မြိတ်-ထားဝယ်လမ်းတွင် စစ်ရေးတင်းမာနေချိန် ဝင်းဝတံတားကို KNU၊ PDF ဗုံးခွဲဟု သတင်းအမှားဖြန့်
Share:FacebookX

မြိတ်-ထားဝယ်လမ်းတွင် စစ်ရေးတင်းမာနေချိန် ဝင်းဝတံတားကို KNU၊ PDF ဗုံးခွဲဟု သတင်းအမှားဖြန့်

ယခုနှစ် ဧပြီလအတွင်း မြိတ်-ထားဝယ်ကားလမ်းမပေါ်မှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစုတွေကြား စစ်ရေး တင်းမာနေပြီး လမ်းပိတ်နေချိန် အဲဒီလမ်းပိုင်းပေါ်မှာရှိတဲ့ ဝင်းဝတံတားကို KNU နဲ့ PDF တပ်ဖွဲ့တွေက ဗုံးခွဲဖျက်ဆီးခဲ့တယ်လို့ စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေက ဖော်ပြကြပါတယ်။

Myanmar Factchecking Network အဖွဲ့ဝင်ဖြစ်တဲ့ Dawei Watch က အထက်ပါအကြောင်းအရာကို အချက်အလက် စစ်ဆေးကြည့်ရာမှာတော့သတင်းအမှားဖြစ်တာကို စိစစ်တွေ့ရှိရပါတယ်။

Suscriber ပြုလုပ်ထားသူ နှစ်သောင်းခြောက်ထောင်ကျော်ရှိတဲ့ အမဲလိုက်မုဆိုးကြီး သတင်းမှန် ဆိုတဲ့ တယ်လီဂရမ်ချန်နယ်က အဲဒီဖော်ပြချက်ကို ဧပြီလ ၂၀ ရက်မှာ စတင်ဖော်ပြခဲ့ပါတယ်။

အဲဒီဖော်ပြချက်ဟာ ယနေ့ မေလ ၁၄ ရက်အထိ မြင်တွေ့ထားသူ ခြောက်ထောင်ကျော်နဲ့ Reaction ပြုလုပ်ထားသူ ၉၀ ရှိပြီး ဆက်လက်ပျံ့နှံ့နေဆဲဖြစ်ပါတယ်။ အဲဒီဖော်ပြချက်ကို ဒီလင့်ခ်မှာ ကြည့်နိုင်ပါတယ်။

စစ်ရေးတင်းမာမှုကြောင့် မြိတ်-ထားဝယ်ကားလမ်းပိတ်

ဧပြီလ ၁၈ ရက်မှာ တော်လှန်ရေးအင်အားစုတွေက စစ်ကောင်စီရဲ့ ဝင်းဝရဲစခန်းကို ဝင်ရောက်တိုက်ခိုက်ပြီးနောက်မှာ စစ်ကောင်စီဘက်ကလေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပြီး နှစ်ဖက်စစ်ရေးတင်းမာခဲ့ပါတယ်။

ဒါ့အပြင် ဧပြီလ ၂၃ရက်မှာလည်း မြိတ်-ထားဝယ် ကားလမ်းပေါ်က ပုလောမြို့နယ်၊ ဆင်ထိုးကြီးရွာမှာလည်း နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့ပါတယ်။

စစ်ရေးတင်းမာမှုကြောင့် ကုန်းလမ်းဆက်သွယ်ရေးတွေ ပိတ်ဆို့ခဲ့ပြီး ခရီးသွားများဟာ ရေလမ်းကို အသုံးပြုသွားလာ ခဲ့ရပါတယ်။

မြိတ်-ထားဝယ်လမ်းပိုင်းမှာ တိုက်ပွဲပြင်းထန်နေလို့ ရေလမ်းကနေ သွားလာသူပိုများခဲ့တဲ့အကြောင်းကို Dawei Watch က ရုပ်သံသတင်း ဖော်ပြထားတာ ရှိပါတယ်။ အဲဒီရုပ်သံသတင်းကို ဒီလင့်ခ်မှာ ကြည့်နိုင်ပါတယ်။

မြိတ်-ထားဝယ် ကားလမ်းမှာ တိုက်ပွဲဖြစ်ပြီး ကုန်ကားတွေ ဖြတ်သန်းခွင့် မရဘဲ ပိတ်မိနေတာကြောင့် ရေလမ်းကနေ ကုန်ပစ္စည်းတွေကို သယ်ယူပို့ဆောင်နေရတဲ့အကြောင်း DVB သတင်းဌာနကလည်း ရုပ်သံသတင်းဖော်ပြထားတာရှိပါတယ်။

မြိတ်-ထားဝယ်ကားလမ်း ပြန်လည်သွားလာခွင့်ရ

လဝက်ခန့်အကြာ ပြင်းထန်ခဲ့တဲ့ တိုက်ပွဲတွေ ပြန်လည်ငြိမ်သက်လာတာကြောင့် မြိတ်-ထားဝယ် ကားလမ်းလည်း ပြန်လည်သွားခွင့်ရရှိပါတယ်။

နှစ်ဖက်တိုက်ပွဲတွေ ပြန်လည်ငြိမ်သက်သွားပြီဖြစ်တာကြောင့် မြိတ်-ထားဝယ်ကားလမ်းကို ပြန်လည်သွားလာနိုင်ပြီ ဖြစ်တယ်လို့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ် KNLA တပ်မဟာ ၄ အထူးတပ်ဖွဲ့က မေလ ၆ ရက်မှာ ကြေညာခဲ့ပါတယ် ။

မေလ ၆ ရက်မှာတော့ မြိတ်-ထားဝယ်ကားလမ်းမပေါ် မော်တော်ကားတွေ ပြန်လည်သွားလာနေပြီဖြစ်တဲ့အကြောင်း ရုပ်သံနှင့်တကွ လွတ်လပ်သောမွန်သတင်းအေဂျင်စီက သတင်းဖော်ပြခဲ့ပါတယ်။

ဝင်းဝတံတား ထိခိုက်မှုမရှိ

မြိတ်-ထားဝယ်ကားလမ်းကို ကားများ ပြန်လည် ဖြတ်သန်းသွားလာနေကြပြီဖြစ်ပြီး ဝင်းဝတံတား ဗုံးခွဲ ဖျက်ဆီးခံထားရတယ်ဆိုတာ မဟုတ်မမှန်တဲ့အကြောင်း အတည်ပြုနိုင်ခဲ့ပါတယ်။

ကားသမားတွေနဲ့ ဝင်းဝရွာခံတွေကို မေးမြန်းအတည်ပြုချက်တွေနဲ့ ပေးပို့လာတဲ့ ဓာတ်ပုံမှတ်တမ်းတွေအရ ဗုံးခွဲဖျက်ဆီးခံရတာ မရှိဘူးဆိုတာကို စိစစ်တွေ့ရှိရပါတယ်။

ဒေသခံတစ်ဦး မေလ ၁၁ ရက်က ရိုက်ကူးထားပြီး ပေးပို့လာတဲ့ ဝင်းဝတံတားကို အဝေးလှမ်းမြင်ရတဲ့ ဓာတ်ပုံတွေကို အောက်ဖော်ပြပါ ဓာတ်ပုံမှတ်တမ်းထဲမှာ တွေ့ရပါတယ်။

လမ်းပိုင်းကို ပုံမှန် သွားလာအသုံးပြုနေတဲ့ မြိတ်အခြေစိုက် ပရဟိတအဖွဲ့တစ်ခု ဝင်းဝတံတား အခြေအနေနဲ့ပတ်သက်ပြီး ပျက်စီးမှု မရှိဘဲ ပုံမှန်အတိုင်းသွားလာလို့ ရတဲ့အကြောင်း မေလ ၉ ရက်က လူမှုကွန်ရက်ဖော်ပြထားပါတယ် ။

မြိတ်-ထားဝယ်လမ်းပိုင်းကို မေလ ဒုတိယအပတ်အတွင်း အသုံးပြုသွားလာခဲ့တဲ့ ကားသမားတစ်ဦးကလည်း ဝင်းဝတံတား ဗုံးခွဲ ဖျက်ဆီးခံရတာ မရှိဘူးလို့ ပြောဆိုပါတယ်။

“ဝင်းဝတံတား ဘာမှ မဖြစ်ဘူး။ အခြားတံတားတွေလည်း ဘာမှမဖြစ်ဘူး။ လမ်းကြောင်းက ပုံမှန်ပဲ။ ရုတ်တရက် ပစ်ခတ်ကြရင် ခဏပိတ်မိတာလောက်ပဲရှိတယ်”

ဝင်းဝတံတား ဗုံးခွဲဖျက်ဆီးခံရတယ်လို့ စစ်ကောင်စီဝါဖြန့်ချန်နယ်က ရေးသားဖြန့်ဝေပြီး သုံးရက်အကြာ ဧပြီလ ၂၃ ရက်မှာ တံတားကို Sentinel 2 LA-2 Map နဲ့ ကြည့်ရှုရာမှာလည်း တံတား ထိခိုက်ပျက်စီးတာမျိုး မတွေ့ရပါဘူး။

စိစစ်တွေ့ရှိချက်

မြိတ်-ထားဝယ်ကားလမ်းမှာ စစ်ရေးပြင်းထန်ခဲ့ပေမယ့် အဲဒီကာလအတွင်း ဝင်းဝတံတား ဗုံးဖောက်ခွဲဖျက်ဆီးခံရ တယ်ဆိုတာကတော့ မမှန်ကန်ဘူးဆိုတာကို ဒေသခံတွေ၊ ကားသမားတွေကို မေးမြန်းအတည်ပြုချက်၊ ဓာတ်ပုံ အထောက်အထားတွေ အပါအဝင် ခိုင်မာတဲ့ အထောက်အထားတွေအရ အတည်ပြုနိုင်ခဲ့ပါတယ်။

စစ်ရေးတင်းမာပြီး လမ်းတွေ ပိတ်နေချိန်မှာ တော်လှန်ရေးအင်အားစုတွေက ပုံဖျက်ဖို့ စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်က သတင်းအမှား ရေးသားဖြန့်ချိတာအဖြစ် ကောက်ချက်ချပါတယ်။

လမ်းပိတ်ထားချိန် ရွာသားတွေ ထွက်ပြေးတိမ်းရှောင်နေရပြီး ကားတွေလည်း သွားလာမှုမရှိတာကြောင့် အချက်အလက် စိစစ်အတည်ပြုရာတွင် ကြန့်ကြာမှုတွေ ရှိခဲ့ပါတယ်။

အချက်အလက်စိစစ်ဖို့ တောင်းဆိုနိုင်ပါတယ်

စာဖတ်သူတွေအနေနဲ့ သတင်းတု၊ သတင်းမှားတွေ၊ စစ်ဆေးပေးစေလိုတဲ့ သံသယဖြစ်ဖွယ် သတင်းအချက်အလက်တွေ ရှိလာရင်ဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ် မဟုတ်အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ် Myanmar Fact Checking Network နဲ့ Myanmar Fact Checking Network အဖွဲ့ဝင်ဖြစ်တဲ့ Dawei Watch ရဲ့ မက်ဆင်ဂျာကနေတစ်ဆင့် ဆက်သွယ်ပြီး အချက်အလက်စစ်ဆေးပေးဖို့ အကူအညီတောင်းနိုင်ပါတယ်။

Share:FacebookX

Follow @meksdemo

Instagram has returned empty data. Please authorize your Instagram account in the plugin settings .