​​ကျောက်တော်ဖြစ်စဉ်အား တူးဆွပြီး လူမျိုးရေး ဘာသာရေး ပဋိပက္ခဖြစ်အောင် စစ်ကောင်စီချန်နယ်များ ဝါဒဖြန့်
Share:FacebookX

​​ကျောက်တော်ဖြစ်စဉ်အား တူးဆွပြီး လူမျိုးရေး ဘာသာရေး ပဋိပက္ခဖြစ်အောင် စစ်ကောင်စီချန်နယ်များ ဝါဒဖြန့်

Akyab Post/ MFCN

Jun 26 2025

Article  

ရခိုင်ပြည်နယ်တွင်  စစ်ကောင်စီနှင့် အာရက္ခတပ်တော် (AA) တို့ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်နေ့ တကျော့ပြန်စတင်ခဲ့ရာ ၂၀၂၅ ဇွန်လဆိုလျှင်  ၁နှစ်နှင့် ၇လ တင်းတင်းပြည့်လာပြီ ဖြစ်သည်။

အဆိုပါကာလအတွင်း အာရက္ခတပ်တော်(AA) က ချင်းပြည်နယ်၊ ပလက်ဝမြို့အပါအဝင် ရခိုင်ပြည်နယ်ရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် မြို့ပေါင်း ၁၄ မြို့ကို သိမ်းပိုက် ထိန်းချုပ်ထားနိုင်သည်။

လက်ရှိတွင်လည်း ရခိုင်ဒေသတွင်း လက်ကျန်မြို့သုံးမြို့ဖြစ်သည့် မြို့တော်စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင်မြို့တို့အနက် AA နှင့်အတူ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များက မာန်အောင်မြို့ကလွဲ၍ ကျန်မြို့နှစ်မြို့ကို တိုက်ပွဲဖော်ဆောင်လျက်ရှိသည်။ ထို့အပြင် AA အနေဖြင့်လည်း ၎င်းတို့နှင့်အတူ ရခိုင်ရိုးမအရှေ့ဘက်ခြမ်းသို့ ခြေဆန့်ကာ စစ်မျက်နှာပြင် ဖွင့်ပြီး ထိုးစစ်ဆင်လျက်ရှိသည်။

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်အပါအဝင် ရခိုင်ပြည်နယ်ကမြို့အများစုကို စစ်ရေးရှံးနိမ့်မှုကြောင့် လက်လွှတ်ခဲ့ရသည့် စစ်ကောင်စီသည် စစ်ရေးရှုံးနှိမ့်နေသည့်တိုင် စစ်တပ်ထောက်ခံသည့် ဝါဒဖြန့်လော်ဘီများကနေ AA တပ်ဖွဲ့ဝင်များကိုမုန်းတီးရေး၊ လက်လွှတ်ခဲ့ရသော ဒေသများနှင့် မြန်မာနိုင်ငံဒေသတိုင်းကို ရောက်ရှိနေသော ရခိုင်လူမျိုးများကို ပစ်မှတ်ထားပြီး လူမျိုးရေးပဋိပက္ခဖြစ်အောင် ဝါဒဖြန့်ပြီး လှုံ့ဆော်လျက်ရှိသည်။

Kyaw Swar၊ Nay Zin Latt၊ Thazin Oo၊ မှိုင်းဝေ၊  Ko Thet၊  Min Chit Oo၊ May Yu Htar Nay၊ Western 24 News၊ People Media စသည့် စစ်ကောင်စီဝါဒဖြန့်ချန်နယ်အများစုသည်  တယ်လီဂရမ်ဆိုရှယ်မီဒီယာပေါ်မှနေကာ တစ်ခုနဲ့တစ်ခုချိတ်ဆက်ပြီး လူမျိုးရေး၊ ဘာသာရေးပဋိပက္ခများဖြစ်လာအောင်နှင့်  သတင်းတုသတင်းမှားများကို ဖြန့်လျက် ရှိသည်။

ထိုကဲ့သို့ သွေးထိုးလှုံ့ဆော်နေသည့် စစ်ကောင်စီဝါဒဖြန့် ချန်နယ်များမှနေ ပြီးခဲ့သည့်နှစ် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၇ ရက်နေ့က ကျောက်တော် ကမ်းထိုးရေယာဥ် ၃စီးတွင် စစ်ကောင်စီ တပ်ဖွဲ့ဝင်များနှင့် ရဲတပ်ဖွဲ့ဝင်များ၏ အမျိုးသမီး၊ ကလေးသူငယ်များပါသည့် လူပေါင်း ၉၀၀ ကျော်ကို အေအေဖက်မှနေ အစုအပြုံလိုက် တိုက်ခိုက်ပြီး သတ်ဖြတ်ပြီးသည်ဟုဆိုကာ  Thazin Oo ချန်နယ်ကနေ ရေးသားပြီး ဖြန့်ဝေခဲ့သည်။

📌 Thazin Oo ချန်နယ်ကနေ ဖြန့်ခဲ့တဲ့ ပို့စ်များကို အောက်က link များတွင် ဝင်ရောက်ကြည့်ရှုနိုင်သည်။ 

https://archive.ph/jcbEw 

https://archive.ph/rDqRe 

“သူတို့တွေ ပိတ်မိနေတာ (၂၇)ရက်ရှိပြီ။ စစ်ကူ ပစ်ကူနဲ့ ကယ်ထုတ်နေရတဲ့ အခြေနေတစ်ရပ်ကို သူပုန်ဝမ်းသာအောင် လိုင်းပေါ်တင်မပြချင်ဘူး။ ဒဏ်ရာရစစ်သည်တွေ၊ တပ်ထဲမှာနေတဲ့ မှီခိုသူရဲမေ၊သားသမီးတွေ၊ စစ်ဘေးရှောင် တွေကို ကမ်းထိုးရေယာဥ်တွေနဲ့ ခေါ်ထုတ်လာခဲ့ရတယ်။ ကျောက်တော်ကနေ စစ်တွေအထိ ကုလားတန်မြစ် ကမ်းဘေးတစ်လျှောက်ရွာတွေကနေ အင်အားအလုံးရင်းနဲ့ AAဘက်က ဒရုန်းတွေ၊ ရှော့တိုက်ဒုံးတွေ၊ RPG၊စက်လက်၊ စနိုက်ပါ တွေနဲ့ တိုက်တယ်။ AA ကပဲ သတ်တာပါ၊ ရခိုင်တွေမပါဘူး ဆိုတာ သေချာလား။ ဘေးက လူတွေ ဝင်မဖြေနဲ့။ ကျောက်တော်၊ အပေါက်ဝ၊ ကျောက်ဖြူ၊ လမုတပင်၊ ဒုက္ကံချောင်း၊ ဂုပ္ပီဒေါင့်၊ နေပူခံ၊ လက်မဆိပ်၊ တောင်ဖူး ရွာသားတွေ ဖြေကြစမ်းပါ” ဟုဆိုကာ Thazin Oo တယ်လီဂရန်ချန်နယ်မှာ ရေးသားခဲ့သည်။

Thazin Oo ချန်နယ်ကို Join ထားသူစုစုပေါင်း ၁၃၀,၈၄၃ ဦးရှိပြီ အဆိုပါဝါဒဖြန့်ပိုစ့်ကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၁ ရက်တွင်လည်း https://archive.ph/G5lhO ထပ်မံဝါဒဖြန့်ထားကာ ယင်းပိုစ့်ကို လည်း react လုပ်ထားသူ ၇၃၀ ကျော်ရှိပြီး မှတ်ချက်ရေးသားထားသူများမှာ “ဗမာတွေမစည်းလုံးရင် ဗမာမျိူးချစ်တို့ အနိုင်ကျင့်စော်ကားခံရတယ်”၊”ဒီတခါ ရခိုင်မှာမုန်တိုင်းတိုက်လို ရခိုင်တွေသေသေ ဘင်္ဂလီကုလားတွေ သတ်လို့ရခိုင်တွေ သေကုန်ကြရင် ထိုင်ကြည့်နေကြဖို့”၊ မြို့ပေါ်ကရခိုင်တွေကို ပြန်လုပ်သင့်ပြီ” စသဖြင့် မှတ်ချက်ပေါင်း ၂၉ ခုမှာ လူမျိုးရေးပဋိပက္ခအသွင်ဆောင်၍ခြိမ်းခြောက်သဖွယ်ရေးသားထားကြသည်။

အခြား စစ်ကောင်စီ ဝါဒဖြန့်ချန်နယ်တွေကနေလည်း ကျောက်တော်ဖြစ်စဉ်မှာ အေအေဖက်ကနေ စစ်ကောင်စီမိသားစုဝင်တွေကို အစုလိုက်အပြုံလိုက်သတ်ဖြတ်တာကြောင့် လူပေါင်း ၆၀၀၊၇၀၀ ကျော်အထိ သေဆုံးခဲ့တယ်လို့ အသီးသီးဖြန့်ဝေခဲ့ကြပါတယ်။  

၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၈ ရက်နေ့မှာ မှိုင်းဝေ ချန်နယ်ကနေ  “ကျောက်တော်သင်္ဘောဖြစ်စဉ် ၁၀ လပြည့်ပြီ။အခွင့်အခါသင့်ချိန်မှာ သွေးကြွေးဆပ်ဖို့အမြဲတင်နေမှာပါ။ ဘယ်အချိန်မှာပဲဖြစ်ဖြစ် ဒီဖြစ်စဉ်ကို မေ့မထားဘူး” ဟုဆိုတဲ့ ပို့စ်ကို ဖြန့်ဝေခဲ့သည်။

📌 မှိုင်းဝေချန်နယ် ပို့စ်အပြည့်အစုံ – https://archive.ph/Kv3of 

ချန်နယ်ကို Join ထားသူပေါင်း ၁၇၈,၅၀၈ ရှိသည့် မှိုင်းဝေတယ်လီဂရမ်ချန်နယ်မှာ ထိုပို့စ်ကို ဝင်ရောက်ကြည့်ရှုသူပေါင်း ၈၁၃,၀၀ ကျော်ထိရှိပြီးတော့ react ပေါင်း ၂,၁၀၀ ကျော်ရှိထိပြီးတော့ အခြားစစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေကနေလည်း ဒီပို့စ်ကို ထပ်ဆင့် ဖြန့်ဝေခဲ့ကြပါတယ်။

ဒါ့အပြင် ၂၀၂၅ ဖေဖော်ဝါရီလ ၁၂ ရက် နေ့ကလည်း အကောင့် Join ထားသူ ၁၉၅,၂၈၉ ရှိသည့် Kyaw Swar ချန်နယ်ကနေလည်း “ကျောက်တော် ကိစ္စ သင်္ဘောနစ်မှလူတွေ သိတာပါ ဗမာ ၉၀၀ ကျော်ကို သတ်ဖြတ်ခဲ့တာပါ။မင်းပြားမှာ ရခိုင်နေ ဗမာလူမျိုးတွေ အပါအဝင် ဌာနဆိုင်ရာ မိသားစုဝင် ၁၀၀၀ ကျော်ကို စစ်ဘက်နှင့် မဆိုင် အကြောင်းမဲ့ သတ်ဖြတ်ခဲ့ကြပါတယ်။ ထွန်းမြတ်နိုင်ကိုယ်တိုင်ပြောပါတယ် လက်နက်မချလို့ သတ်တာဆိုပြီး။ စုစုပေါင်း ဗမာ ၁၂၀၀ ကျော် အသတ်ခံရတာပါ”  ဆိုပြီး  ရေးသားဖြန့်ဝေထားပါတယ်။

📌 Kyaw Swar – https://archive.ph/JTSp0 

Kyaw Swar ချန်နယ်ကနေ တင်ထားတဲ ပိုစ့်ကိုလည်း ဝင်ရောက်ပြီးတော့ဖတ်ရှုသူပေါင်း ၇၈၀၀၀ ကျော်ထိရှိပြီးတော့  reaction စုစုပေါင်း ၂,၈၀၀ ကျော် ရှိပါတယ်။​

ကျောက်တော်တပ်မက ကျန်ရှိနေသည့် တပ်၊ရဲနှင့်၎င်းတို့၏မိသားစုဝင်များ ဒဏ်ရာလူနာများ ကိုကမ်းထိုးရေယာဉ် (၂)စီးနှင့် ဖေဖော်ဝါရီလ ၇ ရက်နေ့က ပြန်လည်ဆုတ်ခွာခဲ့ရာ ကမ်းထိုးယာဉ်ပေါ်စတက်သည့် အချိန်မှာ အာရက္ခတပ်တော်(AA)ဘက်က လက်နက်ကြီးငယ်များဖြင့် ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့ကြောင်း မင်းချစ်ဦး (Min Chit Oo) https://archive.ph/jcbEw က ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၉ ရက် ကရေးသားထားသည်ကို Thazin Oo ချန်နယ်က ထပ်မံ Forward လုပ်ကာ ဖော်ပြထားခြင်းဖြစ်သည်။

အထက်ပါ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၈ ရက်နေ့ ကျောက်တော်မြို့နယ်ဖြစ်စဉ်တွင်  ကုလားတန်မြစ်အတွင်း အာရက္ခတပ်တော်(AA)ကတိုက်ခိုက်သဖြင့် နေဗွီသုံးစီး နစ်မြှုပ်သွားခဲ့ရာ အဆိုပါနေဗွီပေါ်တွင် လိုက်ပါလာသူများ ရေကူး၍ ကမ်းပေါ်သို့ထွက်ပြေးလာစဉ် ၎င်းတို့ကို AA တပ်ဖွဲ့ဝင်များသာမက ရခိုင်ကျေးရွာသားများက ကမ်းပေါ်မှနေ၍ ဓားဖြင့်ခုတ်သတ်ခဲ့သဖြင့် လူပေါင်း ၇၀၀ သေဆုံးသွားသည်ဟုဆိုကာ သတင်းအမှားများကိုဖြန့်ဝေကာ လူမျိုးရေးပဋိပက္ခဖြစ်အောင် ဖန်တီးခဲ့ခြင်းဖြစ်သည်။

၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၉ ရက်က အကောင့်ကို Join ထားသူပေါင်း ၁၃၂,၀၈၄ ရှိသည့် ကိုသက်(Ko Thet)၏တယ်လီဂရမ်ချန်နယ်တွင် Screenshot ဖြင့် https://archive.ph/XJ9ZO အောက်ပါအတိုင်းဆိုထားသည်။

“AAကတပ်ရင်းတွေကိုတိုက်လိုက်နိုင်တယ်။ခံစစ်ပျက်ပြီးတပ်ရင်းစွန့်ပြေးရတယ်။ပြေးတဲ့အခါဇက်ရေယာဉ်နဲ့ပြေးကြရတယ်။တပ်ရင်းစွန့်တာမို့ မှီခိုရဲမေနဲ့ကလေးတွေပါတယ်။လူ ၆၀၀ ကျော်အင်အားရှိတယ်လို့သိရတယ်။စွန့်ခွာစဉ်လမ်းမှာစီးတိုက်ခံရတယ်။ဇက်ရေယာဉ်မြုပ်တယ်။ယာဉ်ပေါ်ပါသူတွေကရေကူးကာကမ်းဘက်တွေကိြအသက်လုပြေးကြတယ်။ကမ်းဘက်မှာရှိတဲ့တံငါရါာတွေကရခိုင်တွေကကမ်းကပ်လာတဲ့သူတွေကိုဓားနဲ့ဝိုင်းခုတ်ကြတာ”ဟု ၎င်းကဝါဒဖြန့်ရေးသားထားသည်။

အဆိုပါ Screenshot နဲ့ တင်ထားသော ပိုစ်တွင် react ၁,၀၀၀ ကျော်ရှိပြီး မှတ်ချက်(Comment) ရေးလို့မရအောင်ပိတ်ထားသည်ကိုတွေ့ရသည်။

အလားတူ စစ်ကောင်စီထောက်တိုင်သတင်းဌာနတစ်ခုဖြစ်သော NP News ကလည်း ၎င်း၏ဝက်ဘ်ဆိုက် တွင် “ရခိုင့်လက်နက်ကိုင် AA ပူးပေါင်းအဖွဲ့သည် အထက်ပါကယ်ဆယ်ရေးရေယာဉ်(၃)စင်းကို ဒရှော့ဗုံးအပါ အဝင် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်းသိရပြီး ၎င်းဖြစ်စဉ်အတွင်း လုံခြုံရေးအဖွဲ့ဝင်နှင့်မိသားစုဝင် စုစုပေါင်း (၆၀၀)ထက်မနည်း သေဆုံးခဲ့ရသည်” ဟုဆိုကာရေးသားထားသည်။  

📌 NP News ၏ ပို့စ်အပြည့်အစုံ – https://archive.ph/AkDpt

စစ်ကောင်စီလော်ဘီချန်နယ်များထဲအနက်တစ်ခုဖြစ်သည့် Nay Zin Latt ကလည်း  ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် မောင်တောဖြစ်စဉ်နှင့် နာဂစ်အတွင်းကသေဆုံးခဲ့သည့် ကလေးသူငယ်များ၏ ဓာတ်ပုံများကို ယူသုံး၍ ကျောက်တော်ဖြစ်စဉ်ဟုဆိုကာ လူမှုကွန်ယက်တွင် ဖေဖော်ဝါရီလ ဒုတိယအပတ်တွင် သတင်းအမှားများ ဖြန့်ခဲ့ကြောင်း ရခိုင်အခြေစိုက် နိရဉ္စရာသတင်းဌာနဖြစ်သည့်  ၂၀၂၄ ခုနှစ်ဖေဖော်ဝါရီလ ၁၃ ရက်က စိစစ်ဖော်ပြခဲ့သည်။

နေဗီပေါ်တွင် ပါလာသူများ ရေကူး၍ ကမ်းပေါ်သို့ ထွက်ပြေးလာစဉ် ၎င်းသူများအား ရခိုင်ကျေးရွာသားများက ကမ်းပေါ်မှ နေ၍ ဓားဖြင့် ခုတ်သတ်ခဲ့သဖြင့် လူပေါင်း ၇၀၀ သေဆုံးသွားသည်ဟု ဆိုကာ သတင်းအမှားများကို စစ်ကောင်စီချန်နယ်များကနေ ဖြန့်ဝေကာ လူမျိုးရေး ပဋိပက္ခဖြစ်အောင် ဖန်တီးလျှက်ရှိသည်ဟု နိရဉ္စရာသတင်းဌာက ဖော်ပြသည်။

အပေါက်၀ ကျေးရွာရှိ လူကြီးတစ်ဦးက “ကုလားတန်မြစ်ကမ်းနဘေးက ရွာတွေမှာ အဲဒီတိုက်ပွဲမဖြစ်ခင်ကတည်းက လူတစ်ယောက်မှ မရှိတော့ဘူး။ ဒီလောက် လေယာဉ်နဲ့ ဗုံးကြဲတာ၊ နေဗီက ပစ်တာ။ ဘယ်သူနေရဲမလဲ။ ရွာသားတွေ ထွက်ပြေးနေတာကြာပြီ။ ဘယ်ရခိုင်ရွာသားမှ မခုတ်ဘူး။ ဒါက သက်သက် ကျနော်တို့ ရခိုင်လူမျိုးကို တမင်နာမည်ဆိုးအောင် လုပ်တာပါ”ဟု နိရဉ္စရာသတင်းဌာနကိုပြောကြားထားသည်။

🔗 နိရဉ္စရာသတင်း၏ သတင်းအပြည့်အစုံကိုဖတ်ရှုရန် – https://burmese.narinjara.com/news/detail/65cb002c37cb43edb0e9806e 

ရခိုင်ကျေးရွာသားများမှာ မိမိရပ်ရွာတွင် အေးချမ်းစွာ အလိုလိုနေရင်း စစ်တပ်က လေယာဉ်များဖြင့်  ဗုံးကြဲခြင်း၊ ကုလားတန်မြစ်ကြောင်း တစ်လျှောက် အသွားအပြန် လက်နက်ကြီးများဖြင့် ပစ်ခတ်၍ သေဆုံးသလို ဒဏ်ရာရသူများလည်း များစွာရှိကြောင်း၊ နေအိမ်များလည်း မီးလောင်ခဲ့ရကြောင်း၊ ယခုလို ဘက်ပေါင်းစုံ အခက်အခဲ ဒုက္ခကြုံတွေ့နေရချိန်တွင် တစ်ခါထပ်ပြီး လူသတ်သမားများဟု ထပ်မံ စွပ်စွဲခံ၇၍ နာမည်ဖျက်နေကြခြင်း အပေါ် များစွာ စိတ်မကောင်းကြောင်း ရွာခံလူကြီးဖြေရှင်းချက်ကို နိရဉ္စရာသတင်းဌာနကဖော်ပြထားသည်။

၎င်းပြင် စစ်လော်ဘီများသည် ၂၀၁၇ ဩဂုတ်လအတွင်းက မောင်တော- ဘူးသီးတောင် အကြမ်းဖက်မှု ဖြစ်စဉ်အတွင်း တောင်ဘဇားမှ စစ်တပ်မိသားစုများ ပြောင်းရွှေ့နေသည့် ဓာတ်ပုံများကို သေဆုံးရာတွင် ပါဝင်သွားသည့် ကျောက်တော်တပ်မက မိသားစုများ၏ ပုံများဟု ဆိုကာ ဓာတ်ပုံအမှားများဖြင့် သတင်းမှားများကို ဖြန့်ဝေလျက်ရှိကြောင်းဆိုသည်။

၂၀၁၇ ခုနှစ် စက်တင်ဘာလ လက အတွင်း ဘူးသီးတောင်၊မောင်တော ဖြစ်စဉ်အတွင်း တောင်ဘဇားမှ စစ်တပ်မိသားစုများ ပြောင်းရွှေ့နေသည့် ဓာတ်ပုံများကို သေဆုံးရာတွင် ပါဝင်သွားသည့် ကျောက်တော်တပ်မက မိသားစုများ၏ပုံများဟုဆိုကာ  ၂၀၂၄ ဖေဖော်ဝါရီလ ဒုတိယအပတ်က Nay Zin Latt ချန်နယ်က သတင်းမှားများဖြန့်ဝေခဲ့ခြင်း ဖြစ်ကြောင်း နိရဉ္စရာကဖော်ပြထားသည်။

အဆိုပါကိစ္စရပ်မှာသတင်းအမှားဖြစ်ကြောင်းကို နိရဉ္စရာသတင်းဌာန အပါအဝင်၊ သမာသမတ်ကျပြီး စိတ်ချယုံကြည်ရသော သတင်းဌာနများဖြစ်သည့် မဇ္ဈိမ၊ RFA၊ ဧရာဝတီစသည့် သတင်းဌာနများကလည်း ရေးသားထားကြသည်။

“စစ်ကောင်စီကို ထောက်ခံသည့်တယ်လီဂရမ်နှင့် လူမှုကွန်ရက်စာ မျက်နှာများတွင် ကျောက်တော်ဖြစ်စဉ်၌ သေဆုံးသူ ‌ခြောက်ရာ ကျော်ရှိသည်ဟု ရေးသားဖော်ပြလျက်ရှိသည်” ဟုဆိုကာ ၂၀၂၄ ဖေဖော်ဝါရီလ ၁၂ ရက်က မဇ္ဈိမသတင်းဌာနက ဖော်ပြထားသည်။

🔗 မဇ္ဈိမသတင်းဌာ၏ သတင်းအပြည့်အစုံကို ဖတ်ရှုရန်  – https://bur.mizzima.com/2024/02/12/14854  

“ရေတပ်သင်္ဘောများ နစ်မြုပ်မှုနှင့်အတူ ရေတပ်မှအရာရှိစစ်သည်များအပြင် စကခ (၉) မှ ဆုတ်ခွာလာသူ ၇၀၀ ခန့် သေဆုံးသည်ဟု သတင်းထွက်ပေါ်လာ၏။ အတိအကျ ကိန်းဂဏန်းကို စစ်တပ်က ထုတ်ပြန်ခြင်း မရှိပါ။ သို့သော် အကျအဆုံးများပြား၍ မြန်မာစစ်တပ်အတွင်း ပွက်လောရိုက်သွား၏”ဟု ဧရာဝတီသတင်းဌာနကလည်း ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၂၄ ရက်က တွင် ရေးသားဖော်ပြထားသည်။

🔗 ဧရာဝတီသတင်းဌာန၏ သတင်းအပြည့်အစုံကို ဖတ်ရှုရန် – https://burma.irrawaddy.com/article/2024/02/24/380087.html

ထို့အပြင် နိုင်ငံတကာ သတင်းဌာနတစ်ခုဖြစ်သည့် BBC လည်း “ ကျောက်တော်ကနေ စစ်တွေကို ရွှေ့ပြောင်းနေချိန် ကုလားတန်မြစ်ကြောင်းတလျှောက်၊ ကျောက်တော်အနားမှာ အေအေ၊ ချင်းနဲ့ မကွေး PDF တွေရဲ့ တိုက်ခိုက်မှုကြောင့် စစ်ရေယာဉ်နစ်မြှုပ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ၊ ရဲတပ်ဖွဲ့ဝင်တွေနဲ့ မိသားစုဝင်တွေ သေဆုံးရတယ်လို့ စစ်ကောင်စီဘက်က သတင်းတွေကို ဖော်ပြတဲ့ တယ်လီဂရမ် ချန်နယ်တွေကနေ ရေးသားပါတယ်” ဟု ရေးသားထားသည်ကို တွေ့ရသည်။ 

ရေယာဥ်တွေတိုက်ခိုက်နစ်မြှုပ်ခံရမှုကနေ ရာနဲ့ချီတဲ့ သေဆုံးသူတွေ ရှိခဲ့တယ်ဆိုတဲ့ ပြောကြားချက်နဲ့ပတ်သက်လို့ ကုလားတန်မြစ်ကြောင်းတစ်လျှောက် ရုပ်အလောင်းတွေ တွေ့ရှိရတာမျိုးတော့ မရှိသေးတဲ့အကြောင်း ကျောက်တော်ဒေသနဲ့ နီးစပ်တဲ့ဒေသခံတစ်ဦးက ပြောပါတယ်” ဆိုပြီးတော့ BBC ကနေ ၂၀၂၄ ဖေဖော်ဝါရီလ ၁၁ ရက်နေ့မှာ ရေးသားဖော်ပြခဲ့သည်။​

🔗 BBC ရဲ့ သတင်းအပြည့်အစုံကို ဖတ်ရှုရန် – https://www.bbc.com/burmese/articles/c88n534ygjno   

ထိုဖြစ်စဉ်ကိုပြန်လည်အသက်သွင်းသည့် အနေဖြင့်လည်း ယခုနှစ် ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁၁ ရက်တွင် view of sue ဆိုသည့် စစ်ကောင်စီလော်ဘီချန်နယ်က “မနှစ်ကဖြစ်ခဲ့တဲ့ ကျောက်တော် ကမ်းထိုးရေယာဉ် ၃စီးမှီခိုသူများနဲ့ကလေးများလူပေါင်း ၉၀၀ ကျော်ကိုတိုက်ခိုက်ခဲ့ကြောင်း ရုပ်သံမှတ်တမ်းတစ်ခုထပ်မံထွက်ပါ်လာပါတယ်”ဟု ရုပ်သံဖိုင်တစ်ခုနှင့် မှတ်ချက်ပေးထားသည့်  Screenshot ကို ဖြန့်ဝေခဲ့သည်။ 

📌 view of sue  ပို့စ်အပြည့်အစုံ – https://archive.ph/IyfKo 

Facebook ဆိုရှယ်မီဒီယာမှာလည်း Ye Myint Aung အကောက်ကနေ ဧပြီလ ၂၄ ရက်ကနေ ကျောက်တော်ဖြစ်စဉ် ၁၊ ၂၊ ၃၊ ၄၊ ၅ ဆိုပြီး တင်ခဲ့ပြီးတော့ ဆိုရှယ်မီဒီယာပေါ်မှာ ပျံံ့နှံ့မှုအားကောင်းခဲ့ကာ ပို့စ်အောက်တွင်လည်း အမုန်းတရားနဲ့ ပဋိပက္ခဖြစ်အောင် လှုံဆော်သော မှတ်ချက်များကို တွေ့ရှိရသည်။ 

📌 Ye Myint Aung အကောက်ကနေ ကျောက်တော်ဖြစ်စဉ်နဲ့ ပတ်သက်ပြီးဖြန့်ခဲ့သော ပို့စ်များ

https://archive.ph/kPZ5H 

https://archive.ph/6Z5Nz 

https://archive.ph/itmVc 

https://archive.ph/nxQDb 

“ဒီကိစ္စကိုပြန်ဖြန့်နေတာက ထုံးစံအတိုင်း လူမျိူးရေးမှိုင်းတိုက်တာပေါ့ လူမျိုးရေးမဟုတ်ရင် ဘာသာရေးနဲ့လှည့်တိုက်တာ စစ်တပ်ရဲ့လုပ်နေကျ စာအုပ်အဟောင်းအတိုင်းပဲ။ ဒါကို ရခိုင်လူမျိူးတွေမှမဟုတ်ဘူး လူမျိူးမတူတဲ့ပြည်မက တဗမာအပါအဝင် တိုင်းရင်းသား လူမျိူးပေါင်းစုံက သတင်းအမှားဖြန့်တာတွေကို သေချာလေ့လာဆန်းစစ်ပြီး ဟုတ်မဟုတ် ပိုင်းခြားဖို့လိုတယ်။ AA ဘက်ကလည်းဒါမျိူးတွေ ပါးနပ်ဖို့လိုလို့ အဖိတ်အစင်မရှိ သက်သေ ခိုင်လုံတာမျိူးတွေကို အမြဲထုတ်ပြန်ဖို့လိုတယ်။ စစ်တပ်ကတော့ စစ်မြေပြင်မှာ သူတို့ရှူံးနိမ့်တိုင်း တဖက်ကနေ သတင်းအမှား ဝါဒဖြန့်တာတွေက မဆန်းတော့ပါဘူး။ ဒီနေရာမှာ ပြည်သူတွေအနေနဲ့ မှိုင်းမမိဖို့ပဲလိုပါတယ်”ဟုအမည်မဖော်လိုသူ နိုင်ငံရေးတက်ကြွလှုပ်ရှားသည့် လူငယ်တစ်ဦးက မှတ်ချက်ပြုသည်။

အမှန်စင်စစ်ဖြစ်စဉ်မှာ ကျောက်တော်မြို့ ရေကြောင်းတိုက်ပွဲတွင် အေအေရဲ့ ဗျူဟာမြောက် တိုက်ခိုက်မှုကြောင့် စစ်ကောင်စီ၏ စစ်သင်္ဘောသုံးစင်းလုံး ကို ချက်ကောင်းကိုထိ၍ အထိနာခဲ့‌ကြောင်း၊ သင်္ဘောများ စင်းလုံးပြတ် နစ်မြုပ်ရန် ဖြစ်နေချိန်တွင် လက်နက်ချ အညံ့ခံရန်၊ အလံဖြူထောင်ရန် လော်စပီကာများဖြင့် သုံးကြိမ်တိုင်ပြောကြားခဲ့သော်လည်း နားထောင်ခြင်း မရှိဘဲ တန်ပြန်ခုခံတိုက်ခိုက် နေသေးသည့်အပြင် လေကြောင်းမှ ဒရော့ဗုံးများဖြင့် အပြင်းအထန်ခုခံကာကွယ်ရန် ကြိုးစားသည့် လုပ်ရပ်ကိုသာ ပြုလုပ်နေခဲ့သည်ဟု AA က ထုတ်ပြန်ထားသည်။

ထို့ကြောင့်သင်္ဘောနစ်မြှုပ်ရာမှာ အသက်မသေဘဲ ရေကူးလွတ်မြောက်လာသော သူများစွာတို့အား ကယ်တင်ထားနိုင်ခဲ့ပြီး ဤသို့ ကယ်တင်ရာတွင် အာရက္ခစစ်သည်တစ်ဦး အသက်ဆုံးရှုံးခဲ့ရ ကြောင်း AA က ဆိုသည်။

ရခိုင်ပြည်နယ်အတွင်းမှာ စစ်ကောင်စီရေတပ်၏ စစ်ရေယာဉ် ငါးစင်းကို ဖေဖော်ဝါရီလ ၇ ရက်နေ့ကနေ ၁၃ ရက်နေ့အထိ၊ တစ်ပတ်အတွင်း နစ်မြုပ်အောင် တိုက်ခိုက်နိုင်ခဲ့ကြောင်း အာရက္ခတပ်တော် (AA) ကဖေဖော်ဝါရီလ ၁၃ ရက်နှင့် ၁၄ ရက် ညမှာ ထုတ်ပြန်ထားခြင်းဖြစ်သည်။

✅ အာရက္ခတပ်တော်(AA)၏ ထုတ်ပြန်ချက်များ

https://t.me/aainfodesk/504 https://t.me/aainfodesk/505

https://t.me/aainfodesk/506 https://t.me/aainfodesk/571  

ကျောက်တော်ရေကြောင်းတိုက်ပွဲ၌ ရေကူးထွက်ပြေးသည့် စစ်သားများအားAA တပ်ဖွဲ့ဝင်မျာကယ်တင်​သောရုပ်သံဖိုင် ထွက်​ပေါ်လာဆိုသည့်​ခေါင်းစဉ်ဖြင့် People’s Spring သတင်းဌာနက၂၀၂၄ ဖေဖော်ဝါရီလ ၁၅ ရက်က  https://www.facebook.com/share/v/163qHz5BdZ/ ​ဖော်ပြထားသည်။

“တပ်တော် (ရက္ခိုင့်တပ်​တော်-AA) က စစ်ရေးလုံခြုံမှုအရ သတင်းကို ထိန်းတင်နေတာပါ။ စစ်နဲ့ မဆိုင်တဲ့သူတွေကို တပ်‌တော်က မပစ်ခတ်ပါဘူး။ စစ်အုပ်စုကသာ သတင်းမှားလွှင့်ပြီး လူမျိုးရေးပဋိပက္ခပုံစံ အတင်းဖန်တီးနေတာပါ” ဟု ရခိုင်ပြည်နယ်၊ စစ်တွေမြို့ခံတစ်ဦးကလည်း People Spring သတင်းဌာနကိုပြောကြားသည်။

စစ်ကောင်စီ၏‌ ရေတပ်စစ်သင်္ဘော (Navy) ၊ ဇက်သင်္ဘောများ သည် ၎င်းတို့ချီတက်ရာ လမ်းကြောင်း တစ်လျှောက်ရှိ မြစ်၊ ချောင်း နံဘေးရှိ မိမိတို့၏ ကျေးရွာများအား စစ်သင်္ဘောများပေါ်မှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသန်းပစ်ခတ်ခြင်း၊ တမင်တကာရည်ရွယ်ချက်ရှိရှိ နေ့၊ ည အချိန်မရွေး ပစ်ခတ် တိုက်ခိုက်ခြင်းများကို နှစ်ရှည်လများပြုလုပ်လာခဲ့သည့် မှတ်တမ်းများ ရှိခဲ့ပြီး အရပ်သားပြည်သူလူထုများ သေဆုံးမှု၊ ထိခိုက်ဒဏ်ရာရမှုများ နေ့တိုင်းရှိ‌ကြောင်း၊ ပြည်သူလူထုအား နေ့စဉ် သတ်ဖြတ်နေသော စစ်ကောင်စီ၏ရေတပ်အား လက်တုံ့ပြန်ခဲ့ခြင်း လည်း ဖြစ်‌ကြောင်း AA က တဆက်တည်းထုတ်ပြန်ထားသည်။

ထုတ်ပြန်ပြီးနောက် လူမှုကွန်ယက်ပေါ်တွင် စကခ ၉ မှူးဖြစ်သည့် ဗိုလ်မှူးချုပ်ဇော်မင်းထွန်းနှင့် လက်အောက်ငယ်သား အင်အားဆယ်ဂဏန်းအချို့ အသည်းအသန်ရေကူး၍ ထွက်ပြေးလာသူများအား အာရက္ခတပ်တော်က ဆယ်ယူပေးနေသည့် ရုပ်သံဗီဒီယိုဖိုင်များလည်း တွေ့မြင်ရသည်။

ဖေ့စ်ဘွတ်လူမှုကွန်ယက်တွင် ပျံနှံနေသော စစ်ကောင်စီတပ်သားများကို ကယ်ဆယ်နေသည့် ရုပ်သံဖိုင် –  https://www.facebook.com/share/v/163qHz5BdZ/ 

သို့ရာတွင် AA ၏ ထုတ်ပြန်ချက်အရ စစ်သင်္ဘောသုံးစင်းပေါ်မှ သေဆုံးသူ အရေအတွက်နှင့် မြစ်အတွင်းလက်ပစ်ကူး ကယ်ဆယ်ထားသည့်အရေအတွက်များကိုမူ ဖော်ပြထားခြင်းမရှိပေ။

ရခိုင်ဒေသတွင်း စစ်ရေးစောင့်ကြည့်သူတစ်ဦး၏အဆိုအရ ကမ်းထိုးယာဉ်​တွေ ဝင်လာတဲ့အချိန်မှာ နှစ်ဘက်အပြန်အလှန်ပစ်ခတ်ချိန် တဆက်တည်းမှာပင် ​ စစ်ကောင်စီ ရေတပ်သားများမှာ စက်​မောင်းတဲ့အခန်းကမှဆင်းပြီး ​လုံခြုံသည့်နေရာကိုဝင်ပြေးချိန်၌ စက်​မောင်းခန်အတွင်းသို့ ကစ္ဆပနဒီတံတား​ပေါ်မှ AA တပ်ဖွဲ့ဝင်များက မီးသတ်ဘူးခွံနှင့် ပြုလုပ်ထားသော လက်လုပ်ဗုံးခွံ​များ နှင့်ပစ်ခတ်မှုများရှိခဲ့သည်။

အဆိုပါတံတားပေါ်မှ ပစ်ခတ်​နေတဲ့သည့် AA တပ်ဖွဲ့ဝင်များကို စစ်​ကောင်စီတိုက်လေယာဉ်မှ လာပစ်ခတ်ရာ တံတားကိုဖျက်ဆီးသလိုဖြစ်ခဲ့ပြီး ယင်းလေကြောင်းမှပစ်ခတ်မှုအရှိန်ကြောင့် စက်ခန်းကိုလည်းထိခိုက်မိသဖြင့် ရေတပ်သားအချို့မှာ သင်္ဘောပေါ်မှ အလံဖြူပြပြီး ထွက်လာစဉ်ပင်  AA တပ်ဖွဲ့ဝင်များက ကယ်တင်ရန် စက်​လှေ​များလာနေစဉ်အခိုက်အတန့် ထိုစက်လှေများကို လေယာဉ်ပေါ်ကထပ်ဆောင်းပစ်ခတ်မှုကြောင့် စက်​လှေ​ပေါ်ရှိ AA တပ်ဖွဲ့​ဝင်အချို့ကျဆုံးမှုများရှိခဲ့ကြောင်း ၎င်းကရှင်းပြသည်။

“ပထမတစ်ခေါက် သွားကယ်တာကို​သေနတ်နဲ့ပစ်လို့ နောက်ထပ်တခါ​ရေနစ်တဲ့အချိန်မှာ သွားကယ်ရတာရှိတယ်။ အဲ့ဒါကြောင့်ဒုတိယတခေါက်မှာ AA အောက်​ခြေတပ်ဖွဲ့ဝင်​တွေက စိတ်ခံစားမှု​ကြောင့်​ဒေါသအ​လျောက်ဆဲဆိုတာ​တွေရှိတယ်။ အဲ့ဒါကိုဖြတ်ညှပ်ကပ်​တွေ လုပ်ပြီး​တော့  ကမ်းထိုးယာဉ်က မိသားစုဝင်​တွေကို တဖက်ရေယာဉ်ကို ​ပြောင်း​ပေးတာ။ ကမ်းထိုးယာဉ်မှာစစ်လက်နက်ပစ္စည်း​တွေ သူတို့​ရေးတဲ့အထဲ အ​လေးအပင်​တွေချတယ်ဆိုတာ အဲ့ဒီစစ်လက်နက် ပစ္စည်းတွေပါ။ စက်​လှေနစ်မြှုပ်ခါနီးဆို​တော့ ​ရေထဲချတာ လော်ဘီတွေဘက်က စစ်လက်နက်ပစ္စည်းထက် မိသားစုဝင် အမျိူးသမီးနဲ့ က​လေးငယ်​တွေကို​ ဇောင်း​ပေးလိုက်တာ​ပေါ့။ စစ်လက်နက်ပစ္စည်း​တွေကို ကမ်းထိုးယာဉ်​ပေါ်တင်တာ စိတ်ဓာတ်စစ်ဆင်​ရေး လူမျိုး​ရေးဖြစ်​အောင် ရခိုင်က ဗမာ​တွေကို က​လေးအမျိူးသမီး မချန်ရက်စက်စွာ သတ်ဖြတ်တယ်ဆိုတဲ့ AAကို လူမျိူး​ရေးမှိုင်း တိုက်တာပေါ့”ဟု ရခိုင်ဒေသတွင်း စစ်ရေးစောင့်ကြည့်သူတစ်ဦးကပြောသည်။

အာရက္ခတပ်တော်(AA)၏ အအောင်မြင်ဆုံးရေကြောင်းတိုက်ပွဲဖြစ်ခဲ့သည့် ထိုဖြစ်ရပ်မှာ တဖက်ရန်သူကိုအထင်အမြင်သေးခဲ့သည့် စစ်ကောင်စီအတွက် အရှိုက်တည့်တည့်ကို ထိုးနှက်ခံခဲ့ရခြင်းဖြစ်သည်။

“ကျောက်တော် မြို့နယ်အပေါက်ဝ ကျေးရွာကဖြစ်စဥ်မှာ AA က စက် လှေတွေနဲ့ကယ်ဆယ်နေတဲ့ဖိုင်တွေ လည်းတက်နေပါတယ်။ လူသားချင်းစာနာထောက်ထားတဲ့ အနေနဲ့ကူညီကြတာပါ သတ်ဖြတ် တယ်ဆိုတာမဖြစ်နိုင်ပါဘူး။စစ်ကောင်စီက ရခိုင်/ဗမာ အမုန်းတရားဖြစ်အောင်ဖန်တီးမှုတစ်ခု သာဖြစ်ပါတယ်။” လို့ ရခိုင်လူ့အခွင့်အ​ရေး ကာကွယ်မြင့်တင်သူများအသင်း ဒါရိုက်တာ ဦးမြတ်ထွန်းက ပြောသည်။ 

တဖက်မှာလည်း အွန်လိုင်းပေါ်ကအမုန်းစကားဖြန့်ရန် စစ်တပ်ထောက်တိုင်များကို လူမျိုးရေး၊ ဘာသာရေးပဋိပက္ခ အဓိကရုန်းများဖန်တီးစေခြင်းဖြင့် စစ်တပ်ထောက်ခံသူများကို ချွေးသိပ်စေသည်။

စစ်ကောင်စီအနေဖြင့် ယင်းကဲ့သို့ သတင်းအမှားဝါဒဖြန့်မှုများကို လုပ်ဆောင်နေသည်နှင့်တပြိုင်နက် ၎င်းတို့စစ်ရေးအကြီးအကျယ်အရေးနိမ့်ခဲ့သည့် ၂၀၂၄ တနှစ်တာပတ်လုံး ရန်ကုန်၊ ခုနှစ်မန္တလေးမြို့ကြီးများတွင် လည်း “ရခိုင်ဆိုင်တွေမှန်သမျှ မန္တလေးမြို့ပေါ်က ထွက်သွား”၊ “ပြည်သူတွေအနေနဲ့ မန္တလေးမြို့ပေါ်က ရခိုင်စာသောက်ဆိုင်နှင့် အရောင်းဆိုင်တွေကို သွားရောက်ဝယ်ယူခြင်းမပြုရန် သတိပေး တားမြစ်လိုက်သည်” စသဖြင့် ဓာတ်တိုင်များတွင် လိုက်ကပ်ကာလှုံ့ဆော်ခဲ့သည်။

 သွေးထိုးလှုံဆော်မှုပေါင်းစုံဖြင့် လော်ဘီချန်နယ်များ၏လက်တို့တိုင်ကြားမှုများကြောင့် အနယ်နယ်အရပ်ရပ်တွင်စစ်ဘေးတိမ်းရှောင်နေသည့်  ရခိုင်လူမျိုးများကို အမြစ်ပျက်စေရန်အလို့ငှာ ဧည့်စာရင်းအကြောင်းပြ၍ ဘုန်းကြီးကျောင်းမကျန် ရခိုင်လူမျိူးများခိုလှုံမှုများသည့် ရပ်ကွက်များတွင် ဖမ်းဆီးငွေညှစ်မှုများ လုပ်ဆောင်နေခြင်းကြောင့် ၁၁/ မှတ်ပုံတင်ကိုင်ဆောင်သည့်စစ် ဘေးရှောင်များမှာ ကျီးလန့်စာစားသကဲ့သို့ မွန်းကြပ်သည့်ကြားကပင်နေထိုင်နေကြရသည်။

ထို့ကြောင့် ရခိုင်လူမျိူးများမဟုတ်သည့် ဗမာအပါအဝင်ကျန်တိုင်းရင်းသားများ အနေဖြင့်လည်း စစ်ကောင်စီ၏ မှိုင်းတိုက်သွေးထိုးသည့် စကားလုံးများနောက်မလိုက်မိဘဲ ဖြစ်စဉ်များကို ကိုယ်တိုင်ဝေဖန်ပိုင်းခြားစွာ တွေးတောရင်း သတိချပ်သင့်ပေသည်။ 

လက်ရှိရခိုင်ဒေသတွင်းမှာ ဖုန်း၊ အင်တာနက်လိုင်းအခက်အခဲတွေကြောင့် သတင်းအချက်အလက်စီးဆင်းမှုမှာ နှေးကွေးလျက်ရှိပြီးတော့၊ ရရှိထားတဲ့ သတင်းအချက်အလက်တွေကိုလည်း သေချာစီစစ်ပြီးမှ လက်ခံကြဖို့ တိုက်တွန်းလိုပါတယ်။
စာဖတ်သူတွေအနေနဲ့သတင်းတု/သတင်းမှားဖြစ်တယ်လို့ သံသယရှိရင်ပဲဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ်၊ မဟုတ်အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ်၊ Fact Checking ပြုလုပ်ပေးတဲ့ သတင်းဌာန/အဖွဲ့အစည်း တွေရဲ့ Chat Box ကနေ သွားရောက်မေးမြန်းကြဖို့ တိုက်တွန်းလိုပါတယ်။
Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
Share:FacebookX

Follow @meksdemo

Instagram has returned empty data. Please authorize your Instagram account in the plugin settings .