17 May 2025 By MPA + လဂွန်းအိမ် – The Red Flag
မန္တလေးတိုင်း၊ မိုးကုတ်မြို့တွင် TNLA ကင်းလှည့်ရဲတပ်ဖွဲ့ ပစ်ခတ်ခံရမှုကို TNLA နှင့် PDF များတိုက်ပွဲဖြစ်ရာ TNLA များ သေဆုံးဟု မေ ၁၅ ရက်က စစ်ကောင်စီတပ် ဝါဒဖြန့် တယ်လီဂရမ် ချန်နယ်များမှာ သတင်းအမှား ဖြန့်ထားကြပါသည်။
မှိုင်းဝေ တယ်လီဂရမ်ချန်နယ်က မေ ၁၅ ရက် ညနေ ၅ နာရီဝန်းကျင်တွင် “ မိုးကုတ်တွင် TNLA နှင့် PDF များတိုက်ပွဲဖြစ်၊ TNLA တပ်ကို PDF များက အလစ်ငိုက်တိုက်ခိုက်ရာ TNLA များသေဆုံး” ဟု ရေးသား ဖြန့်ဝေထားတာ တွေ့ရပါသည်။
အဆိုပါ ရေးသားဖြန့်ဝေမှုကို မေ ၁၆ ရက် မနက်အထိ ကြည့်ရှုသူ ၃၄,၀၀၀ ကျော်ရှိပြီး like and react လုပ်သူ ၈၉၀ ကျော်ရှိကာ အခြား တယ်လီဂရမ် ချန်နယ်များကလည်း ကူးယူဖော်ပြထားသဖြင့် ပျံ့နှံ့မှုနှုန်း များနေသည်။
သတင်းအမှားလင့်ခ်များ
မှိုင်းဝေ https://archive.ph/PelKN
ကိုနှင်းမောင် https://archive.ph/qzt33
Min Din https://archive.ph/Kww4R
တယ်လီဂရမ်တွင် ပျံ့နှံ့နေသော အကြောင်းအရာများ နှင့် ပတ်သက်၍ Myanmar Fact-Checking Network ၏ အဖွဲ့ဝင်ဖြစ်သော MPA နှင့် လဂွန်းအိမ် က အချက်အလက် စစ်ဆေးကြည့်ရာ သတင်းအမှားဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရသည်။
သတင်းအမှားဖြစ်ကြောင်း သက်သေပြစိစစ်ချက်
တယ်လီဂရမ် ချန်နယ်တွင် ပျံ့နှံ့နေသည့် သတင်း အကြောင်းအရာနှင့် ပတ်သက်ပြီး Google တွင် “မိုးကုတ်မြို့” ဆိုသည့် စာသားဖြင့် ရှာဖွေကြည့်ရာ “Shwe Phee Myay နှင့် DVB “ သတင်းမီဒီယာတွင် ရေးသားဖော်ပြထား သည်ကို တွေ့ရသည်။
Shwe Phee Myay သတင်းမီဒီယာတွင် “ TNLA ထိန်းချုပ်ထားသည့် မိုးကုတ်မြို့ အရှေ့ပိုင်း လယ်ဦးရပ်ကွက်
မှာ တအာင်းရဲတပ်ဖွဲ့ ပစ်ခတ်ခံခဲ့ရကြောင်း၊ အမည်မသိ လူတစ်စုက ဆိုင်ကယ် ၂ စီးဖြင့် လက်ပစ်ဗုံးဖြင့် ပစ်ခတ် ခဲ့ကြောင်း ၊ ပစ်ခတ်သူများထဲမှ တစ်ဦးကိုဖမ်းဆီးထားမိရကြောင်း ရေးသားဖော်ပြထားသည်။
Shwe Phee Myay သတင်းလင့်ခ် – https://shorturl.at/ZjaQ
DVB သတင်းမီဒီယာတွင် “လက်ပစ်ဗုံး ပစ်ခတ်မှုတွင် နှစ်ဖက်ထိခိုက်မှုမရှိကြောင်း၊ ပစ်ခတ်မှုတွင် ပါဝင်သူသည် အဖွဲ့စည်းများနှင့် ပတ်သက်မှုမရှိကြောင်း” ရေးသားဖော်ပြထားသည်။
DVB သတင်းလင့်ခ် – https://burmese.dvb.no/post/705609
ထပ်မံ၍ အတည်ပြုနိုင်ရန် မိုးကုတ်မြို့တွင် လက်ရှိ နေထိုင်နေသည့် ဒေသခံ တစ်ဦးကို MFCN က ဆက်သွယ် မေးမြန်းရာ “တိုက်ပွဲဖြစ်ပွားတာ မရှိပါဘူး” ဟု ဖြေဆိုသည်။
မိုးကုတ်မြို့နယ် ပကဖ ကို ဆက်သွယ်မေးမြန်းရာ “အဲ့တာ သတင်းအမှားပါ၊ ဘယ်သူမှ ထိခိုက်မှု မရှိခဲ့ဘူး၊ လက်ပစ်ဗုံးနဲ့ ပစ်ခတ်သူကလည်း ဘယ်အဖွဲ့စည်းကမှ မဟုတ်ဘူး” ဟု MFCN ကို ဖြေဆိုသည်။
သုံးသပ်ချက်
မိုးကုတ်မြို့ အရှေ့ပိုင်း၊ လယ်ဦးရပ်ကွက်တွင် တအာင်းရဲတပ်ဖွဲ့ ကင်းလှည့်နေစဥ် အမည်မသိ လူတစ်စုက လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး တစ်ဦးကို ဖမ်းဆီးရမိခဲ့သည်။ အဆိုပါ ပစ်ခတ်မှုတွင် နှစ်ဖက် ထိခိုက်သေဆုံးမှု မရှိခဲ့ပါ။ ထို့အပြင် ပစ်ခတ်မှုသည် တိုက်ပွဲဖြစ်ပွားခြင်း မဟုတ်သည့်အပြင် ပစ်ခတ်သည့် လူငယ်သည်လည်း အဖွဲ့စည်းများနှင့် ပတ်သက်မှု မရှိသူ ဖြစ်သည်။
ထို့ကြောင့် “မိုးကုတ်တွင် TNLA နှင့် PDF များတိုက်ပွဲဖြစ်ရာ TNLA များ သေဆုံး” ဆိုသည်မှာ သတင်းအမှား အကြောင်းအရာ ဖြစ်သည်။
စာဖတ်သူများ အနေနဲ့ သတင်းတု/သတင်းမှား ဖြစ်တယ်လို့ သံသယရှိရင်ပဲဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ်၊ မဟုတ်အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ်၊ Fact Checking ပြုလုပ်ပေးတဲ့ သတင်းဌာန/အဖွဲ့ အစည်းတွေရဲ့ Chat Box ကနေ သွားရောက်မေးမြန်းကြဖို့ တိုက်တွန်းလိုပါသည်။
Myanmar Fact-checking Network အဖွဲ့ဝင်ဖြစ်သည့် လဂွန်းအိမ် 0 Fact Check နဲ့ MPA Fact Check အဖွဲ့ကိုလည်း Facebook page ကနေ ဆက်သွယ်မေးမြန်းပြီး အချက်အလက် စစ်ဆေးပေးဖို့ တောင်းဆိုနိုင်ပါသည်။
Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက် စစ်ဆေးထားသည့် သတင်းတွေကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။