအစား၊ ဘေးတိုက်ချော်ရွေ့တာ (horizontal slip motion) ကြောင့် ရေပမာဏကို လုံလုံလောက်လောက် မလှုပ်ရှားစေနိုင်တာမျိုးဖြစ်တဲ့အတွက် ဆူနာမီဖြစ်ပေါ်နိုင်ခြေက မဖြစ်သလောက်နည်းတယ်” လို့ အဲ့ဒီဆောင်းပါးမှာဖော်ပြထားတာကိုတွေ့ရပါတယ်။
ဆောင်းပါးလင့် – https://www.nationthailand.com/news/general/40051771
“ဆူနာမီမလာခင် ငလျင်လှုပ်ရပါမယ်။ အဲ့ဒီငလျင်က ပြင်းအား 7 M အထက်၊ အထက်အောက်ရွေ့လျားမှုနဲ့ လှုပ်တာဖြစ်ရပါမယ်၊ အခုခေတ်မှာ တိကျတဲ့ ဆူနာမီ warning တွေ ထုတ်ပြန်ပေးနေပါပြီ။”လို့ မိုးလေဝသနဲ့ ဇလဗေဒပညာရှင် ဦးဝင်းနိုင်က MFCNကိုပြောပါတယ်။
ဘေးတိုက်အနေအထားနဲ့ငလျင်လှုပ်တာက ဆူနာမီဖြစ်ပေါ်စေဖို့အတွက်သက်ရောက်မှုမရှိသလို၊ အက်ဒမန်ပင်လယ်မှာရှိနေတဲ့ မီးတောင် ပေါက်ကွဲ၊မကွဲကလည်း ကြိုတင်ခန့်မှန်းလို့ရတဲ့အရာမဟုတ်ဘူးလို့ သူကဆက်ပြောပါတယ်။
ဆူနာမီဖြစ်ပေါ်စေနိုင်တဲ့ ငလျင်အမျိုးအစားနဲ့ ပတ်သက်ပြီးတော့လည်း MFCNအဖွဲ့ကနေပြီးခဲ့တဲ့ ၂၈ရက်၊ မတ်လမှာလည်း သတင်းစိစစ်ရေးသားဖော်ပြခဲ့ပါသေးတယ်။
သတင်းဖတ်ရန် – https://www.facebook.com/share/v/16HPvjbDas/
သုံးသပ်ချက်
လက်ရှိ အက်ဒမန်ပင်လယ်မှာလှုပ်ခတ်တဲ့ ငလျင်တွေက ဘေးတိုက်ရွေ့လျားလှုပ်ခတ်နေကြတာကြောင့် ဆူနာမီဖြစ်ပေါ်စေတဲ့ ငလျင်အမျိုးအစားမဟုတ်တာကိုတွေ့ရှိရပါတယ်။
မီးတောင်ပေါက်ကွဲ၊မကွဲကို ကြိုတင်ခန့်မှန်းလို့ရတာမျိုးမဟုတ်တာကြောင့် ကပ္ပလီပင်လယ်ပြင်မှာရှိတဲ့ အလယ်အလတ်အရွယ်ရှိငလျင်တွေဆက်တိုက်လှုပ်ခတ်လို့ မီးတောင်ပေါက်ကွဲနိုင်တယ်ဆိုတဲ့ ပြောဆိုရေးသားချက်တွေက မှားယွင်းနေပြီး သတင်းမှားဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့ပါတယ်။
လက်ရှိမြေငလျှင်နဲ့ပတ်သက်ပြီး ချဲ့ကားပြောဆိုနေတဲ့သတင်းတွေရှိသလို သတင်းမှားတွေကိုစိုးရိမ်လွန်ကဲပြီး ထပ်ဆင့်ဖြန့်ဝေနေကြတာတွေရှိတာကြောင့် ဆိုရှယ်မီဒီယာပေါ်က သတင်းတွေကို အလွယ်တူမယုံကြဖို့ အသိပေးလိုပါတယ်။
စာဖတ်သူတွေအနေနဲ့ မြေငလျှင်နောက်ဆက်တွဲအခြေနေတွေကိုသိလိုတာဖြစ်ဖြစ်၊ သတင်းတု/သတင်းမှား ဖြစ်တယ်လို့ သံသယရှိရင်ပဲဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ်၊ မဟုတ်အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ်၊ Fact Checking ပြုလုပ်ပေးတဲ့ သတင်းဌာန/အဖွဲ့ အစည်းတွေရဲ့ Chat Box ကနေ သွားရောက်မေးမြန်းကြဖို့ တိုက်တွန်းလိုပါတယ်။
Myanmar Fact-checking Network အဖွဲ့ဝင်ဖြစ်တဲ့ DNA Fact Check အဖွဲ့နဲ့ The Akyab Post Fact Checkအဖွဲ့ကိုလည်း Facebook page တွေ ကနေဆက်သွယ်မေးမြန်းပြီး အချက်အလက်စစ်ဆေးပေးဖို့ တောင်းဆိုနိုင်ပါတယ်။
Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
Web – https://myanmarfactcheckingnetwork.org/
Fb – https://www.facebook.com/myanmarfactcheckingnetwork
#DNAFactCheck #DNA #AkyabpostFactCheck #MFCN #FactCheck #အချက်လက်စစ်ဆေးခြင်း