PNLA စစ်သုံ့ပန်းတွေကို ပစ်သတ်ခဲ့တဲ့ သက်သေမှတ်တမ်း ရုပ်သံဖိုင်ကို အတုလို့ သတင်းအမှားဖြန့်
Share:FacebookX

PNLA စစ်သုံ့ပန်းတွေကို ပစ်သတ်ခဲ့တဲ့ သက်သေမှတ်တမ်း ရုပ်သံဖိုင်ကို အတုလို့ သတင်းအမှားဖြန့်

 

၂၀၂၅ ဇွန်လ ၂ ရက်။

 

(fact-check) သျှမ်းသံတော်ဆင့်/ လဂွန်းအိမ်/ The Red Flag

 

စစ်ကောင်စီနဲ့ ၎င်းတို့ လက်အောက်ခံ PNO ပြည်သူ့စစ်တို့က ဖမ်းမိထားတဲ့ စစ်သုံ့ပန်း ၄ ဦးကို လက်ပြန်ကြိုးတုပ် ပစ်ခတ်ခဲ့တဲ့ သက်သေမှတ်တမ်း ရုပ်သံဖိုင်ဟာ အတုဖြစ်ကြောင်း စစ်ကောင်စီဝါဒဖြန့် ချန်နယ်တွေက သတင်းအမှား ဖြန့်ချိနေပါတယ်။  

 

Fact Check အမည်ခံ စစ်ကောင်စီ ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တစ်ခုက ဇွန်လ ၁ ရက်နေ့မှာ ဖြန့်ချိခဲ့ပြီး“ထင်ယောင်ထင်မှားဖြစ်အောင် စစ်ကောင်စီ ယူနီဖောင်းကိုဝတ်ဆင်ပြီး တမင်လုပ်ကြံ ဇာတ်လမ်းဆင်ထားတဲ့ ရုပ်သံဖိုင်အတုပါ” (မူရင်းအတိုင်း) ဆိုပြီး ရေးသားဖြန့်ချိခဲ့ပါတယ်။ 

 

အဲ့ဒီသတင်းအမှားကို ကြည့်ရှုသူပေါင်း ၆၀,၀၀၀ ကျော်ရှိခဲ့ပြီးတော့ အခြားစစ်ကောင်စီ ဝါဒဖြန့် ချန်နယ်တွေကလည်း ထပ်ဆင့်ဖော်ပြထားပါတယ်။ 

 

မူရင်းဖော်ပြချက် လင့်ခ်  – http://archive.today/sZrBb

 

အဲ့ဒီရုပ်သံဖိုင်ကို MFCN အဖွဲ့ဝင် သျှမ်းသံတော်ဆင့်နဲ့ လဂွန်းအိမ်တို့က စစ်ဆေးကြည့်ရာမှာ ရုပ်သံဖိုင်က ဖြစ်စဉ်ဟာ မှန်ကန်နေကြောင်း စိစစ်တွေ့ရှိခဲ့ပါတယ်။ 

 

#သတင်းစိစစ်တွေ့ရှိချက် 

 

စစ်ဆေးတွေ့ရှိချက်အရ ရုပ်သံဖိုင်ထဲမှာ ပါရှိတဲ့ စစ်သုံ့ပန်း ၄ ဦးဟာ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁၃ ရက်နေ့က ရှမ်းပြည်နယ် တောင်ပိုင်း ဆီဆိုင်မြို့နယ် ထီစုံရွာအနီး ဖြစ်ပွားတဲ့ တိုက်ပွဲအတွင်း ဖမ်းဆီးခံရတဲ့ PNLA တပ်ဖွဲ့ဝင်တွေ ဖြစ်ပါတယ်။

 

PNLA ထုတ်ပြန်ချက် – https://shorturl.at/LaWKY 

 

ဖမ်းဆီးခံထားရတဲ့ ရဲဘော် ငါးဦးရဲ့ ဓါတ်ပုံနဲ့ ယခု ထွက်ပေါ်နေတဲ့ ဗီဒီယိုကို တိုက်ဆိုင်စစ်ဆေး ကြည့်ရာမှာ – ဝတ်ဆင်ထားကြတဲ့ ယူနီဖောင်း စိမ်းနုရောင်၊ ဒီဂျစ်တယ် ပြောက်ကျားကွက်၊ စိမ်းရင့်ရောင်၊ ပျောက်ကြားကွက်၊ တူညီနေသလို စီးထားတဲ့ ဖိနပ်အရောင်၊ ရဲဘော် ၄ ဦးရဲ့ အရပ်အမောင်း စသည့် အချက်များလည်း တူညီနေတာ တွေ့ရတာကြောင့် မှန်ကန်ကြောင်း အတည်ပြု နိုင်ခဲ့ပါတယ်။

 

(စစ်ဆေးအတည်ပြုချက်ကို ပုံမှာကြည့်ပါ။)

 

အဲ့အပြင် လွတ်လပ်တဲ့ သတင်းဌာနတွေဖြစ်တဲ့ ခမ်းသားငေါဝ်း, ဖက်ဒရယ် FM, DVB နဲ့ People Spring တို့ကလည်း အတည်ပြု ဖော်ပြထားကြပါတယ်။ 

 

ဖမ်းဆီးခံရတဲ့ PNLA ရဲဘော် ၅ ဦးအနက် ၄ ဦးကို ပစ်သတ်ခဲ့တဲ့ ရုပ်သံဖိုင်ကို ဖမ်းဆီးရမိထားတဲ့ စစ်ကောင်စီ တပ်သား စစ်သုံ့ပန်းတစ်ဦးရဲ့ ဖုန်းထဲကနေ သိမ်းဆည်းရရှိ ခဲ့တာဖြစ်ကြောင်း၊ ဖမ်းဆီးခံရတဲ့ ရဲဘော် ၅ ဦးအနက် ၄ ဦးကို လက်ပြန်ကြိုးတုတ်ကာ သေနတ်နဲ့ ဝိုင်းဝန်းပစ်ခတ် သတ်ဖြတ်ခဲ့ကြတာ ဖြစ်ပြီး တဦးကို အခြား တနေရာမှာ သတ်ဖြတ်ခဲ့တာလို့ ဖမ်းဆီးခံထားရတဲ့ စစ်ကောင်စီ စစ်သုံ့ပန်း က ထွက်ဆိုထားကြောင်း PNLA ကို ကိုးကားပြီး သတင်း မီဒိယာတွေက တင်ဆက်ထားပါတယ်။ 

 

ပစ်သတ်ခံခဲ့ရတဲ့ ရဲဘော်များမှာ PNLA မှ ခွန်ကျပ် – ဒုဗိုလ် ၊ ခွန်မွေး – တပ်စိပ်မှူး ၊ ခွန်ထွန်းငွေ – ဒုတပ် စိပ်မှူး၊ ခွန်ဦး – ရဲဘော် တို့ဖြစ်ကြောင်း PNLA ရဲ့ ပြောဆိုချက်အရ ခမ်းသားငေါင်းက ဖော်ပြထားပါတယ်။ 

 

သတင်းမီဒီယာ လင့်ခ့်များ –

 

ခမ်းသားငေါဝ်း – https://shorturl.at/OfJt2 

ဖက်ဒရယ် FM – https://shorturl.at/mYPiw 

DVB – https://www.dvb.no/post/707785 

People Spring – https://www.facebook.com/share/p/19Q66aZXi4/ 

 

အဲ့ဒီ ရုပ်သံဖိုင်ကို စစ်ဆေးကြည့်ရာမှာ ဂျပန် သတင်းဌာန တခုကလည်း ဖော်ပြထားတာကို တွေ့ရပါတယ်။ 

 

သတင်းလင့်ခ် – https://news.yahoo.co.jp/articles/0783deeab1ef44a3f1d2cfdbd81943ddbd10ccaf 

 

လူ့အခွင့်ရေး ချိုးဖောက်မှုများနဲ့ စစ်ရာဇဝတ်မှုများကို စုံစမ်းစစ်ဆေး အတည်ပြု ပေးနေတဲ့ TNISO ကလည်း ယခု ဖြစ်စဉ် ဗီဒီယိုကို စစ်ဆေးအတည်ပြု ထားတာကို တွေ့ရပါတယ်။ 

 

TNISO – https://www.facebook.com/share/p/1AzG3HHrTE/ 

 

#သုံးသပ်ချက် 

 

လွတ်လပ်တဲ့ သတင်းဌာနများရဲ့ ဖော်ပြချက်များနဲ့ စီစစ်အတည်ပြုချက်များအရ စစ်ကောင်စီနဲ့ ၎င်းတို့ လက်အောက်ခံ PNO ပြည်သူ့စစ်တို့က ဖမ်းမိထားတဲ့ စစ်သုံ့ပန်း ၄ ဦးကို လက်ပြန်ကြိုးတုပ်ပြီး ပစ်ခတ်ခဲ့တဲ့ သက်သေမှတ်တမ်း ရုပ်သံဖိုင်က ဖြစ်စဉ်ဟာ မှန်ကန်နေတာကို တွေ့ရပါတယ်။ 

 

Factcheck အမည်ခံ စစ်ကောင်စီ ဝါဒဖြန့် တယ်လီဂရမ် ချန်နယ်က ဖော်ပြထားတဲ့ “ထင်ယောင်ထင်မှား ဖြစ်အောင် စကစ  ယူနီဖောင်းကို ဝတ်ဆင်ပြီး တမင် လုပ်ကြံဇတ်လမ်း ဆင်ထားတဲ့ Video အတုပါ” ဆိုတဲ့အချက်က ဝါဒဖြန့် ဖော်ပြနေတဲ့ သတင်းမှားသာ ဖြစ်ပါတယ်။

 

စစ်ကောင်စီနဲ့ ၎င်းတို့ အပေါင်းအပါတွေက ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုကို ဖုံးကွယ်နိုင်ဖို့ ထင်ယောင်ထင်မှား ဖြစ်အောင် စစ်တပ်လော်ဘီ ချိန်နယ်တွေက မကြာခဏ ဝါဒဖြန့် ဖော်ပြနေကြတာ ဖြစ်ပါတယ်။

 

စာဖတ်သူတွေ အနေနဲ့ သတင်းတု/သတင်းမှား ဖြစ်တယ်လို့ သံသယရှိရင် ပဲဖြစ်ဖြစ်၊ မှန်ကန်တဲ့ သတင်း ဟုတ်၊ မဟုတ် အတည်ပြု မေးမြန်းလိုရင် ပဲဖြစ်ဖြစ်၊ Fact-checking ပြုလုပ်ပေးတဲ့ သတင်းဌာန/အဖွဲ့ အစည်းတွေရဲ့ Chat Box ကနေ သွားရောက်မေးမြန်းကြဖို့ တိုက်တွန်းလိုပါတယ်။

 

Myanmar Fact-checking Network အဖွဲ့ဝင်ဖြစ်တဲ့ လဂွန်းအိမ်စာစဉ်  နဲ့  သျှမ်းသံတော်ဆင့် Fact-check အဖွဲ့ တို့ကိုလည်း Facebook page ကနေ ဆက်သွယ်မေးမြန်းပြီး အချက်အလက်စစ်ဆေးပေးဖို့ တောင်းဆိုနိုင်ပါတယ်။

 

Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

 

Web – https://myanmarfactcheckingnetwork.org/

Fb – https://www.facebook.com/myanmarfactcheckingnetwork

 

Share:FacebookX

Follow @meksdemo

Instagram has returned empty data. Please authorize your Instagram account in the plugin settings .