ပဲခူးမြို့မှာ မေလ ၂၀ရက်က အသက် ၁၄ နှစ်အရွယ် ၇ တန်းကျောင်းသားတစ်ဦး ပျောက်ဆုံးသွားပြီး မေလ ၂၃ ရက်မှာ ရုပ်အလောင်းပြန်တွေ့ခဲ့ပါတယ်။
အဲဒီဖြစ်စဥ်မှာ ကျူးလွန်သူလို့ယူဆရသူနှစ်ဦးကို ဖမ်းဆီးထားပြီးဖြစ်တယ်လို့ ဖြစ်စဥ်မှာ ကူညီဆောင်ရွက်ပေးနေသူတွေက ပြောပါတယ်။
အင်တာနက်လူမှုကွန်ရက်အသုံးပြုသူတစ်ဦးနဲ့ စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေကတော့ အခုသတ်ဖြတ်မှုဟာ နိုင်ငံရေးခံယူချက် မတူတာကနေ ဖြစ်ပေါ်လာတာလို့ ရေးသားဖြန့်ချိနေကြပါတယ်။
အသတ်ခံရတဲ့ ကျောင်းသားရဲ့မိသားစုနဲ့ ကျူးလွန်သူဆိုသူထဲက တစ်ဦးတို့ဟာ ၂၀၂၁ခုနှစ် စစ်အာဏာသိမ်းပြီးစ ကာလမှာ သံပုံးမတီးတဲ့ကိစ္စနဲ့ ပြဿနာတက်ဖူးလို့ သားဖြစ်သူကို အခုလိုသတ်တာလို့ မေလ ၂၄ ရက်စပြီး လူမှုကွန်ရက်တွေမှာ ဖြန့်ချိနေကြတာပါ။
အဲဒီလို့ ဖြန့်ချိဖော်ပြနေတာတွေနဲ့ ပတ်သက်လို့ Myanmar Factchecking Network အဖွဲ့ဝင်ဖြစ်တဲ့ Dawei Watch က ကာယကံရှင်မိသားစုနဲ့ ကူညီဆောင်ရွက်ပေးနေသူတွေဆီ အတည်ပြုမေးမြန်းပြီး အချက်အလက်စိစစ်ကြည့်ရာမှာတော့ လွဲမှားနေတာကို စိစစ်တွေ့ရှိရပါတယ်။
ဘယ်လိုဖြန့်ချိကြသလဲ
သံပုံးမတီးတဲ့ ကိစ္စကနေ လူသတ်မှုဖြစ်တာလို့ Ko Ko Phyoe Wei ဆိုတဲ့ Facebook အကောင့်ကနေ မေလ ၂၄ ရက် မွန်းလွဲ ၁ နာရီကျော်မှာ စတင်ဖြန့်ချိခဲ့တာပါ။
သူရဲ့ဖော်ပြချက်မှာတော့ ကျူးလွန်သူလို့ဆိုသူထဲက တစ်ဦးဟာ အာဏာသိမ်းစကာလမှာ သံပုံးတီးရာမှာ ပါဝင်ခဲ့သူဖြစ်ပြီး ကျောင်းသားရဲ့ မိသားစုကတော့ သံပုံးမတီးတဲ့အတွက် ပြဿနာဖြစ်ဖူးကြတယ်လို့ ဆိုထားပါတယ်။ နောက်ပိုင်း လက်နက် ကိုင် တော်လှန်ရေးလုပ်ကြတဲ့အချိန် သံပုံးတီးသူဟာလည်း ပျောက်သွားခဲ့ပြီး လွန်ခဲ့တဲ့ နှစ်လလောက်ကမှ ပြန်ရောက်လာ တာလို့လည်း ရေးသားထားပါတယ်။ ပြန်ရောက်ပြီး မကြာခင်မှာပဲ လူသတ်မှုကျူးလွန်တာ ဖြစ်တယ်လို့ ဖြန့်ချိခဲ့တာဖြစ်ပါတယ်။
Ko Ko Phyoe Wei အကောင့်ရဲ့ ဖော်ပြချက်မှာ Reaction ပြုလုပ်သူ တစ်ထောင်၊ မျှဝေသူ တစ်ရာကျော်၊ မှတ်ချက်ပြုသူ ဦးရေ ၁၂ ဦး နဲ့ ဆက်လက်ပျံ့နှံ့ နေပါတယ်။ ဒီလင့်ခ်မှာ ကြည့်နိုင်ပါတယ်။
Ko Ko Phyoe Wei ရဲ့ တယ်လီဂရမ်ချန်နယ်ဖြစ်တဲ့ မောင်ဆူးလှည်း အမည်နဲ့ ချန်နယ်မှာ အလားတူဖော်ပြချက်ကို ဖော်ပြထားတာ တွေ့ရပါတယ်။ အောက်ဒီလင့်ခ်မှာ ကြည့်နိုင်ပါတယ်။
နောက်ထပ် အဲဒီဖော်ပြချက်နဲ့ အလားတူဖော်ပြကြတဲ့ စစ်ကောင်စီဝါဒဖြန့်တယ်လီဂရန်ချန်နယ်တွေကတော့ Suscriber ပြုလုပ်ထားသူ ခုနစ်ရာကျော်ကနေ နှစ်သိန်းနီးပါး ရှိတဲ့ ဘဲဥမ ၊ ဘညွန့်၊ Snow Queen နဲ့ Kyaw Swar ချန်တွေ ဖြစ်ကြပါတယ်။ အောက်ဖော်ပြပါလင့်ခ်တွေမှာ ကြည့်နိုင်ပါတယ်။
ဘဲဥမ ချန်နယ် လင့်ခ် ၊ ဘညွန့် ချန်နယ် လင့်ခ်၊ Snow Queen ချန်နယ် လင့်ခ်၊ Kyaw Swar ချန်နယ် လင့်ခ်။
ပဲခူးမှာ ၇ တန်းကျောင်းသား ပြန်ပေးဆွဲ အသတ်ခံရ
ပဲခူးမြို့မှာ ၇တန်းကျောင်းသားတစ်ဦးဟာ မေလ ၂၀ ရက် ညနေ ၅ နာရီမှာ ပျောက်သွားခဲ့တယ်လို့ ပဲခူးမြို့အခြေစိုက် သုဘနာရေးကူညီမှုအသင်း တာဝန်ရှိသူ ဦးတင်ထွန်းက လူမှုကွန်ရက်မှာ မေလ ၂၁ ရက်က အကူအညီတောင်းခံ ဖော်ပြခဲ့ပါတယ်။ အဲဒီဖော်ပြချက်ကို ဒီလင့်ခ်မှာ ကြည့်နိုင်ပါတယ်။
မေလ ၂၃ ရက်မှာတော့ ၇ တန်းကျောင်းသားရဲ့ အလောင်းကို မဇင်းဆည်နံဘေး ချုံထဲမှာ ပြန်တွေ့ရတာကြောင့် ရဲတပ်ဖွဲ့ စစ်ချက်ယူပြီးနောက် သုဘနာရေးကူညီမှုအသင်းက ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ရပါတယ်။ ရုပ်အလောင်း ပြန်တွေ့တဲ့ ဖော်ပြချက်ကို ဒီလင့်ခ်မှာ ကြည့်နိုင်ပါတယ်။
အဲဒီနောက် ပြန်ပေးဆွဲ သတ်ဖြတ်မှုကို ကျူးလွန်တယ်ဆိုတဲ့ ပဲခူးမြို့၊ မဇင်းရပ်ကွက်မှာနေတဲ့ ဦးနိုင်အောင်ဖြိုးနဲ့ မဇင်းတိုးချဲ့ ရပ်ကွက်မှာနေတဲ့ ဦးအောင်ကျော်ဇောတို့နှစ်ဦးကို ရဲတပ်ဖွဲ့က မေလ ၂၃ ရက်မှာ ဖမ်းဆီးနိုင်ခဲ့တယ်လို့ ကူညီဆောင်ရွက်ပေး နေသူတွေဆီက သိရပါတယ်။
ကျူးလွန်သူဆိုပြီး ဖမ်းခံထားရသူနှစ်ယောက်ကတော့ အကြွေးဆပ်ဖို့ ငွေလိုအပ်နေတာကြောင့် ကျောင်းသားကို ပြန်ပေးဆွဲ ခဲ့ပြီး မိဘဖြစ်သူတွေဆီလည်း ငွေနဲ့ လာရွေးဖို့ ဆက်သွယ်ခဲ့တယ်လို့ ထွက်ဆိုခဲ့တယ်လို့ အဲဒီဖြစ်စဥ် အကြောင်းအရာတွေကို သိရှိတဲ့ ပဲခူးအခြေစိုက် သုဘနာရေးကူညီမှု အသင်းတာဝန်ရှိသူရဲ့ လူမှုကွန်ရက်မှာ ဖော်ပြပါတယ်။ အဲဒီဖော်ပြချက်ကို ဒီလင့်ခ်မှာ ကြည့်နိုင်ပါတယ်။
အထက်ပါဖြစ်စဥ်နဲ့ ပတ်သက်ပြီး “၇ တန်းကျောင်းသားအသတ်ခံရမှုမှ ကျူးလွန်သူ ၁ ဦးကို ဖမ်းမိ ” ခေါင်းစဥ်နဲ့ DVB သတင်းဌာနက မေလ ၂၄ ရက်မှာ သတင်းဖော်ပြထားတာရှိပါတယ် ။ DVB သတင်းကို ဒီလင့်ခ်မှာ ကြည့်နိုင်ပါတယ်။
People’s Spring သတင်းဌာနကလည်း “ပဲခူးတွင် G-7ကျောင်းသား ပြန်ပေးဆွဲသတ်ဖြတ်သူများမှာ မူးယစ်ဆေးစွဲနေသူများ ဖြစ်၊ သုံးဦးဖမ်းမိထား” ခေါင်းစဥ်နဲ့ မေလ ၂၃ က သတင်းဖော်ပြထားတာရှိပါတယ်။ People’s Spring ရဲ့ သတင်းကို ဒီလင့်မှာ ကြည့်နိုင်ပါတယ်။
အဲဒီသတင်းနှစ်ပုဒ်စလုံးမှာလည်း ၇တန်းကျောင်းသားဟာ ပြန်ပေးဆွဲပြီး အသတ်ခံရတယ်လို့ပဲ ဖော်ပြထားတာ တွေ့ရှိ ရပါတယ်။
ကျောင်းသားသတ်ဖြတ်ခံမှု ဘာကြောင့်ဖြစ်ခဲ့တာလဲ
ကျောင်းသား အသတ်ခံရမှုနဲ့ပတ်သက်လို့ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ရဲ့ စစ်ဆေးချက်၊ ဖြစ်စဉ်မှာ ကူညီဆောင်ရွက် ပေးနေသူတွေနဲ့ ကျောင်းသားရဲ့ မိသားစုဆီကနေ သိရှိရတဲ့ အချက်အလက်တွေအရ အခုဖြစ်စဉ်ဟာ ငွေကြေးအတွက် ပြန်ပေးဆွဲရာကနေ သတ်ဖြတ်ခံရတာဖြစ်တယ်ဆိုတာကို အတည်ပြုနိုင်ခဲ့ပါတယ်။
ကျူးလွန်သူဆိုပြီး ဖမ်းဆီးခံထားရသူထဲက တစ်ဦးဖြစ်တဲ့ ဦးနိုင်အောင်ဖြိုးဟာ ကျောင်းသားရဲ့ မိသားစုနဲ့ တစ်လမ်းတည်း နေထိုင်သူဖြစ်တယ်လို့ ပဲခူးမြို့အခြေစိုက် သုဘနာရေးကူညီမှု အသင်းတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ ဒါပေမဲ့ ရဲတပ်ဖွဲ့ထံ ထွက်ဆိုချက်တွေမှာ ငွေကြေးရလိုမှုနဲ့ ပြန်ပေးဆွဲခဲ့တယ်လို့ပဲ ပေါ်ပေါက်ပြီး သံပုံးမတီးတဲ့ ပြဿာနာကြောင့် ဆိုပြီး မပေါ်ပေါက်ဘူးလို့ ရဲတပ်ဖွဲ့ကြေးနန်းကို ကိုးကားပြီး သူက ပြောဆိုပါတယ်။
“ကျူးလွန်သူနှစ်ယောက်ရဲ့ ထွက်ဆိုချက်မှာရော၊ ရဲတပ်ဖွဲ့ရဲ့ စစ်ဆေးတွေ့ရှိချက်၊ ရဲမှတ်တမ်းတွေမှာရော ပြန်ပေးဆွဲတဲ့ ကိစ္စလို့ပဲ သိရပါတယ်။ နိုင်ငံရေးနဲ့ မဆိုင်ပါဘူး။ စစ်ဆေးပေါ်ပေါက်တဲ့အထဲမှာလည်း အဲဒီကိစ္စတွေပါတာ မကြားမိပါဘူး။ အခုလည်း လူသတ်မှုနဲ့ တရားစွဲဖို့ပဲလုပ်နေပါတယ်”လို့ အထက်ပါအသင်း တာဝန်ရှိသူက ပြောပါတယ်။
ကာယကံရှင်ဖြစ်တဲ့ ၇ တန်းကျောင်းသားရဲ့မိခင်ဆီ Dawei Watch ဆက်သွယ်မေးမြန်းရာမှာလည်း နိုင်ငံရေးကိစ္စတွေနဲ့ ဆက်စပ်မှု မရှိဘူးလို့ ပြောဆိုခဲ့ပါတယ်။
“နိုင်ငံရေးနဲ့ မဆိုင်ပါဘူး။ ကျွန်မကလေးအတွက် အလှူလုပ်ထားပြီး ပင်ပန်းနေလို့ ဒီလောက်ပဲပြောပါရစေရှင့်” လို့ ကျောင်းသားမိခင်က ပြောပါတယ်။
စိစစ်တွေ့ရှိချက်
ကာယကံရှင်မိသားစုနဲ့ ဖြစ်စဥ်အတွင်း ကူညီဆောင်ရွက်ပေးခဲ့တဲ့ မြို့ခံနာရေးကူညီမှုအသင်းတွေဆီ ဆက်သွယ်မေးမြန်း ချက်အရ ကလေးပြန်ပေးဆွဲမှုသာဖြစ်တယ်တာကို အတည်ပြုနိုင်ခဲ့ပါတယ်။ ငွေကြေးရလိုမှုကြောင့် ပြန်ပေး ဆွဲရာကနေ ဖြစ်ပွားခဲ့တဲ့ လူသတ်မှုကို နိုင်ငံရေးအယူအဆ မတူလို့ဆိုပြီး ပုံမှားရိုက် သတင်းဖြန့်ချိခဲ့တာအဖြစ် စိစစ်တွေ့ရှိရပါတယ်။
စစ်ကောင်စီဝါဒဖြန့်သူတွေဟာ အခုလိုပဲ ထင်ယောင်ထင်မှားဖြစ်စေနိုင်တဲ့၊ တော်လှန်ရေးကိုပုံဖျက်ဖို့ ကြိုးပမ်းတဲ့ ဖြန့်ချိမှုတွေကို မကြာခဏ လုပ်ဆောင်လေ့ရှိပါတယ်။
၂၀၂၄ ခုနှစ် စက်တင်ဘာလက ဖြစ်ပွားခဲ့တဲ့ မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်၊ မုကွဲရွာက မူလတန်းပြဆရာမတစ်ဦး ကိုယ်ရေးကိုယ်တာ ကိစ္စတစ်ခုကြောင့် အသတ်ခံရစဥ်မှာလည်း PDF တွေ သတ်တယ်ဆိုပြီး တယ်လီဂရမ်ချန်နယ်တွေက သတင်းအမှားလွှင့်ဖူးပါတယ်။ အဲဒီအကြောင်းအရာနဲ့ပတ်သက်လို့ Dawei Watch က အချက်အလက် စိစစ်ထားတာကို ဒီလင့်ခ်မှာ ကြည့်နိုင်ပါတယ်။
စာဖတ်သူတွေအနေနဲ့ သတင်းတု၊ သတင်းမှားတွေ၊ စစ်ဆေးပေးစေလိုတဲ့ သံသယဖြစ်ဖွယ် သတင်းအချက်အလက်တွေ ရှိလာရင်ဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ် မဟုတ်အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ် Myanmar Fact Checking Network နဲ့ Myanmar Fact Checking Network အဖွဲ့ဝင်ဖြစ်တဲ့ Dawei Watch ရဲ့ မက်ဆင်ဂျာကနေတစ်ဆင့် ဆက်သွယ်ပြီး အချက်အလက်စစ်ဆေးပေးဖို့ အကူအညီတောင်းနိုင်ပါတယ်။