၂၀၂၅ ခုနှစ်၊ မေလ ၂၈ ရက်
(Fact Check) DNA/ လဂွန်းအိမ်/ The Red Flag
လူမှုကွန်ရက်စာမျက်နှာတခုဖြစ်တဲ့ တယ်လီဂရန်မှာ ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ ကျွန်းကြီးရွာက KTLA ပကဖ မင်္ဂလာဆောင်ကို ဗုံးခွဲတိုက်ခိုက်လို့ လူ ၃၀ ခန့် ထိခိုက်ဒဏ်ရာရ သေဆုံးခဲ့တယ်ဆိုပြီး ရေးသား ဖြန့်ဝေနေတာကို တွေ့ရပါတယ်။
၂၀၂၅ ခုနှစ်၊ မေ ၂၅ ရက်မှာ “နေပြည်တော်” တယ်လီဂရန် ချန်နယ်ကနေ “ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ ကျွန်းကြီးကျေးရွာတွင် ဒီနေ့မနက် ၁၁ နာရီအကြမ်းဖက် KTLA ပကဖ မင်္ဂလာဆောင် ပြုလုပ်နေချိန် ဗုံးခွဲ တိုက်ခိုက်သဖြင့် ၃၀ ဦးထက်မနည်း သေဆုံးခဲ့သည်ဟု သိရသည်။ မူလ ကနဦး သိထားရတဲ့ ထိခိုက်သေဆုံး မှာ ၁၀ ကောင်သေတယ်၊ ၂၀ ကျော်ဒဏ်ရာရတိုပြတ်တယ်။ မြေပြင်ထပ်အတည်ပြုနေတုန်းပါ” လို့ ရေးသား ဖြန့်ဝေခဲ့တာကို တွေ့ရပါတယ်။
ဒီအကြောင်းအရာကို ဝင်ရောက်ကြည့်ရှုသူ ၉,၅၅၇ ဦး၊ React ပေးသူ ၁၂၀ ကျော်၊ မျှဝေသူ ၂၂ ဦးရှိတာကို တွေ့ရပါတယ်။
နေပြည်တော်- https://archive.ph/4qzZH
ဒီအကြောင်းအရာကို Truth Media နဲ့ U Nay Win တယ်လီဂရန်ချန်နယ်တွေကနေ ထပ်မံရေးသားဖြန့်ဝေ ခဲ့လို့ ပျံ့နှံ့နေပါတယ်။
U Nay Win- https://archive.ph/cTjfj
Truth Media- Truth
ဒီသတင်းကို “Wai Yan Myanmar” Youtube Channel ကလည်း PDF တပ်ဖွဲ့ဝင် သတို့သားနဲ့ KNU က ဌေးမောင်ထွေးရဲ့ သမီးတို့ ရွှေလမ်းငွေလမ်း ဖောက်တာကို ဗုံးကြဲခဲ့တယ်လို့” ဖြန့်ဝေခဲ့တာကို တွေ့ရပါတယ်။
Wai Yan Myanmar Youtube Channel – https://archive.ph/yvAAz
အဲဒီသတင်းကို Myanmar Fact-checking Network အဖွဲ့ဝင်ဖြစ်တဲ့ Delta News Agency နဲ့ လဂွန်းအိမ် စာစဉ်တို့က စစ်ဆေးကြည့်ရာမှာ အောက်ပါအတိုင်း တွေ့ရပါတယ်။
☑️ သတင်းစိစစ်ချက်
ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ ကျွန်းကြီးရွာ မင်္ဂလာဆောင်ကို မေ ၂၅ ရက်က တိုက်လေယာဉ် ၁ စီးနဲ့ ဗုံး ၂ လုံးကြဲခဲ့ရာ အသက်၂၂ နှစ်အရွယ်သတို့သမီး နော်ကမွီးဖော၊ အသက် ၅ နှစ်အရွယ် ကလေး ၂ ဦးအပါအဝင် ဒေသခံ ၈ ဦးနေရာတွင်ပင်သေဆုံးခဲ့ပြီး ပြင်းထန်ဒဏ်ရာရသူ ၄ ဦး ထပ်မံသေဆုံးခဲ့ရာ သေဆုံးသူ ၁၂ ဦးရှိပြီး ထိခိုက်ဒဏ်ရာရသူ ၃၇ ဦးအနက် ၁၈ နှစ်အောက် ကလေး ငယ် ၁၃ ဦးပါဝင်ကာ သတို့သမီးရဲ့ နေအိမ် အပါ အဝင် နေအိမ် ၁၁ လုံး၊ ဈေးဆိုင်၊ တဲတချို့နဲ့ကျေးရွာ အလယ်တန်းကျောင်းတို့ ထိခိုက်ပျက်စီးခဲ့တယ်”လို့ မေလ ၂၇ ရက်က Myanmar Now က ရေးသားဖော်ပြထားပါတယ်။
Myanmar Now – https://archive.ph/hfDxT
“ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ ကျွန်းကြီးကျေးရွာက မင်္ဂလာဆောင်ကို လေကြောင်းက ဗုံးကြဲ တိုက်ခိုက်ခဲ့ရာ သတို့သမီးနဲ့ ကလေးများ အပါအဝင် ၁၀ ဦး သေဆုံးပြီး ဒဏ်ရာရသူ ၂၀ ကျော်ရှိကာ ပြင်းထန် ဒဏ်ရာရသူ ၇ ဦး ခန့် ရှိတယ်”လို့ The Irrawaddy က ရေးသားဖော်ပြထားပါတယ်။
The Irrawaddy – https://archive.ph/YQFnP
“ကေအဲန်ယူ- ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ (၃) နယ်မြေ၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်၊ ကျွန်းကြီးကျေးရွာမှာ မေလ (၂၅) ရက်က မင်္ဂလာဆောင်ပွဲ ပြုလုပ်နေချိန် စစ်ကောင်စီက ဗုံးကြဲ တိုက်ခိုက်ခဲ့လို့ သတို့သမီး၊ ကလေးများ အပါအဝင် ၁၀ ဦးခန့် သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရှိသူ ၂၀ ဦး ထက်မနည်း ရှိတယ်”လို့ KIC က ရေးသားဖော်ပြထားပါတယ်။
KIC – https://archive.ph/Wz4vZ
ထို့အပြင် တောင်ပိုင်းစစ်ဒေသ၊ အမှတ် (၂) စစ်ဒေသခွဲကလည်း “ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ ကျွန်းကြီးရွာက မင်္ဂလာဧည့်ခံပွဲ နေအိမ်ကို စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ မေလ ၂၅ ရက်၊ မနက်ပိုင်းက လေယာဥ် နဲ့ ဗုံးကြဲ တိုက်ခိုက်ခဲ့လို့ နေအိမ်ပျက်စီးကာ သတို့သမီးနဲ့ ကလေးများ အပါအဝင် ၁၀ ဦးခန့် သေဆုံးခဲ့ပြီး ၂၀ ကျော် ထိခိုက်ဒဏ်ရာများ ရရှိခဲ့တယ်”လို့ ထုတ်ပြန်ခဲ့ပါတယ်။
တောင်ပိုင်းတိုင်းစစ်ဒေသ အမှတ် – ၂ စစ်ဒေသခွဲ- https://archive.ph/mQebD
ကရင့်အမျိုးသား အစည်းအရုံး (KNU) ကလည်း “လယ်ဒိုမြို့နယ်၊ ကျွန်းကြီးကျေးရွာက မင်္ဂလာပွဲ ကျင်းပနေတဲ့ နေရာကို စစ်ကောင်စီ တပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက် ခဲ့တာကြောင့် အသက်မပြည့်သေးတဲ့ ကလေး ၁၃ ဦး အပါအဝင် ဒေသခံ ၃၇ ဦး ပြင်းထန်စွာ ဒဏ်ရာရခဲ့ကာ ၅ နှစ်အရွယ် ကလေး ၂ ဦးနဲ့ သတို့သမီး အပါအဝင် ၁၂ ဦး သေဆုံးခဲ့တယ်” လို့ ထုတ်ပြန်ထားပါတယ်။
KNU ရဲ့ ထုတ်ပြန်ချက်မှာ သေဆုံးခဲ့ရ သူများနဲ့ ထိခိုက်ဒဏ်ရာ ရှိသူများ စာရင်းကို အမည်နှင့်တကွ ဖော်ပြထား တာကိုလည်း တွေ့ရပါတယ်။
KNU- https://ghostarchive.org/archive/jJnoC
☑️သုံးသပ်ချက်
ဒေသတွင်း မီဒီယာတွေနဲ့ လွတ်လပ်တဲ့ မီဒီယာတွေမှာ ကျောက်ကြီးမြို့နယ်၊ ကျွန်းကြီးကျေးရွာက မင်္ဂလာဆောင် မှာ ဗုံးခွဲခံရလို့ သတို့သမီး အပါအဝင် ထိခိုက်သေဆုံးခဲ့ရကြောင်း ဖော်ပြထားတာ မတွေ့ရပါဘူး။
ထို့အပြင် ထိခိုက်သေဆုံးခဲ့ သူများဟာလည်း ဒေသခံ ပြည်သူများသာ ဖြစ်ကြကြောင်း သက်ဆိုင်ရာ အဖွဲ့အစည်း တွေနဲ့ လွတ်လပ်သော မီဒီယာတွေမှာ ဖော်ပြထားတာကိုသာ တွေ့ရပါတယ်။
ထို့ကြောင့် နေပြည်တော် တယ်လီဂရမ်ချန်နယ်က ဖော်ပြထားတဲ့ “ကျွန်းကြီးရွာမှာ အကြမ်းဖက် KTLA ၊ ပကဖ မင်္ဂလာဆောင် ဗုံးကွဲခံရပြီး သတို့သမီး အပါ ၃၀ ကျော်သေဆုံး ထိခိုက်တိုပြတ် များပြား” ဆိုတာ မှားယွင်းနေပြီး ၎င်းတို့ အုပ်ချုပ်ခွင့်မရရင် အေးချမ်းစွာ နေလို့မရစေရဘူး ဆိုတဲ့ စစ်ကောင်စီရဲ့ အကျင့်အတိုင်း ပြည်သူတွေကို အကြောက်တရားပေးဖို့ ဗုံးကြဲဖျက်ဆီး ခဲ့တာသာ ဖြစ်ပါတယ်။
ဒီကနေ့ခေတ်ဟာ ဆိုရှယ်မီဒီယာခေတ်ဖြစ်တဲ့အတွက် အဲဒီဆိုရှယ်မီဒီယာတွေပေါ်မှာ အကြောင်းအရာ တခုခုကို ပုံဖျက်ဖို့၊ ဝါဒဖြန့်ဖို့၊ ကိုယ်ကျိုးရှာဖို့ ရည်ရွယ်ပြီး သတင်းအတု၊ သတင်းအမှားတွေကို ရည်ရွယ် ချက်ရှိရှိ ဖြန့်ဝေနေကြတာကြောင့် အလွယ်တကူ မယုံကြည်ဖို့၊ ပြန်ပြီး မမျှဝေကြဖို့ အကြံပြုလိုပါတယ်။
စာဖတ်သူတွေ အနေနဲ့ သတင်းတု/သတင်းမှား ဖြစ်တယ်လို့ သံသယရှိရင် ပဲဖြစ်ဖြစ်၊ မှန်ကန်တဲ့ သတင်း ဟုတ်၊ မဟုတ် အတည်ပြု မေးမြန်းလိုရင် ပဲဖြစ်ဖြစ်၊ Fact Check ပြုလုပ်ပေးနေတဲ့ သတင်းဌာန၊ အဖွဲ့အစည်းတွေရဲ့ Chat Box ကနေ သွားရောက်မေးမြန်းကြဖို့ တိုက်တွန်းလိုပါတယ်။
Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
Web – https://myanmarfactcheckingnetwork.org/
Fb – https://www.facebook.com/myanmarfactcheckingnetwork