ရေပူနှင့် ဘုရားတောင်ရွာရှိ လူနေအိမ်များကို KNDFနှင့် အင်းလေး PDF တို့မှ မီးရှို့ဖျက်ဆီးဆိုသည့် သတင်းအမှား
Share:FacebookX

ရေပူနှင့် ဘုရားတောင်ရွာရှိ လူနေအိမ်များကို KNDFနှင့် အင်းလေး PDF တို့မှ မီးရှို့ဖျက်ဆီးဆိုသည့် သတင်းအမှား

၂၀၂၅ ခုနှစ်၊ ဇွန်လ ၃ ရက်နေ့

ခမ်းသားငေါဝ်း/ ဖက်ဒရယ် FM/ MFCN/ The Red Flag
Fact Check – အချက်လက် စစ်ဆေးခြင်း

ရှမ်းပြည်နယ် တောင်ပိုင်း ညောင်ရွှေမြို့နယ်ရှိ ရေပူကျေးရွာနှင့် ဘုရားတောင် ကျေးရွာတို့မှာ စစ်ကောင်စီနှင့် လက်အောက်ခံ PNO ပြည်သူ့စစ်တို့ ထိုးစစ်ဆင်မှုကြောင့် အင်းလေးပြည်သူ့ကာကွယ်ရေးတပ်-IPDF(၁၀၀၉) တပ်ရင်းနှင့် ဇွန်လ ၂ ရက်နေ့၌ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ပြည်သူ့နေအိမ်အချို့ မီးလောင်ဆုံးရှုံးခံခဲ့ရမှုကို စစ်ကောင်စီ သတင်းဝါဒဖြန့် လော်ဘီအုပ်စုနှင့် လက်အောက်ခံ PNO ပြည်သူ့စစ် လော်ဘီတို့က အင်းလေးပြည်သူ့ကာကွယ်ရေးတပ်နှင့် ကရင်နီ အမျိုးသား ကာကွယ်ရေးတပ် (KNDF) တို့မှ မီးရှို့ဖျက်ဆီးခဲ့ကြောင်းကို ဝါဒဖြန့် စွပ်စွဲထားပါသည်။

စစ်ကောင်စီနှင့်လက်အောက်ခံ PNO ပြည်သူ့စစ်တို့ နယ်မြေရှင်းလင်းဆောင်ရွက် ထိုးစစ်ဆင်ရာကို ပြည်သူ့ကာကွယ်ရေးတပ် (PDF) တွေက မခုခံနိုင်တော့သဖြင့် တိမ်းရှောင်ထွက်ပြေးနိုင်ရန်အတွက် ပြည်သူနေအိမ်များကို မီးလောင်ပျက်စီးခဲ့ကြောင်း ကို ၂၀၂၅ခုနှစ် ဇွန်လ ၂ရက်နေ့တွင် ဖြန့်ဝေထားပါသည်။

ရေပူတိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေးတပ်ဘက်က အထိနာပြီး ကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ တော်လှန်ရေးဘက်က တပ်ဆုတ်တော့မယ်ဆို ကျေးရွာနေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်းကို ပအိုဝ်းဘာသာအပြင် မြန်မာဘာသာတို့ဖြင့် ထပ်ဆင့်ရေးသား ဖြန့်ဝေထားပါသည်။

ထိုအကြောင်းအရာကို စစ်ကောင်စီ သတင်းဝါဒဖြန့် လော်ဘီအုပ်စု “ရွှေနေကြာ” တယ်လီဂရမ်အကောင့်နှင့် လက်အောက်ခံ PNO ပြည်သူ့စစ် လော်ဘီ ခွန်ဆန်းအောင် ပိုင်ဆိုင်သည့် “PA-O Pay” , “ အထူးဒေသ ၆ -ခမ်းသားငေါဝ်း” ဖေ့ဘုတ်အကောင့်တို့မှ ဖြန့်ဝေထားခြင်းဖြစ်ပြီး ခမ်းသားငေါဝ်း အချက်အလက် စစ်ဆေးနေချိန်၌ ရီအက်ရှင် ပေးသူ (၄) ရာကျော် ၊ မှတ်ချက်ပေးသူ (၆၀) ကျော်နှင့် ထပ်ဆင့်ဖြန့်ဝေသူ (၅၀) ကျော်ဉီး အထိ ရှိနေပြီး ဖြစ်သည့်အတွက် ပြန့်နှံမှုလည်း များနေပါသည်။

ဖြန့်ဝေထားသည့် လင့် – https://archive.ph/QzOEv
ဖြန့်ဝေထားသည့် လင့် – https://archive.ph/YWSc9
ဖြန့်ဝေထားသည့် လင့် – https://archive.ph/2aZrl

၎င်းတို့ ဖြန့်ဝေထားသည့် အကြောင်းအရာကို Myanmar Fact- Checking Network (MFCN) အဖွဲ့ဝင်ဖြစ်သည့် ဖက်ဒရယ် FM နှင့် ခမ်းသားငေါဝ်းအချက်အလက်စစ်ဆေးရေးအဖွဲ့တို့မှ စိစစ်ကြည့်သည့်အခါ စွပ်စွဲထားသည် သတင်းအမှားဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရပါသည်။

သတင်းစိစစ်ချက်

ညောင်ရွှေမြို့နယ် (ထီခိုး) ရေပူကျေးရွာနှင့် ဘုရားတောင်ရွာရှိ ပြည်သူ့နေအိမ်အချို့ မီးရှို့ဖျက်ဆီးခံရမှုနှင့် ပတ်သက်၍ အင်းလေးပြည်သူ့ကာကွယ်ရေးတပ်၏ထုတ်ပြန်ချက်၊ ဒေသခံ ပြည်သူ၏ ပြောကြားချက်နှင့် ယုံကြည်စိတ်ချရသည့် သတင်းဌာနတို့၏ ဖော်ပြချက်တို့ကို အတည်ပြု စစ်ဆေးခဲ့ပါသည်။

အင်းလေးပြည်သူ့ကာကွယ်ရေးတပ်၏ ထုတ်ပြန်ချက်တွင် ညောင်ရွှေမြို့နယ်ရှိ ဘုရားတောင်ကျေးရွာနှင့် ရေပူကျေးရွာကို စစ်ကောင်စီနှင့် PNA တပ်တို့ အင်းအား (၁) ထောင့်ခန့် စစ်ကြောင်းထိုးလာရာမှ တိုက်ပွဲဖြစ်ပွားခဲ့ပြီး အင်အားမမျှသည့်အတွက် ဆုတ်ခွာပေးလိုက်ရကြောင်း ဖော်ပြထားပါသည်။ ထိုကျေးရွာရှိ ဉီးဇော်ဇော်ထွန်း၊ ဉီးရာကျော်၊ ဉီးအောင်လင်းဉီးနှင့် ဉီးကျော်နိုင်ဉီးတို့ နေအိမ်များကို PNA တပ်နှင့် စစ်ကောင်စီတပ်တို့က မီးရှို့ဖျက်ဆီးခဲ့မှုကို ပြင်းထန်စွာ ရှုံချကြောင်း ၂၀၂၅ ခုနှစ် ဇွန်လ ၂ ရက်နေ့ ညနေပိုင်းတွင် အသိပေးထုတ်ပြန်ထားသည်။

ထုတ်ပြန်ချက် လင့် – https://shorturl.at/MXptf

၎င်းတို့ ထုတ်ပြန်ချက်ကို ကရင်နီ ပြည်သူ့အသံမှ ဖော်ပြမှုမှာ အင်းလေးပြည်သူ့ကာကွယ်ရေးတပ်မှ ဆုတ်ခွာခဲ့ပြီးနောက် ညနေ ၄ နာရီခွဲအချိန်တွင် ရေပူကျေးရွာနှင့် ဘုရားတောင် ကျေးရွာအတွင်းသို့ စစ်ကောင်စီစစ်ကြောင်း ဝင်ရောက်လာပြီး ဘုရားတောင် ကျေးရွာအတွင်းရှိ ပြည်သူနေအိမ် (၄)လုံးထက်မနည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း ၂၀၂၅ ခုနှစ် ဇွန်လ ၃ ရက်နေ့တွင် ဖော်ပြထားပါသည်။

ကရင်နီ ပြည်သူ့အသံ သတင်းလင့် – https://shorturl.at/8P9si

စစ်ကောင်စီ ဝါဒဖြန့်လော်ဘီများ ဖြန့်ဝေထားသည့် ဘုရားတောင်ကျေးရွာကို KNDF အဖွဲ့မှ မီးရှို့ဖျက်ဆီးခဲ့ဆိုသည့် ဝါဒဖြန့်ဝေမှုကို အင်းလေးလူထုလှုပ်ရှားမှုမှ ဒေသခံများထံ အတည်ပြုဆက်သွယ်ရာတွင် ညောင်ရွှေမြို့နယ်အတွင်း မည်သည့် KNDF တပ်ဖွဲ့ဝင်များ မရှိကြောင်းကို ၂၀၂၅ ခုနှစ် ဇွန်လ ၃ ရက်နေ့တွင် ဖော်ပြထားပါသည်။

အင်းလေးလူထုလှုပ်ရှားမှု သတင်းလင့် – https://shorturl.at/Yegb4

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ စံကားဒေသ ရေပူ(ထီခိုး)နှင့်ဘုရားတောင်ရွာတွင် ဇွန်လ(၂)ရက်နေ့ နံနက်ပိုင်း၌ စစ်ကောင်စီနှင့် PNOပြည်သူ့စစ်က အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်တိုက်ခိုက်၍ တိုက်ပွဲဖြစ်ပွား ခဲ့ပါသည်။ ထီခိုးရွာတွင် တော်လှန်ရေးတပ်ဖွဲ့နှင့်နီးစပ်သူများ ၏နေအိမ်ကို မီးရှို့ဖျက်ဆီးခံရသလို အခြာနေအိမ်အလုံး ၄၀ ကျော်မီးလောင်ပျက်စီးသွားကြောင်း၊ PNO ပြည်သူ့စစ်မှ တော်လှန်ရေးအင်အားစုဘက်က ဒေသခံ နေအိမ်ကို မီးရှို့ခဲ့သည်ဟု စွပ်စွဲပြောဆိုထားခြင်းလည်းရှိကြောင်းကို ၂၀၂၅ ခုနှစ်ဇွန်လ ၃ ရက်နေ့တွင် ခမ်းသားငေါဝ်းမှ ဖော်ပြထားပါသည်။
ခမ်းသားငေါဝ်း သတင်းလင့် – https://shorturl.at/RFqef

“ရေပူကျေးရွာကို PNO တွေ ဝင်လို့ရသွားတော့ ရှေ့တန်းမှာ ကင်းအတူစောင့်ပေးနေတဲ့ ရေပူရွာသားတွေနဲ့ ရှေ့တန်းက PNO တပ်သားတို့က ဖုန်းကနေတစ်ဆင့် ပြောလာတယ် အိမ်တွေ ငါတို့ မီးရှို့လိုက်ပြီး မီးခိုးတွေ လှမ်းမြင်နေရလား ဆိုပြီးပေါ့ အဲဒီမီးရှို့ခံရတဲ့ အိမ်တွေက တော်လှန်ရေးတပ်ဖွဲ့ထဲ ဝင်လို့ သူတို့နေအိမ်ကို မီးရှို့လိုက်တာ သူတို့ကြောင့် တော်လှန်ရေးတပ်သားတွေ ရွာထဲကို ဝင်လာလို့ရတာဆိုပြီးပြောတယ် ပြည်သူ့စစ်ထဲဝင်တဲ့ရွာသားတွေက အရင်ကတည်းက ငါတို့ရွာထဲ ဝင်လို့ရရင် သူတို့အိမ်တွေ မီးအကုန်ရှို့ပစ်မယ်ဆိုပြီး ပြောထားတာရှိတယ် ခုတော့ တကယ် ဝင်လို့ရတော့ မနေ့က တကယ်မီးရှို့သွားပြီး” လို့ ထိုဒေသခံ အမျိုးသား တစ်ဉီးမှ ခမ်းသားငေါဝ်းကို ဇွန်လ ၃ ရက်နေ့တွင် အတည်ပြု ပြောကြားထားပါသည်။

တိုက်ပွဲဖြစ်ပွားသည့် ဖြစ်စဉ်နှင့် ပတ်သက်၍ “စစ်ကြောင်းကတော့ PNA၊ စကစ ပူးပေါင်းစစ်ကြောင်းပါ။ သူတို့က PDF တွေထိမ်းချုပ်ထားတဲ့ နယ်မြေတွေကိုလိုချင်လို့ပါ။ နောက်တစ်ခု PDF တွေကိုထောက်ပံ့နေတယ်လို့ သူတိုစွပ်စွဲထားတဲ့ ပြည်သူ့နေအိမ်ကို မီးရှို့ချင်တာပါ။ ထီရီး၊ နန်းပွန်၊ အင်းလေးရှေ့ဖက်ကမ်း ကန်ပတ်လမ်းကနေ သူတို့ စစ်ကြောင်း ဆင်းလာတယ်။ ပြီးတော့ ရှေ့လေးလလောက်ကတည်းကရောက်နေတဲ့ တြိဂံစစ်တိုင်းက တပ်ရင်းနှစ်ရင်းရော စုပေါင်းပြီးထိုးစစ်ဆင်လာတာပါ။ ညနေ ၄ခွဲလောက်မှာ သူတို့က မီးစတင်ပြီး ရှို့နေတယ်။ အိမ်က ၄လုံးထက်နည်းမီးရှို့ခံရပြီး ဘေးအိမ်တွေလဲမီးကူးစက်လောင်တာတွေရှိတယ်။ ခုလက်ရှိကတော့ ရေပူနဲ့ ဘုရားတောင်ကို PNAနဲ့ စစ်ကောင်စီတွေ ဝင်ရောက်နေရာယူထားပြီး ပြည်သူနေအိမ်တွေကိုဖျက်စီးနေပါတယ်။ မနက် ၈နာရီကနေစပြီး ရေပူနဲ့ ဘူရားတောင်ကျေးရွာတွေဘက်ကို သူတို့က လက်နက်ကြီး၊ ပွိုင့် 5 တွေနဲ့ တနေကုန် အလုံး ၁၀၀ကျော်လောက် ပစ်ခတ်တိုက်ခိုက်နေတယ်” လို့ အင်းလေးပြည်သူ့ကာကွယ်ရေးတပ် အမှတ်1009တပ်ရင်း၏ ပြန်ကြားရေးတာဝန်ခံ အင်သွေးနီမှ ဖက်ဒရယ် FM ကို ပြန်လည်ဖြေကြားခဲ့ပါသည်။

သုံးသပ်ချက်

ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့နယ် ရေပူကျေးရွာနှင့် ဘုရားတောင်ကျေးရွာတို့ရှိ ပြည်သူ့အချို့နေအိမ် မီးရှို့ဖျက်ဆီးခံခဲ့ရသည်မှာ သတင်းမှန် ဖြစ်ပါသည်။
ထိုနေအိမ် မီးရှို့ခံရသူများကို တော်လှန်ရေးတပ် အားပေးသူများဟု ဆိုကာ စစ်ကောင်စီနှင့် PNO/A ပြည်သူ့စစ်တို့မှ ရည်ရွယ်ချက်ရှိရှိ မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံပြောကြားချက်နှင့် သတင်းဌာနများ၏ ဖော်ပြချက်များကို စစ်ဆေးအတည်ပြုခဲ့ပါသည်။
ထို့ကြောင့် စစ်ကောင်စီ လော်ဘီနှင့် PNO ပြည်သူ့စစ် လော်ဘီခွန်ဆန်းအောင်တို့ ဝါဒဖြန့်ထားသည့် ရေပူကျေးရွာနှင့် ဘုရားတောင်ကျေးရွာရှိ ပြည်သူနေအိမ်ကို အင်းလေးပြည်သူ့ကာကွယ်ရေးတပ် (၁၀၀၉) နှင့် ကရင်နီ အမျိုးသား ကာကွယ်ရေးတပ် (KNDF) တို့မှ မီးရှို့ဖျက်ဆီး ထွက်ပြေးခဲ့ ဆိုသည့် အကြောင်းအရာမှာ စွပ်စွဲ ရေးသားထားသော သတင်းအမှားသာ ဖြစ်ပါသည်။
PNO ပြည်သူ့စစ်တို့သည် ပအိုဝ်းဒေသအတွင်း ပြည်သူ့နေအိမ်မီးရှို့ခြင်း၊ အပြစ်မဲ့ ပြည်သူသတ်ဖြတ်ခြင်းနှင့် ပြည်သူ့ပိုင်ပစ္စည်းများ ခိုးယူခြင်းစသည့် လူ့အခွင့်အရေးချိုးဖောက်မှုကို လုပ်ဆောင်နေယုံ သာမက စစ်ကောင်စီ၏ လူ့အခွင့်အရေးချိုးဖောက်မှုများကိုလည်း ကာကွယ်ပြောဆိုလျက်ရှိနေပါသည်။ ထိုသို့ကာကွယ်ပေးလိုရန်အတွက် ၎င်းတို့၏ လူ့အခွင့်အရေးချိုးဖောက်မှုများကို အခြားဆန့်ကျင်ဘက်အဖွဲ့အစည်းများသို့ လွဲချ စွပ်စွဲပြောဆို့လေ့ရှိကြောင်းကို ယခင် MFCN မှ အချက်အလက်စစ်ဆေးထားသည့် အကြောင်းအရာအချို့ကို ဖတ်ရှု့နိုင်ပါသည်။

ယခင် လင့် – https://shorturl.at/25n7P
ယခင် လင့် – https://shorturl.at/hutgl
ယခင် လင့် – https://shorturl.at/XE10W

သတိပြုရန်

Myanmar Fact-checking Network စာဖတ်ပရိတ်သတ်များအနေဖြင့် အွန်လိုင်းလူမှုပေါ်ရှိ သတင်းအချက်အလက် အကြောင်းအရာ များကို အလွယ်တကူမယုံကြည်ဘဲ လွတ်လပ်ပြီး အမှီခိုကင်းသည့် သတင်းမီဒီယာဌါနမှ သတင်းများကို ဝင်ရောက်ဖတ်ရှုရန် အကြံပြု တိုက်တွန်းလိုပါသည်။
ဒါအပြင် နောက်ပိုင်းတွင် မီဒီယာ အယောင်ဆောင်လာကြသည့် ဝါဒဖြန့်ချိသူများကိုလည်း သတိထားရန် ထပ်မံတိုက်တွန်းလိုပါသည်။

သတင်းအမှား အကြောင်းအရာဟု သံသယရှိပါက ခမ်းသားငေါဝ်း ဖေ့ဘုတ် (facebook page) နှင့် Myanmar Fact-checking Network (facebook page) ၏ မက်ဆေ့ဘောက်သို့ အချိန်မရွေး ပေးပို့မေးမြန်းနိုင်ပါသည်။
Myanmar Fact-checking Network အဖွဲ့ဝင်တို့ အချက်အလက်စစ်ဆေးထားသည့် သတင်းများကို ဤနေရာတွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

Web – https://myanmarfactcheckingnetwork.org/
Fb – https://www.facebook.com/myanmarfactcheckingnetwork
Fb- https://www.facebook.com/KhamSarNgor
#MFCN #RedFlag # #FactCheck #Mis_Disinformation# #ခမ်းသားငေါဝ်း #ဖက်ဒရယ်FM

Share:FacebookX

Follow @meksdemo

Instagram has returned empty data. Please authorize your Instagram account in the plugin settings .