၂၀၂၅၊ မေလ ၂၆ ရက်။
(fact-check) MPA/ လဂွန်းအိမ်/ The Red Flag
စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ မင်းစုကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့မှု အတွင်း သေဆုံးခဲ့ရတဲ့ ဒေသခံ ပြည်သူများကို အကြမ်းဖက်များဟု စစ်တပ်လော်ဘီ ချန်နယ်တွေက ဝါဒဖြန့် နေတာကို တွေ့ရပါတယ်။
စစ်တပ်ဝါဒဖြန့် တယ်လီဂရမ် ချန်နယ်တခုဖြစ်တဲ့ “Truth Media” က ‘မင်းကင်းမြိုနယ်၊ မင်းစု အကြမ်းဖက်များ ကို ဗုံးကြဲ သုတ်သင်ခဲ့ရာ သေဆုံး ၃၀ ကျော်လာပြီဟု ထပ်မံ သတင်းရရှိသည်။’ ဟု (မူရင်းအရေးအသားအတိုင်း) ရေးသားဖော်ပြထားတာကို တွေ့ရပါတယ်။
မေလ ၂၆ ရက်နေ့ထိ ကြည့်ရှုသူ ၈,၈၉၈ ဦးနဲ့ Reaction ၁၀၀ ကျော်ရှိ Truth Media ရဲ့ မူရင်းဖော်ပြချက်ကို ဒီမှာ http://archive.today/31akD ကြည့်ပါ။
အဆိုပါ ဖော်ပြချက်ကို နေပြည်တော် အမည်ရှိ စစ်တပ်လော်ဘီ တယ်လီဂရမ် ချန်နယ်ကလည်း ပြန်လည်မျှဝေ ထားတာကို တွေ့ရပါတယ်။
နေပြည်တော် – http://archive.today/TRvOX
ဖြန့်ဝေထားတဲ့ အကြောင်းအရာနဲ့ ပတ်သက်ပြီး Myanmar Fact-Checking Network အဖွဲ့ဝင်ဖြစ်တဲ့ MPA နဲ့ လဂွန်းအိမ် တို့က စစ်ဆေးကြည့်ရာမှာ သတင်းအမှားဖြစ်ကြောင်း တွေ့ရှိရပါတယ်။
#သတင်းစိစစ်တွေ့ရှိချက်
တယ်လီဂရမ်ချန်နယ်မှာ ပျံ့နှံ့နေတဲ့ သတင်းအကြောင်းအရာကို Google မှာ မင်းကင်းမြို့နယ်၊ မင်းစုရွာကို စစ်တပ်ဗုံးကြဲဆိုတဲ့ စာသားနဲ့ ရှာဖွေကြည့်ရာ BBC, DVB,MFP သတင်းမီဒီယာတွေမှာ ရေးသားဖော်ပြ ထားတာကိုတွေ့ရပါတယ်။
BBC သတင်းမီဒီယာမှာ “ ကလေး – မင်းကင်း ကားလမ်းမပေါ်က သာစည်နဲ့ မင်းစုရွာတို့ကို စစ်ကောင်စီတပ်က လေကြောင်းဗုံးကြဲတာကြောင့် ကလေးအပါဝင်အရပ်သား ၇ ယောက် သေဆုံးခဲ့ကြောင်း၊ ဒဏ်ရာရသူများထဲမှ ၆ ယောက် ထပ်မံသေဆုံးတာကြောင့် သေဆုံးသူ စုစုပေါင်း ၁၃ ဦးထိရှိကြောင်း” ရေးသားဖော်ပြထားပါတယ်။
DVB သတင်းမီဒီယာမှာလည်း “ မင်းစုရွာကို စစ်တပ်ဗုံးကြဲမှုကြောင့် မွေးကင်းစ ကလေးအပါဝင် ၁၁ ဦး သေဆုံးခဲ့ကြောင်း ၊ ဗုံးဒဏ်ကြောင့် နေအိမ် ၁၀ လုံးဝန်းကျင် ထိခိုက်ပျက်စီးခဲ့ကြောင်း” ရေးသားဖော်ပြ ထားပါတယ်။
MFP သတင်းမီဒီယာမှာ “စစ်ကောင်စီတပ်က Cluster ဆင့်ကဲ ပေါက်ကွဲဗုံးကို အသုံးပြုပြီး ဗုံးကြဲခဲ့တာကြောင့် ဘောလုံးကွင်း တကွင်းစာ ရောက်ရှိခဲ့ကြောင်း” ရေးသားဖော်ပြထားပါတယ်။
သတင်းမီဒီယာလင့်ခ်များ
#သုံးသပ်ချက်
မင်းစုရွာကိုစစ်ကောင်စီတပ်က လေကြောင်းဗုံးကြဲခဲ့တာကြောင့် မွေးကင်းစကလေးအပါဝင် ပြည်သူ ၁၃ ဦးထိခိုက်သေဆုံးခဲ့ရပါတယ်။လွတ်လပ်ပြီး အမှီခိုကင်းတဲ့ သတင်းဌာနတွေရဲ့ အတည်ပြု ဖော်ပြချက်အရ မင်းကင်းမြို့နယ်၊ မင်းစုကျေးရွာ လေကြောင်း တိုက်ခိုက်မှု အတွင်း သေဆုံးခဲ့ရ သူများဟာ ကလေးငယ်များနဲ့ အရပ်သား ပြည်သူတွေသာ ဖြစ်နေတာကို တွေ့ရပါတယ်။
ထို့ကြောင့် “Truth Media” ချန်နယ်က ဖော်ပြထားတဲ့ “မင်းကင်းမြို့နယ်၊ မင်းစုရွာ လေကြောင်း တိုက်ခိုက်မှု အတွင်း သေဆုံးခဲ့ရ သူများမှာ အကြမ်းဖက်များ ဖြစ်တယ်” ဆိုတာက လုံးဝ မှားယွင်းနေတဲ့ စစ်ကောင်စီ ဝါဒဖြန့် သတင်းတပုဒ်သာ ဖြစ်တာကို တွေ့ရပါတယ်။
စစ်ကောင်စီက ၎င်းတို့ ကျူးလွန်ခဲ့တဲ့ အရပ်သား ပြည်သူတွေကို ပစ်မှတ်ထား လေကြောင်း တိုက်ခိုက်မှုများကို ဖုံးကွယ်နိုင်ဖို့ ထိခိုက်သေဆုံးခဲ့ရ သူတွေဟာ တော်လှန်ရေး တပ်ဖွဲ့ဝင်တွေ၊ တော်လှန်ရေးနဲ့ ပတ်သက်ဆက်နွယ် နေသူတွေသာ ဖြစ်တယ်လို့ စစ်တပ်လော်ဘီ ချန်နယ်တွေကနေ မကြာခဏ ဝါဒဖြန့် ဖော်ပြနေကြပါတယ်။
စာဖတ်သူတွေ အနေနဲ့ သတင်းတု/သတင်းမှား ဖြစ်တယ်လို့ သံသယရှိရင် ပဲဖြစ်ဖြစ်၊ မှန်ကန်တဲ့ သတင်း ဟုတ်၊ မဟုတ် အတည်ပြု မေးမြန်းလိုရင် ပဲဖြစ်ဖြစ်၊ Fact Checking ပြုလုပ်ပေးတဲ့ သတင်းဌာန/အဖွဲ့ အစည်းတွေရဲ့ Chat Box ကနေ သွားရောက်မေးမြန်းကြဖို့ တိုက်တွန်းလိုပါတယ်။
Myanmar Fact-checking Network အဖွဲ့ဝင်ဖြစ်တဲ့ လဂွန်းအိမ်စာစဉ် နဲ့ MPA FactCheck အဖွဲ့ တို့ကိုလည်း Facebook page ကနေ ဆက်သွယ်မေးမြန်းပြီး အချက်အလက်စစ်ဆေးပေးဖို့ တောင်းဆိုနိုင်ပါတယ်။
Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
Web – https://myanmarfactcheckingnetwork.org/
Fb – https://www.facebook.com/myanmarfactcheckingnetwork