June 7 2025 By Wazza/Myanmar Pressphoto Agency-The Red Flag
ကချင်ပြည်နယ် ဖားကန့်မြို့နယ် မှော်စီစာကျေးရွာရှိ ကျောက်စိမ်းလုပ်ကွက်တစ်ခုတွင် ပေါက်ကွဲမှုကြောင့် လူ သေဆုံး၊ ဒဏ်ရာရရှိမှုသည် PDF များလက်ချက်ဟု စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များက သတင်း အမှားများဖြန့်ဝေလျက်ရှိသည်။
“VOX” အမည်ရှိ တယ်လီဂရမ်ချန်နယ်က ဇွန် ၄ရက် နံနက်ပိုင်းတွင် “ဖားကန့်က ပေါက်ကွဲမှု ဘယ်သူလုပ်တာ လဲ” ခေါင်းစဉ်ဖြင့် ဖားကန့် မှော်စီစာ တင်အောင်ကြိုင် လုပ်ကွက်ရှိ ယမ်းလက်ကျန်ဂိုထောင်ပေါက်ကွဲခဲ့ကြောင်း၊ ပေါက်ကွဲမှုကြောင့် လူသေဆုံး၊ ထိခိုက်ဒဏ်ရာရရှိသူများရှိကြောင်း၊ စစ်တပ်က ကုမ္ပဏီများကို ဝင်ရောက်စစ် ဆေးမှုများရှိနေသဖြင့် မူးယစ်ဆေးများ တွေ့သွားမှာ စိုးရိမ်သည့်အတွက် လက်စဖျောက် မှိုင်းခွဲခြင်းဖြစ်ကြောင်း၊ ဖားကန့်တွင် နေရာမရမှာ ကြောက်သောအဖွဲ့သည် PDF ဖြစ်ပြီး PDF များ လုပ်တာဖြစ်ကြောင်း ရေးသားဖြန့် ဝေထားသည်။
အဆိုပါ ရေးသားဖြန့်ဝေမှုကို Sandi Myint Aung , Snow Queen, Ye Yint Htet, MDY image , ဘညွှန်နှင့် အခြား စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များက ကူးယူဖြန့်ဝေထားသဖြင့် ပျံ့နှံ့မှု များပြားနေသည်။
သတင်းအမှားလင့်ခ်များ
VOX – https://archive.ph/OmQ0a
Sandi Aung Myint – https://archive.ph/wip/E1I4q
Snow Queen – https://archive.ph/RF80n
Ye Yint Htet(#yyh) – https://archive.ph/Gr30U
MDY image – https://archive.ph/wip/Q6t4A
ဘညွှန့် –
တယ်လီဂရမ်ချန်နယ်များတွင် ပျံ့နှံ့နေသော အကြောင်းအရာနှင့် ပတ်သက်၍ Myanmar Fact-Checking Network ၏ အဖွဲ့ဝင်ဖြစ်သော MPA က အချက်အလက် စစ်ဆေးကြည့်ရာ သတင်းအမှားဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရသည်။
သတင်းအမှားဖြစ်ကြောင်း သက်သေပြစိစစ်ချက်
Google တွင် “ဖားကန့် မှော်စီစာပေါက်ကွဲမှု” ဟု ရှာဖွေရာ Kachin News Group, Myanmar Now, People’s Spring နှင့် အခြား မီဒီယာများစွာက သတင်းရေးသားဖော်ပြထားသည်။
Kachin News Group တွင် ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု မှော်စီစာကျေးရွာ အပိုင်း ဆောင်းချိန်ကျေးရွာ ဓမ္မာရုံနားက ကျောက်မျက်ကုမ္ပဏီဝင်းတစ်ခုအတွင်း ပေါက်ကွဲမှုကြောင့် ဝန်ထမ်း ၂ ဦး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ များပြားကြောင်း၊ ပေါက်ကွဲရသော အကြောင်းရင်းသည် စစ်ကောင်စီ ပစ်ခတ်လိုက်သော လက်နက်ကြီး ကုမ္ပဏီ၏ ယမ်းဂိုထောင်အပေါ်ကျရောက်ပေါက်ကွဲမှု ကြောင့် ဖြစ်ကြောင်း ဒေသခံပြည်သူကို မေးမြန်း၍ သတင်းရေးသားထားသည်။ သတင်းလင့်ခ် – https://shorturl.at/X7EJ2
People’s Spring မီဒီယာတွင် မှော်စီစာကျေးရွာရှိ ကျောက်စိမ်းတူးဖော်ရေးလုပ်ကွက်တစ်ခုအတွင်း လူ ထိခိုက်သေဆုံးမှုများပြားသည့် ပြင်းထန်သော ပေါက်ကွဲမှုတစ်ခုဖြစ်ခဲ့ပြီး စစ်ကောင်စီက အသေခံဒရုန်းဖြင့် ဖောက်ခွဲခြင်းဟု ဒေသခံသတင်းရင်းမြစ်အချို့ကပြောသည်ဟု ရေးသားထားသည်။ သတင်းလင့်ခ် – https://shorturl.at/OCghS
Myanmar Now သတင်းဌာန၌ “ဖားကန့် ကျောက်တွင်း လုပ်ကွက်အချို့ကို စစ်တပ်က စီးနင်းမီးရှို့နေ” ဟူ သည့် ခေါင်းစဉ်ဖြင့် ကချင်ပြည်နယ် ဖားကန့်မြို့သို့ ပြန်လည်ဝင်ရောက်ခဲ့သည့် စစ်ကောင်စီတပ်သည် ကျောက်စိမ်း လုပ်ကွက်များကို ယခုရက်ပိုင်းအတွင်း လှည့်လည်စီးနင်းမီးရှို့နေကြောင်း၊ ဇွန် ၃ တွင် လုံးခင်းရွာအုပ်စု မှော်စီစာ ရွာအနီးရှိ တစ်သုံးလုံး ကျောက်တူးဖော်ရေးလုပ်ကွက်ကို စစ်တပ်က ဒရုန်းအသုံးပြု၍ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း လုပ်ငန်းသုံးယမ်းနှင့်ကန့် သို့လှောင်သည့် နေရာ ထိခိုက်ပေါက်ကွဲမှုကြောင့် အလုပ်သမား သုံးဦး သေဆုံး၊ ၁၀ ဦး ထက်မနည်း ပြင်းထန်စွာဒဏ်ရာရရှိခဲ့ကြောင်း သတင်းရေးသားထားသည်။ သတင်းလင့်ခ် – https://shorturl.at/Z88pm
သတင်းမီဒီယာများတွင် ကျောက်စိမ်းတူးဖော်ရေးလုပ်ကွက် ပေါက်ကွဲရခြင်းသည် စစ်ကောင်စီပစ်ခတ်မှုကြောင့် ဖြစ်ကြောင်း ရေးသားဖော်ပြထားကြသည်။
ထို့ကြောင့် စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များတွင် “ကျောက်စိမ်းလုပ်ကွက်ပေါက် ကွဲမှု PDF များလက်ချက်” ဟု ဖြန့်ဝေထားသော အကြောင်းအရာသည် သတင်းအမှားဖြစ်သည်။
ယနေ့ခေတ် ဆိုရှယ်မီဒီယာများတွင် သတင်းအတု၊ သတင်းအမှားများ ပျံ့နှံ့လျက်ရှိသည်။ သတင်းအကြောင်းအရာတစ်ခုကို တွေ့၊ မြင်၊ ကြား၊ သိလျှင် အလွယ်တကူ လက်ခံ၊ ယုံကြည်၊ မျှဝေ ခြင်းများ အလျင်စလို မပြုလုပ်ရန် လိုအပ်ပါသည်။
ပျံ့နှံ့နေသောအကြောင်းအရာများအား သတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်း အဆင့်ဆင့် အတည်ပြုဖော်ပြ နေသော သတင်းမီဒီယာများတွင် ရှာဖွေဖတ်ရှုသင့်ပါသည်။
Myanmar Fact-Checking Network အဖွဲ့ဝင်များ အချက်အလက် စစ်ဆေးထားသော သတင်းများကို အောက်ဖော်ပြပါ လင့်ခ်များမှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။
ဝက်ဘ်ဆိုဒ်လင့် – https://myanmarfactcheckingnetwork.org/
Facebook လင့် – https://www.facebook.com/myanmarfactcheckingnetwork