ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ ကညုံကျွန်းရွာကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်က တပ်ဖွဲ့ဝင်တစ်ဦးဟာ အဘွားတစ်ဦးကို အကြိမ်ကြိမ် အဓမ္မပြုကျင့်ခဲ့တယ်လို့ ကျူးလွန်ခံရသူ ကာယကံရှင်နဲ့ ထားဝယ်အမျိုးသမီးသမဂ္ဂတို့က ထုတ်ဖော်ပြောဆိုထားပါတယ်။
စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေကတော့ အဲဒီဖြစ်စဉ်ဟာ မမှန်ကန်ဘူး ငြင်းဆိုထားသလို ဒီဖြစ်စဉ်ဟာ လိမ်လည်ထားတာလို့လည်း စွပ်စွဲထားတာတွေ့ရပါတယ်။
Suscriber လုပ်ထားသူ သုံးသောင်းကျော်ကနေ တစ်သိန်းသုံးသောင်းကျော်အကြားရှိတဲ့ Ko Thet ၊ တပ်ကြပ်ကြီးဖိုးစီ၊ DGF21news အမည်နဲ့ တယ်လီဂရမ်ချန်သုံးခုက ဖြန့်ချိတာ ဖြစ်ပြီး ဖြန့်ချိထားတာတွေကို ကြည့်ရှူသူ နှစ်ထောင်ကျော်ကနေ နှစ်သောင်းကျော် မြင်တွေ့ပြီးဖြစ်ပါတယ်။ အဲဒီချန်နယ်တွေရဲ့ ဖြန့်ချိမှုကို Ko Thet ချန်နယ်၊ တပ်ကြပ်ကြီး ဖိုးစီ ချန်နယ်၊ DGF21news ချန်နယ် တွေမှာ ကြည့်နိုင်ပါတယ်။
စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေရဲ့ ဖော်ပြချက်တွေနဲ့ ပတ်သက်လို့ Myanmar Factchecking Network အဖွဲ့ဝင်ဖြစ်တဲ့ Dawei Watch က အချက်အလက်စိစစ်ကြည့်ရာမှာတော့ အဲဒီ ဝါဒဖြန့်ချန်နယ်တွေရဲ့ ဖြန့်ချိချက်ဟာ ခိုင်မာတဲ့ သက်သေ တစ်စုံတစ်ရာမပါဘဲ ငြင်းဆိုထားတာကို တွေ့ရပါတယ်။
ကညုံကျွန်းရွာက အဓမ္မပြုကျင့်မှု
စစ်ကောင်စီတပ်ဟာ လောင်းလုံးမြို့နယ်ထဲက ကျေးရွာတချို့ကို ဇွန်လ ၁၄ ရက်ကနေ ၂၄ ရက်အထိ စစ်ကြောင်း ထိုးခဲ့ပါတယ်။
အဲဒီစစ်ကြောင်းဟာ ဇွန်လ ၁၅ရက်မှာ လောင်းလုံးမြို့နယ်၊ ကညုံကျွန်းကျေးရွာကို ရောက်ရှိလာတာဖြစ်ပါတယ်။ နောက်တစ်ရက် ဇွန်လ ၁၆ရက်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေထဲက အသက် ၄၀ကျော်အရွယ် တပ်ဖွဲ့ဝင်တစ်ဦးဟာ ရွာသူ အဘွားရဲ့ နေအိမ်ကို ရောက်ရှိလာတယ်လို့ ကာယကံရှင် အဘွားဖြစ်သူက Dawei Watch ကို ပြောပါတယ်။
အဲဒီစစ်ကောင်စီတပ်ဖွဲ့ဝင်ရဲ့ နာမည်ကို ‘ဖိုးချေ’ လို ခေါ်သံကြားရတယ်လို့ ဆိုပါတယ်။
နေအိမ်မှာ အဘွားနဲ့ အဘိုးဖြစ်သူတို့ နှစ်ဦးတည်းရှိနေချိန်မှာ အိမ်အောက်ကို ဆင်ပြီး မှောက်နေဖို့ စစ်ကောင်စီတပ်ဖွဲ့ဝင်က အမိန့်ပေးစေခိုင်းခဲ့တယ်လို့ ပြောဆိုပါတယ်။ အဲဒီနေ့က ဘာမှ မလုပ်ဘဲ ပြန်သွားပေးမယ့် နောက်ရက်တွေမှာ ပြန်လည်လာရောက်ပြီး မုဒိမ်းကျင့်ခဲ့တာလို့ ကာယကံရှင် အဘွားက ပြောပါတယ်။
နှစ်ရက်နဲ့ တစ်ညတာ ကာလအတွင်း ငါးကြိမ်အထိ ကျူးလွန်ခဲ့ပြီး ခင်ပွန်းသည်ရှေ့မှာလည်း ကျူးလွန်ခဲ့တယ်လို့လည်း ဆိုပါတယ်။ လတ်တလောမှာတော့ လုံခြုံရေးအခြေအနေအရ ကာယကံရှင်အဘွားဟာ ကညုံကျွန်းရွာမှာ မနေတော့ဘဲ အခြားနေရာသို့ မိသားစုလိုက် ပြောင်းရွှေ့သွားပြီလို့ သိရပါတယ်။
အဲဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ ကာယကံရှင်နဲ့ ဆက်သွယ်မေးမြန်းပြီး Dawei Watch က ဇွန်လ ၂၆ရက်မှာ ဖော်ပြထားတဲ့ သတင်းကို အောက်ဖော်ပြပါလင့်ခ်မှာ ကြည့်နိုင်ပါတယ်။
လောင်းလုံးမြို့နယ်အခြေစိုက် အမျိုးသမီးအရေးလှုပ်ရှားနေတဲ့ နှင်းဆီရောင် အမျိုးသမီးများသမဂ္ဂကလည်း ကညုံကျွန်း ရွာက အဘွား အဓမ္မပြုကျင့်ခံရတဲ့ ဖြစ်စဥ်ကို သတင်းထုတ်ပြန်ထားတာရှိပါတယ်။ အခုလိုကျူးလွန်ခံရတာကြောင့် အဘွားဟာ ကြောက်လန့်ခြောက်ခြားနေပြီး ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအခြေအနေ ကျဆင်းနေတယ်လို့ ဖော်ပြပါတယ်။ နှင်းဆီရောင် အမျိုးသမီးသမဂ္ဂရဲ့ထုတ်ပြန်ချက်ကို အောက်ဖော်ပြပါလင့်ခ်မှာ ကြည့်နိုင်ပါတယ်။
အဓမ္မပြုကျင့်ခံရပြီးနောက် အဘွားဖြစ်သူ ကျန်းမာရေးအခြေအနေ ဆိုးရွားနေတဲ့အကြောင်း အခြားသတင်းဌာနတွေကလည်း ဖော်ပြထားတာ တွေ့ရပါတယ်။
“စစ်ကောင်စီတပ်က အသက် ၇၀ အရွယ်အမျိုးသမီးကြီး ၁ ဦးကို အကြိမ်ကြိမ် အဓမ္မပြုကျင့်” ဆိုတဲ့ သတင်းခေါင်းစဉ်နဲ့ DVB သတင်းဌာနရဲ့သတင်းဖော်ပြချက်ကို ဒီလင့်ခ်မှာ ကြည့်နိုင်ပါတယ်။
“စစ်ကောင်စီတပ်ဖွဲ့ဝင်၏ အဓမ္မပြုကျင့်ခံရသည့် လောင်းလုံးက သက်ကြီးပိုင်း အမျိုးသမီး စိတ်ကျန်းမာရေး အခြေအနေ ဆိုးရွားနေဟုဆို” ဆိုတဲ့ သတင်းခေါင်းစဉ်နဲ့ မဇ္စျိမ သတင်းဌာနရဲ့ သတင်းဖော်ပြချက်ကို ဒီလင့်ခ်မှာ ကြည့်နိုင်ပါတယ်။
စိစစ်တွေ့ရှိချက်
အထက်ဖော်ပြပါ ဖြစ်စဉ်နဲ့ပတ်သက်လို့ Dawei Watch က ကာယကံရှင်အဘွားဖြစ်သူထံ ဆက်သွယ်မေးမြန်း အတည်ပြုချက်၊ ဒေသတွင်း အမျိုးသမီးအရေးလှုပ်ရှားနေတဲ့ နှင်းဆီရောင်အမျိုးသမီးသမဂ္ဂရဲ့ ထုတ်ပြန်ပြောဆိုချက်၊ ဒေသခံတွေကို မေးမြန်းချက်တွေအရ အခုဖြစ်စဉ် ဖြစ်ပျက်ခဲ့တာ မှန်ကန်တယ်ဆိုကို စိစစ်နိုင်ခဲ့ပါတယ်။
စစ်ကောင်စီ ဝါဒဖြန့်ချန်နယ်ကတော့ အဘွားအရွယ်ကို စိတ်နဲ့တောင် မပြစ်မှားဘူးဆိုပြီး ခိုင်မာတဲ့သက်သေ၊ ခိုင်မာတဲ့ အချက်အလက် တစ်စုံတစ်ရာမပါဘဲ ငြင်းချက်ထုတ်ထားတာဖြစ်တယ်ဆိုတာကို တွေ့ရပါတယ်။ ဒါကြောင့် ဖြစ်စဉ်ကို ဖုံးကွယ်ဖို့ ကြိုးပမ်းတာအဖြစ် ကောက်ချက်ချနိုင်ပါတယ်။
စာဖတ်သူတွေအနေနဲ့ သတင်းတု၊ သတင်းအမှားတွေ၊ စစ်ဆေးပေးစေလိုတဲ့ သံသယဖြစ်ဖွယ် သတင်းအချက်အလက်တွေ ရှိလာရင်ဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ် မဟုတ်အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ် Myanmar Fact Checking Network နဲ့ Myanmar Fact Checking Network အဖွဲ့ဝင်ဖြစ်တဲ့ Dawei Watch ရဲ့ မက်ဆင်ဂျာကနေတစ်ဆင့် ဆက်သွယ်ပြီး အချက်အလက်စစ်ဆေးပေးဖို့ အကူအညီတောင်းနိုင်ပါတယ်။