ထိုင်းနိုင်ငံမှာ PDF ထောက်ပို့တဦးကို ထိုင်းနိုင်ငံသား တဦးက သေနတ်ဖြင့် ပစ်သတ်ခဲ့တယ် ဆိုတဲ့ ဖော်ပြချက်အပေါ်စိစစ်ချက်
Share:FacebookX

ထိုင်းနိုင်ငံမှာ PDF ထောက်ပို့တဦးကို ထိုင်းနိုင်ငံသား တဦးက သေနတ်ဖြင့် ပစ်သတ်ခဲ့တယ် ဆိုတဲ့ ဖော်ပြချက်အပေါ်စိစစ်ချက်

 

၂၀၂၅၊ ဇွန်လ ၂၈ ရက်။

(Fact Check) လဂွန်းအိမ်စာစဉ်/ The Red Flag/ MFCN

 

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ စမွတ်ပကန်ခရိုင် အနီးမှာ ဝိုင်းဖွဲ့ စားသောက်နေတဲ့ မြန်မာ နိုင်ငံသားများကို ထိုင်းနိုင်ငံသား တစ်ဦးက သေနတ်ဖြင့် ပစ်ခတ်ခဲ့တဲ့ ဖြစ်စဉ်တစ်ခု ဇွန်လ ၁၈ ရက်က ဖြစ်ပွားခဲ့ပါတယ်။

 

အဆိုပါဖြစ်စဉ်ကို စစ်ကောင်စီ လော်ဘီချန်နယ် တခုဖြစ်တဲ့ ‘မှိုင်းဝေ’ အမည်ရ တယ်လီဂရမ်ချန်နယ်က “ထိုင်းနိုင်ငံအတွင်း နေထိုင်ပြီး PDF အကြမ်းဖက် သမားတွေအတွက် ခွက်ခေါက်နေတဲ့ အကြမ်းဖက် PDF ထောက်ပို့ တစ်ကောင်ကို ထိုင်းနိုင်ငံသားက သေနတ်နှင့်ပစ်သတ်…” လို့ ရေးသားဖြန့်ချိ နေတာကို တွေ့ရပါတယ်။

 

Suscriber တစ်သိန်းခုနစ်သောင်းကျော်ရှိတဲ့ မှိုင်းဝေ တယ်လီဂရမ်ချန်ရဲ့ ဖော်ပြချက်ကို ဇွန်လ ၂၆ ရက် အထိ ကြည့်ရှူပြီးသူ သုံးသောင်းကျော်နဲ့ Reaction ပြုလုပ်ထားသူ ခုနစ်ရာကျော် ရှိပြီး ဆက်လက်ပျံ့နှံ့ နေပါတယ် ။

 

မှိုင်းဝေ အကောင့်က ဖြန့်ဝေထားတဲ့ ပိုစ့်ကို – http://archive.today/2QX24 ဒီမှာကြည့်ပါ။

 

အဆိုပါအကြောင်းအရာနဲ့ ပတ်သက်ပြီး Myanmar Fact Checking Network အဖွဲ့ဝင် လဂွန်းအိမ် က စိစစ်ကြည့်ရာ မူရင်း ဖြစ်စဥ်အပေါ် အဓိပ္ပါယ် ကွဲလွဲအောင် ပုံဖော်လုပ်ကြံ ရေးသားထားတဲ့ ဖော်ပြချက် ဖြစ်တာကို စိစစ်တွေ့ရှိရပါတယ်။ 

 

#သတင်းစီစစ်တွေ့ရှိချက်

 

 ထိုင်းနိုင်ငံသားတစ်ဦးက သေနတ်နဲ့ ပစ်လို့ မြန်မာနိုင်ငံသားတစ်ဦးသေ ၊ တစ်ဦး ဒဏ်ရာရ

 

ဇွန်လ ၁၈ ရက်နေ့ ည ၉ နာရီ ၄၆ မိနစ်က စမွတ်ပရကန်ခရိုင်၊ ဖရပဒဲန်းမြို့၊ ဖစ်ချ်လမ်းသွယ် (၂၂) တွင် အိမ်ရှေ့မှာ ဝိုင်းဖွဲ့ပြီး သောက်စားနေတဲ့ မြန်မာ အလုပ်သမားတွေကို ထိုင်းနိုင်ငံသား တဦးက သေနတ်နဲ့ ပစ်ခတ်ခဲ့တာကြောင့် အမျိုးသမီးတဦး သေဆုံးပြီး အမျိုးသား တဦး ဒဏ်ရာရခဲ့တဲ့ဖြစ်စဉ် ရှိခဲ့ပါတယ်။

 

ပစ်ခတ်ခဲ့သူ ထိုင်းအမျိုးသားဟာ အိမ်ရှေ့မှာ အရက် သောက်နေစဉ် တဖက်ရှိ မြန်မာအလုပ်သမားတွေ ဝိုင်းထိုင်တဲ့ နေရာက ဆူညံ ကျယ်လောင်တဲ့ ရန်ဖြစ်သံတွေ ကြားရတာကြောင့် အသံမကျယ်ဖို့ ပြောပြီး သေနတ်နဲ့ ပစ်ခတ် ချိန်းခြောက်ခဲ့ရာမှာ လူထိမှန်ကာ သေဆုံးခဲ့ရတာလို့ ထိုင်းသတင်းနဲ့ ဒေသတွင်း သတင်းဖော်ပြချက် တွေကို ကိုးကားပြီး DVB သတင်းဌာနက ဖော်ပြထားပါတယ်။

 

အလားတူ အခင်းဖြစ်ပွားချိန်မှာ မြန်မာနိုင်ငံသား ၇ ဦးဟာ အတူသောက်စား စကားများနေကြကြောင်း၊ စကားသံ ဆူညံနေတာကို စိတ်တိုပြီး အခန်းရှေ့ သွားရောက်အော်ဟစ်ခဲ့ကာ သေနတ်နဲ့ ပစ်ခတ်ခဲ့တာလို့ ပစ်ခတ်ခဲ့သူက ရဲတပ်ဖွဲ့ထံ ထွက်ဆိုထားကြောင်း ဖော်ပြထားတဲ့ ထိုင်းသတင်းတွေကို ကိုးကားပြီး Dawei Watch က ဖော်ပြထားပါတယ်။

 

DVB သတင်းလင့်ခ် – https://shorturl.at/nFVcG

Dawei Watch သတင်းလင့်ခ် – https://www.daweiwatch.com/20/06/2025/114032/ 

 

GMM25 ရဲ့ ဖော်ပြချက်အရ ပစ်ခတ်ခံရသူတွေဟာ ဆန်စပါး စိုက်ပျိုးရေး လုပ်သားတွေ ဖြစ်တယ်လို့ သိရပြီး ၎င်းတို့ရဲ့ အလုပ်သမား ခေါင်းဆောင် (ထိုင်းလူမျိုး) ရဲ့ ပြောကြားချက်အရ သူ့အလုပ်သမားတွေ ဝိုင်းဖွဲ့စားသောက် နေချိန်မှာ ပစ်ခတ်မှု ဖြစ်ပွားခဲ့တာလို့ ပြောပြထားပါတယ်။

(GMM25 သတင်းလင့် – https://shorturl.at/gM2So)

 

၎င်းဖြစ်စဉ်ကို ဖော်ပြထားတဲ့ ထိုင်းသတင်းဌာန တစ်ခုရဲ့ သတင်းလင့်ခ် – https://shorturl.at/qKggS

 

ထို့အပြင် ပစ်ခတ်မှု ဖြစ်ပွားခဲ့တဲ့ အနီးရှိ လုံခြုံရေးကင်မရာ (CCTV) မှတ်တမ်းကို ထိုင်းသတင်းဌာနက ဖော်ပြထားတဲ့ သတင်းလင့် – https://shorturl.at/xLwTz

 

ဖော်ပြပါ ဖြစ်စဉ်မှအပါ ယခု လပိုင်းအတွင်း ထိုင်းနိုင်ငံမှာ မြန်မာနိုင်ငံသားတဦး ပစ်သတ်ခံရတဲ့ ဖြစ်စဉ် မရှိခဲ့ပါဘူး။

 

#သုံးသပ်ချက်

 

မှိုင်းဝေချန်နယ်က ပစ်သတ်ခံရသူဟာ အမျိုးသားဖြစ်တယ်ဆိုပြီး ဖော်ပြထားသလို အိမ်ထဲအထိ ဝင်ပစ် သွားတယ်လို့လည်း ဖော်ပြထားပါတယ် ။

 

“ယခုအသတ်ခံရတဲ့ကောင်က PDF ထောက်ပို့လုပ်နေတာ…အရင်တုန်းကတော့ ဒီကောင်က ပလုံကောက်တာ..ခုတော့ ထောက်ပို့လုပ်ရင်း တော်တော် အဆင်ပြေသွားပြီး ပတ်ဝန်းကျင်ကို ဂရုမစိုက်ဘဲ အမြဲမူးရူး သောင်းကျန်းနေတာ… ကြာလာတော့ ဒေသခံ ထိုင်းလူမျိုးတွေက သည်းမခံနိုင်တော့ဘဲ သေနတ်နဲ့ အိမ်ထဲထိဝင်ပြီး ပစ်သတ်သွားတာ…” လို့ ဒေသခံ ရွေ့ပြောင်း အလုပ်သမား တစ်ဦးက သတင်းလာပေးကြောင်း မှိုင်းဝေ ချန်နယ် ကဖော်ပြထားတာပါ။

 

ထိုင်းသတင်းဌာနတွေ အပါအဝင် ​လွတ်လပ်တဲ့ သတင်းဌာနတွေရဲ့ ဖော်ပြချက်မှာတော့ ​ဖြစ်စဥ်အတွင်း ​အမျိုးသမီးတစ်ဦးသေဆုံးပြီး အမျိုးသားတစ်ဦး ဒဏ်ရာရတယ်လို့ အားလုံးက ဖော်ပြကြပါတယ်။

 

လုံခြုံရေး ကင်မရာ မှတ်တမ်းအရ အခင်းဖြစ်ပွားတဲ့ နေရာဟာ နေအိမ်ထဲမှာ မဟုတ်ဘဲ အခန်းအရှေ့က ထမင်းစားပွဲ ရှိတဲ့နေရာမှာ ဖြစ်ခဲ့တာကို တွေ့ရပါတယ်။

 

၎င်း အချက်တွေအရ ပစ်သတ်ခံရသူဟာ မှိုင်းဝေ တယ်လီဂရမ် ချန်နယ်က ရေးသလို အမျိုးသားတစ်ဦး မဟုတ်သလို အိမ်ထဲမှာ ပစ်သတ်ခံရတာလည်း မဟုတ်ပါဘူး။

 

ထို့အပြင် သေဆုံးခဲ့သူဟာ ဆန်စပါးစိုက်ပျိုးရေး လုပ်သားသာ ဖြစ်ကြောင်း အလုပ်သမား ခေါင်းဆောင် က ထိုင်းသတင်းဌာန GMM25 ကို အတည်ပြု ပြောကြားထားပါတယ်။

 

ထို့ကြောင့် ထိုင်းနိုင်ငံမှာ မြန်မာ ရွေ့ပြောင်းလုပ်သားတွေ ပစ်ခတ်ခံရပြီး အမျိုးသမီး တဦး သေဆုံးကာ အမျိုးသား တဦး ဒဏ်ရာရခဲ့တဲ့ ဖြစ်စဉ်အမှန်အပေါ် PDF ထောက်ပို့ တဦးအား ထိုင်းနိုင်ငံသား တဦးက ပစ်သတ်ခဲ့တယ် လို့ လိုရာဆွဲရေးထားတဲ့ ဝါဒဖြန့် သတင်းအမှား တစ်ခုသာ ဖြစ်ပါတယ်။

 

ပြီးခဲ့တဲ့ သင်္ကြန်ကာလ ကလည်း ထိုင်းနိုင်ငံမှာ မြန်မာအချင်းချင်း ဓားထိုးမှု ဖြစ်ခဲ့တဲ့ ဖြစ်စဉ်ကို မှိုင်းဝေ တယ်လီဂရမ် ချန်နယ်ကနေ တော်လှန်ရေး တံဆိပ်ကပ် ဝါဒဖြန့်ခဲ့ဖူးပြီး MFCN အဖွဲ့ဝင် Dawei Watch က စိစစ်ပေးခဲ့ဖူးပါတယ်။ 

ဒီနေရာမှာ ကြည့်ပါ – https://shorturl.at/kEU1S 

 

စာဖတ်သူတွေအနေနဲ့ သတင်းတု/သတင်းမှား ဖြစ်တယ်လို့ သံသယရှိရင် ပဲဖြစ်ဖြစ်၊ မှန်ကန်တဲ့ သတင်း ဟုတ်/မဟုတ် အတည်ပြု မေးမြန်းလိုရင် ပဲဖြစ်ဖြစ်၊ Fact-checking ပြုလုပ်ပေးတဲ့ သတင်းဌာန/အဖွဲ့ အစည်းတွေရဲ့ Chat Box ကနေ သွားရောက်မေးမြန်းကြဖို့ တိုက်တွန်းလိုပါတယ်။

 

Myanmar Fact-checking Network အဖွဲ့ဝင်ဖြစ်တဲ့ လဂွန်းအိမ်စာစဉ် Fact Check Team ကိုလည်း Facebook page ကနေ ဆက်သွယ်ပြီး စစ်ဆေးပေးဖို့ တောင်းဆိုနိုင်ပါတယ်။

 

Myanmar Fact Checking Network အဖွဲ့ဝင်တွေရဲ့ အချက်အလက် စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

 

Web – https://myanmarfactcheckingnetwork.org/

Fb – https://www.facebook.com/myanmarfactcheckingnetwork

 

Share:FacebookX

Follow @meksdemo

Instagram has returned empty data. Please authorize your Instagram account in the plugin settings .