ထိုင်းသင်္ကြန်မှာ မြန်မာအချင်းချင်း ဓားထိုးမှုဖြစ်စဉ်အပေါ် တော်လှန်ရေးတံဆိပ်ကပ်ဝါဒဖြန့်
Share:FacebookX

ထိုင်းသင်္ကြန်မှာ မြန်မာအချင်းချင်း ဓားထိုးမှုဖြစ်စဉ်အပေါ် တော်လှန်ရေးတံဆိပ်ကပ်ဝါဒဖြန့်

ထိုင်းသင်္ကြန် ဆုန်ကရန်ပွဲတော်ကာလအတွင်း ဧပြီလ ၁၄ရက်က ထိုင်းနိုင်ငံ၊ မဟာချိုင်ဒေသမှာ မြန်မာနိုင်ငံသားအချင်းချင်း ဓားထိုးမှုဖြစ်ပြီး တစ်ဦးသေဆုံးခဲ့တဲ့ဖြစ်စဥ်ရှိခဲ့ပါတယ်။

အဲဒီဖြစ်စဥ်အပေါ်မှာ စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေက တော်လှန်ရေးလုပ်သူတွေအချင်းချင်း ဖြစ်သယောင် တံဆိပ်ကပ်ဝါဒဖြန့်တာကို ဧပြီလ ၁၅ ရက်မှာ စဖော်ပြခဲ့ပါတယ်။

Myanmar Factchecking အဖွဲ့ဝင်ဖြစ်တဲ့ Dawei Watch က အဲဒီဖော်ပြချက်ကို အချက်အလက်စိစစ်ကြည့်ရာမှာတော့ အချက်အလက်အမှားဖြစ်ကြောင်း စိစစ်တွေ့ရှိရပါတယ်။

Suscriber တစ်သိန်းခုနစ်သောင်းကျော်ရှိတဲ့ “မှိုင်းဝေ” အမည်နဲ့ တယ်လီဂရမ်ချန်နယ်က ဖြန့်ချိထားတဲ့ ဖော်ပြချက်ကို ကြည့်ရှူပြီးသူ သုံးသောင်းခြောက်ထောင်ကျော်၊ Reaction ပြုလုပ်ထားသူ ခုနစ်ရာကျော်နဲ့ ဆက်လက်ပျံ့နှံ့ နေဆဲဖြစ်ပါတယ်။ ဒီလင့်ခ်မှာ ကြည့်နိုင်ပါတယ်။

မဟာချိုင်မှာ ရေကစားရင်း ရန်ဖြစ်ကာ မြန်မာအချင်းချင်း ဓားထိုးမှုဖြစ်

ထိုင်းနိုင်ငံ၊ စမွတ်စခွန်ခရိုင်၊ မဟာချိုင်ဒေသမှာ သင်္ကြန်ကာလ ရေကစားနေရင်း မြန်မာအချင်းချင်း ရန်ဖြစ်ပြီး ဓားထိုးမှုဖြစ်ရာကနေ တနင်္သာရီတိုင်း၊ပုလောမြို့နယ်၊ ပလောက်ဒေသခံတစ်ဦး သေဆုံးခဲ့ပါတယ်။

ဧပြီလ ၁၄ရက် ညနေ ၃နာရီလောက်မှာ ဝီလ ၁၇လမ်းထဲ ရေကစားချိန် မြန်မာမိန်းကလေးတစ်ဦးကို သနပ်ခါးလိမ်းရာကနေ အစပြု ရန်ဖြစ်ရာကနေဓားထိုးမှုဖြစ်ခဲ့ပြီး သေဆုံးသူမှာ အသက် ၂၅ နှစ်အရွယ် ကိုဇေယျာကျော် ဖြစ်ကြောင်း နီးစပ်သူတွေဆီကနေ သိရပါတယ်။

ဓါးဖြင့်ထိုးခဲ့သော မြန်မာနိုင်ငံသားအပါအဝင် ရန်ဖြစ်ရာတွင် ပါဝင်သူများကို ဧပြီလ ၁၄ ရက် ည ၈ နာရီလောက်မှာ ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်းအမှုမှာ လိုက်ပါကူညီဆောင်ရွက်ပေးနေသူတွေက ဆိုပါတယ်။

အဲဒီတဲ့ သတင်းကို ဖြစ်စဥ်အတွင်း အမှုလိုက်ပါကူညီဆောင်ရွက်ပေးနေသူကို မေးမြန်းပြီး Dawei Watch က ဧပြီလ ၁၄ ရက်မှာ သတင်းဖော်ပြခဲ့ပါတယ်။ Dawei Watch ရဲ့ သတင်းကို ဒီလင့်ခ်မှာ ကြည့်နိုင်ပါတယ်။

အခြား သတင်းဌာနတွေကလည်း ထိုင်းသတင်းဌာနကဖော်ပြချက်နဲ့ ဖြစ်စဥ်အားသိရှိတဲ့သူတွေကို မေးမြန်းချက်တွေ ကို ကိုးကားက ဖော်ပြထားတဲ့ သတင်းတွေဖော်ပြခဲ့ကြပါတယ်။

“မဟာချိုင်တွင် မြန်မာအချင်းချင်း ဓားထိုးမှုဖြစ်ပြီး တစ်ဦးသေဆုံး” သတင်းခေါင်းစဉ်နဲ့ The Irrawaddy – Burmese Edition က ဖော်ပြခဲ့တဲ့ သတင်းကို ဒီလင့်ခ်မှာ ကြည့်နိုင်ပါတယ်။

“မဟာချိုင် ဓားထိုးမှုက ကျူးလွန်သူဆိုတဲ့ မြန်မာလူငယ်လေးဦးကို ထိုင်းရဲဖမ်းမိ” သတင်းခေါင်းစဉ်နဲ့ BBC Burmese ရဲ့ ဖော်ပြချက်ကို ဒီလင့်ခ်မှာ ကြည့်နိုင်ပါတယ်။

ဓားထိုးမှုဖြစ်စဥ်ဟာ တော်လှန်ရေးနဲ့ မသက်ဆိုင်

မဟာချိုင်မှာ သင်္ကြန်ကာလကဖြစ်ခဲ့တဲ့ ဓားထိုးမှုဖြစ်စဥ်ဟာ တော်လှန်ရေးနဲ့ သက်ဆိုင်တဲ့ကိစ္စမဟုတ်ဘဲ ရေကစားရာကနေ စကားများပြီး ဓားထိုးမှုဖြစ်တဲ့ဖြစ်စဥ်သာဖြစ်တယ်လို့ အမှုမှာ လိုက်ပါဆောင်ရွက်ပေးနေသူအား Dawei Watch က ဆက်သွယ်မေးမြန်းရာ အခုလို ပြောပါတယ် ။

“ဒီဖြစ်စဥ်က တော်လှန်ရေးနဲ့ လည်းမဆိုင်ဘူး။ ဘာအရေးနဲ့မှလည်း မဆိုင်ဘူး။ အဓိက ရေကစားကြရင်း တစ်ယောက်နဲ့ တစ်ယောက် ခိုက်ရန်ဖြစ်ကြတာ။ ဝါဒဖြန့်တဲ့ သတင်းတွေကတော့ ဒီလိုပဲ ဝါဒဖြန့်တယ်။ ဒါပေမဲ့ ဒီအမှုရဲ့ အစအဆုံးကို ကျွန်တော်က ကူညီပေးနေတော့ ဒီအမှုကိစ္စက တော်လှန်ရေးနဲ့ လုံးဝမသက်ဆိုင်ဘူးလို့ ပြောနိုင်ပါတယ်”

စိစစ်တွေ့ရှိချက်

မဟာချိုင်ဒေသမှာ မြန်မာအချင်းချင်း ဓားထိုးမှုဖြစ်ပြီး သေဆုံးတာဟာ သင်္ကြန်ရေကစားရင်းကနေ ခိုက်ရန်ဖြစ်ရာကနေ ဖြစ်ပွားတယ်ဆိုတာကို ထိုင်းသတင်းဌာနတွေ၊ လွတ်လပ်တဲ့ မြန်မာသတင်းဌာနတွေက ဖော်ပြခဲ့ကြသလို အမှုမှာ လိုက်ပါကူညီ ဆောင်ရွက်ပေးနေသူတွေကလည်း အတည်ပြုပြောဆိုကြပါတယ်။

ဒီဖြစ်စဉ်အပေါ် စစ်ကောင်စီဝါဒဖြန့်တယ်လီဂရမ်ချန်နယ်က တော်လှန်ရေးကို ပုံဖျက်ဖို့အတွက် တော်လှန်ရေးလုပ်သူတွေ အချင်းချင်းဖြစ်သယောင် အချိန်ကိုက်ဝါဒဖြန့်တာအဖြစ် စိစစ်တွေ့ရှိရပါတယ်။

အချက်အလက်စိစစ်ဖို့ တောင်းဆိုနိုင်ပါတယ်

စာဖတ်သူတွေအနေနဲ့ သတင်းတု၊ သတင်းအမှားတွေ၊ စစ်ဆေးပေးစေလိုတဲ့ သံသယဖြစ်ဖွယ် သတင်းအချက်အလက်တွေ ရှိလာရင်ဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ် မဟုတ်အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ် Myanmar Fact Checking Network နဲ့ Myanmar Fact Checking Network အဖွဲ့ဝင်ဖြစ်တဲ့ Dawei Watch ရဲ့ မက်ဆင်ဂျာကနေတစ်ဆင့် ဆက်သွယ်ပြီး အချက်အလက်စစ်ဆေးပေးဖို့ အကူအညီတောင်းနိုင်ပါတယ်။

Share:FacebookX

Follow @meksdemo

Instagram has returned empty data. Please authorize your Instagram account in the plugin settings .