၂၀၂၅ ခုနှစ်၊ မေလ ၁၂ ရက်။
(fact-check) MPA/ လဂွန်းအိမ်/ The Red Flag
စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ အိုးတိန်တွင်း ကျေးရွာ စာသင်ကျောင်း ဖြစ်စဉ်မှာ တော်လှန်ရေး တပ်ပေါင်းစု AA, CNA/CNF, NUG, PDF အဖွဲ့များ အစည်းအဝေး လုပ်နေချိန်တွင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့တာ ဖြစ်ပြီး ရာနဲ့ချီ သေဆုံးခဲ့တယ်လို့ သတင်းအမှား ဖြန့်နေတာကို တွေ့ရပါတယ်။
စစ်တပ်ဝါဒဖြန့် တယ်လီဂရမ် ချန်နယ်ဖြစ်တဲ့ “နေပြည်တော်” က မြေပြင်ဖြစ်စဉ် အမှန်ဆိုပြီး “စာသင်ကျောင်းမှာ အကြမ်းဖက်များ အစည်းအဝေး လုပ်နေချိန် ပေါက်ကွဲမှု ဖြစ်စဉ် ….…. စုစုပေါင်း ရာနဲ့ချီ ကြွကုန်ကြတာပါ။” ဟု ရေးသားဖော်ပြ ထားတာကို တွေ့ရပါတယ်။
အဆိုပါ ဖော်ပြချက်ဟာ မေလ ၁၇ ရက်နေ့ မနက်အထိ ကြည့်ရှုသူ ၄,၈၀၀ ကျော်၊ Like and react ၁၀၀ နီးပါး ပျံနှံမှု ရှိနေပါတယ်။ (မူရင်း ဖော်ပြချက် – http://archive.today/3ZaLv)
ဖြန့်ဝေထားတဲ့ အကြောင်းအရာနဲ့ ပတ်သက်ပြီး Myanmar Fact-Checking Network အဖွဲ့ဝင်ဖြစ်တဲ့ MPA နဲ့ လဂွန်းအိမ် တို့က စစ်ဆေးကြည့်ရာမှာ သတင်းအမှားဖြစ်ကြောင်း တွေ့ရှိရပါတယ်။
စိစစ်တွေ့ရှိချက်
စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ အိုးတိန်တွင်း တောင်ရွာနဲ့ အိုးတိန်တွင်း မြောက်ရွာ ဆုံရာမှာရှိတဲ့ စာသင်ကျောင်း ပေါ်ကို မေလ ၁၂ ရက် မနက်ပိုင်းက လေကြောင်း တိုက်ခိုက်ခံရတာကြောင့် စာသင်ကြားနေတဲ့ ကလေးငယ်များ အပါအဝင် ဆရာမ နှစ်ဦး သေဆုံးခဲ့ကြောင်း BBC သတင်းဌာနက ဖော်ပြထားပါတယ်။
BBC သတင်းလင့် – https://shorturl.at/fIjr2
ထို့အပြင် Myanmar Now သတင်းဌာန မှာလည်း လေတပ်က ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကျောင်းသား/သူများ အပါအဝင် ၂၂ ဦးထပ်မနည်း သေဆုံးခဲ့၊ အများအပြား ဒဏ်ရာရ ခဲ့တယ်လို့ ဖော်ပြထားပြီး တိုက်လေယာဉ် တစီး ကနေ ဗုံး ၂ လုံး ကြဲချခဲ့တာလို့ ဆိုထားပါတယ်။
Myanmar Now သတင်းလင့် – https://myanmar-now.org/mm/news/63589/
အိုးတိန်ကွင်းရွာ ပေါက်ကွဲမှု ဖြစ်စဉ်ဟာ လေကြောင်း တိုက်ခိုက် ခံရမှုကြောင့် ဖြစ်ပွားခဲ့တယ် ဆိုတာကို MFCN ကလည်း စစ်ဆေးအတည်ပြုကာ “အိုးတိန်တွင်းကျေးရွာ လေကြောင်းတိုက်ခိုက်မှု ဝိဝါဒရှင်းတမ်း” အနေဖြင့် ဖော်ပြထားပါတယ်။
MFCN ရဲ့ အိုးတိန်တွင်းကျေးရွာ လေကြောင်းတိုက်ခိုက်မှု ဝိဝါဒရှင်းတမ်း ကို ဒီမှာ – https://shorturl.at/tvb0W ဖတ်ရှုနိုင်ပါတယ်။
အလားတူ အိုးတိန်ကွင်းရွာ စာသင်ကျောင်းကို ဗုံးကြဲခဲ့တာ မဟုတ်ဘဲ PDF တွေ လက်လုပ်ဗုံး စမ်းသပ်နေရင်း ပေါက်ကွဲမှု ဖြစ်ပွားခဲ့တာဆိုတဲ့ စစ်ကောင်စီရဲ့ ဝါဒဖြန့် သတင်းတပုဒ်ကို Myanmar Fact-checking Network က အချက်အလက် စိစစ်ဖော်ပြခဲ့ပြီး ဖြစ်ပါတယ်။
MFCN factcheck link – https://www.facebook.com/share/v/1BX3jU6g3P/
သုံးသပ်ချက်
လွတ်လပ်ပြီး အမှီခိုကင်းတဲ့ သတင်းဌာနတွေရဲ့ အတည်ပြု ဖော်ပြချက်အရ အိုးတိန်တွင်းရွာ စာသင်ကျောင်း ဖြစ်စဉ်ဟာ စစ်ကောင်စီရဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဖြစ်တာကို တွေ့ရပါတယ်။
လေကြောင်း တိုက်ခိုက်မှု ဖြစ်စဉ်တွင် ထိခိုက်သေဆုံး ခဲ့ရသူများဟာလည်း ကျောင်းသား/သူများနဲ့ ဆရာမ ၂ ဦး သာ ဖြစ်တာကို တွေ့ရပြီး တော်လှန်ရေး တပ်ဖွဲ့ဝင်တွေ ရာနဲ့ချီ သေဆုံးခဲ့တယ် ဆိုတာက မှားယွင်းနေပါတယ်။
ထို့အပြင် အိုးတိန်ကွင်း စာသင်ကျောင်းမှာ AA, CNA/CNF, NUG, PDF အဖွဲ့တွေ အစည်းအဝေး လုပ်နေတယ် ဆိုတဲ့ ခိုင်လုံတဲ့ သက်သေပြချက်ကို တွေ့ရှိရခြင်း မရှိပါဘူး။
ထို့ကြောင့် “နေပြည်တော်” ချန်နယ်က ဖော်ပြထားတဲ့ “တော်လှန်ရေး အဖွဲ့များ အစည်းအဝေး လုပ်နေချိန်တွင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့တာ ဖြစ်ပြီး ရာနဲ့ချီ သေဆုံးခဲ့တယ်” ဆိုတာက လုံးဝ မှားယွင်းနေတဲ့ စစ်ကောင်စီ ဝါဒဖြန့် သတင်းတပုဒ်သာ ဖြစ်တာကို တွေ့ရပါတယ်။
အိုးတိန်ကွင်းရွာ စာသင်ကျောင်းကို ဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် ကျောင်းသား/သူ တွေနဲ့ ဆရာမ တွေ သေဆုံး ခဲ့ရတဲ့ ဖြစ်စဉ်ကို ဖုံးကွယ်နိုင်ဖို့ စစ်တပ်ဝါဒဖြန့် ချန်နယ်တွေက သတင်းမှားတွေကို ပုံစံမျိုးစုံနဲ့ ရည်ရွယ်ချက်ရှိရှိ ဝါဒဖြန့် ဖော်ပြနေတာကြောင့် သတိပြုကြဖို့ တိုက်တွန်းလိုပါတယ်။
စာဖတ်သူတွေ အနေနဲ့ သတင်းတု/သတင်းမှား ဖြစ်တယ်လို့ သံသယရှိရင် ပဲဖြစ်ဖြစ်၊ မှန်ကန်တဲ့ သတင်း ဟုတ်၊ မဟုတ် အတည်ပြု မေးမြန်းလိုရင် ပဲဖြစ်ဖြစ်၊ Fact Checking ပြုလုပ်ပေးတဲ့ သတင်းဌာန/အဖွဲ့ အစည်းတွေရဲ့ Chat Box ကနေ သွားရောက်မေးမြန်းကြဖို့ တိုက်တွန်းလိုပါတယ်။
Myanmar Fact-checking Network အဖွဲ့ဝင်ဖြစ်တဲ့ လဂွန်းအိမ်စာစဉ် နဲ့ MPA FactCheck အဖွဲ့ တို့ကိုလည်း Facebook page ကနေ ဆက်သွယ်မေးမြန်းပြီး အချက်အလက်စစ်ဆေးပေးဖို့ တောင်းဆိုနိုင်ပါတယ်။
Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
Web – https://myanmarfactcheckingnetwork.org/
Fb – https://www.facebook.com/myanmarfactcheckingnetwork