ရိုဟင်ဂျာလူငယ်များအား အေအေတပ်သားများမှနေ ရိုက်နှက်နေသည်ဆိုကာ​ ဗီဒီယိုသုံးပြီး သတင်းအမှားဖြန့်
Share:FacebookX

ရိုဟင်ဂျာလူငယ်များအား အေအေတပ်သားများမှနေ ရိုက်နှက်နေသည်ဆိုကာ​ ဗီဒီယိုသုံးပြီး သတင်းအမှားဖြန့်

20 April 2025

Akyab Post

ရိုဟင်ဂျာလူငယ်တွေကို ထိပ်တုံးခတ်ထားပြီးတော့ လူတစ်ဦးက ရိုက်နှက်နေတဲ့​ ဗီဒီယိုတစ်ခု ဧပြီလ ၁၅ ရက်နေ့က စလို့ ဆိုရှယ်မီဒီယာထက်မှာ ပျံ့နှံ့လျက်ရှိပါတယ်။ ဆိုရှယ်မီဒီယာပေါ်က သတင်းအမှားဖြန့်တဲ့ အကောင့်တွေနဲ့  စစ်ကောင်စီဝါဒဖြန့် ချန်နယ်တွေကနေ အေအေတပ်သားတွေက ရိုဟင်ဂျာတွေအပေါ် ရိုက်နှက်နေပါတယ်ဆိုပြီးတော့ ဒီဗီဒီယိုကို အသုံးပြုပြီးတော့ သတင်းအမှား ဖြန့်နေကြပါတယ်။​ 

Facebook စာမျက်နှာထက်က Arakan Uddin အကောက်ကနေ ဧပြီလ ၁၅ ရက်နေ့မှာ “ရိုဟင်ဂျာအသိုက်အဝန်းအတွက် နောက်ထပ်မှောင်မိုက်သောနေ့။ Arakan Army (AA) မှ အပြစ်မဲ့ ရိုဟင်ဂျာ လူငယ်များကို ရက်ရက်စက်စက် ရိုက်နှက် ညှဉ်းပန်း နှိပ်စက်သည့် ဗီဒီယိုဖိုင် ထွက်ပေါ်လာသည်။  ဤသည်မှာ အကြမ်းဖက်မှုသာမက၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇ၀တ်မှုဖြစ်သည်။” ဆိုပြီးတော့ စာသုံးနဲ့ ဒီဗီဒီယိုကို သုံးပြီးတော့ ဖြန့်ချိထားပါတယ်။ 

ဒီပို့စ်ကို Reaction ပြုလုပ်သူ ၇၂၄ ဦး၊ Comment ပေးသူ ၁၄၂ ဦးနဲ့ Share ပြုလုပ်သူ ၁၁၀၀ ကျော်အထိ ရှိပြီးတော့ အခြားသတင်းမှားဖြန့်တဲ့သူတွေကနေ ထပ်ဆင့်ပြီးတော့ ဖြန့်ဝေနေကြတာကို တွေ့ရပါတယ်။​

📌 Arakan Uddin အကောက်မှနေ တင်ထားသော ပို့စ်အပြည့်အစုံကို ဖတ်ရှုရန် – https://www.facebook.com/share/v/1AJaBPuRmT/ 

ဒီဗီဒီယိုပဲ စစ်ကောင်စီရဲ့ ဝါဒဖြန့်ချန်နယ်တစ်ခုဖြစ်တဲ့ Kyaw Swar ချန်နယ်ကနေလည်း အေအေတပ်သားတွေကနေ ဘူးသီးတောင်မှာ မွတ်ဆလင်လူမျိုးတွေကို နှိပ်စက်နေပါတယ်ဆိုပြီး ဝါဒဖြန့်ထားပါတယ်။ 

📌 Kyaw Swar ချန်နယ်မှ ပို့စ်အပြည့်အစုံကို ဖတ်ရှုရန် –  https://archive.ph/BcWw8 

ဒီဗီဒီယိုနဲ့ ဆက်စပ်ပြီးတော့ အခြား သတင်းမှားဖြန်တဲ့သူတွေကလည်း YouTube၊ Tik Tok  အပါအဝင် X ဆိုရှယ်မီဒီယာတွေမှာလည်း သတင်းမှားတွေကို ဖြန့်ချိထားကြပါတယ်။ 

ဆက်စပ်သတင်းမှားဖြန့်ထားကြသော ပို့စ်များ

📌 https://youtu.be/HJbPEBqjqnk?si=szxhrYJs8dRno2vD 

📌 https://x.com/kyawthet_lwin/status/1912168104072995175 

📌 https://youtu.be/oK7gMaEZoQk?si=9WuN8eIawb3l9LHt 

📌 https://youtu.be/HJbPEBqjqnk?si=szxhrYJs8dRno2vD 

◾️စစ်ဆေးတွေ့ရှိချက် 

ဆိုရှယ်မီဒီယာနဲ့ စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေမှာ ပျံ့နေတဲ့ ဗီဒီယိုကို Myanmar Fact Checking Network (MFCN) အဖွဲ့ဝင်ဖြစ်တဲ့ Akyab Post ရဲ့ Fact Check Team ကနေ စစ်ဆေးကြည့်လိုက်တဲ့အခါ ဒီဗီဒီယိုဟာ အေအေတပ်သားတွေဖက်ကနေ ရိုဟင်ဂျာလူငယ်တွေကို ရိုက်နှက်နေပါတယ်ဆိုတဲ့ အကြောင်းအရာကို မတွေ့ရှိရပါဘူး။ 

ဗီဒီယိုမှာ ပြောဆိုနေကြတဲ့ စကားတွေကို Akyab Post ဖက်ကနေ စစ်ဆေး အတည်ပြုနိုင်ခဲ့ပါတယ်။​ ဗီဒီယိုထဲမှာ ဗမာဘာသာစကားနဲ့ ရိုဟင်ဂျာမွတ်ဆလင် ဘာသာစကားတွေကို ရောနှော ပြောဆိုထားပြီးတော့ ပြောဆိုနေကြတဲ့ အကြောင်းအရာထဲမှာ “ပိုက်ဆံ ဘယ်နေ့ပေးမှာလဲ၊ တစ်ရက်နှစ်ရက်တော့စောင့်ပေးပါ။ ဘယ်သူက စောင့်ခိုင်းတာလဲ။ ဦးလေးက ဖြေခိုင်းတာပါ။ မင်းဦးလေးက မနေ့က ဘာလို့ဖုန်းဆက်မလာတာလဲ။​ မနေ့က အလုပ်မအားလို့ ဖုန်းမဆက်တာပါ။ ဘယ်နေ့မှာ ပိုက်ဆံအတိအကျပေးမှာလဲ။ ပိုက်ဆံပေးမဲ့နေ့ကို ရက်အတိအကျပြော မဟုတ်ရင် မင်းတို့ကို ငါသတ်ပစ်မယ်။​ ဖုန်းကဘယ်ကို ခေါ်တာလဲ။ မလေးရှားကို ခေါ်တာ။ မကိုင်ဘူး၊ အလုပ်မှာရှိလို့ မကိုင်တာနေမယ်။ သေချာလို့လား၊ လွယ်လွယ်မပြောနဲ့နော်။​ ပိုက်ဆံပေးဖို့ လာတဲ့အခါ အဆင်မပြေတာ တစ်ခုရှိလို့ မလာနိုင်တာပါ” ဆိုတဲ့ အကြောင်းအရာကိုသာ တွေ့ရှိရပါတယ်။​

ဗီဒီယိုကို စစ်ဆေးကြည့်လိုက်တဲ့အခါမှာလည်း ရိုဟင်ဂျာလူငယ်တွေကို ထိပ်တုံးခတ်ပြီး ဖမ်းဆီးထားတဲ့  လူသုံးဦးရှိပြီးတော့ ဖမ်းဆီးသူတွေထဲမှာ အမျ်ိုးသမီးတစ်ဦ်းနဲ့ အမျိုးသားနှစ်ဦးတို့ အဓိက ပါဝင်နေတာကိုတွေ့ရပါတယ်။ ဒါ့အပြင် ဗီဒီယိုထဲမှာ ကလေးငယ်တစ်ဦးကလည်း အနီးအနားမှာ ပါဝင်နေတာကိုတွေ့ရှိရပါတယ်။  

ပျံံ့နှံနေတဲ့ ဗီဒီယိုကို အသေးစိတ် စစ်ဆေးကြည့်တဲ့အခါမှာလည်း အေအေတပ်သားတွေ ဖက်ကနေ ရိုက်နှက်ထားပါတယ်ဆိုတဲ့ အကြောင်းအရာကိုမတွေ့ရှိရပဲ လူတစ်စုကနေ ပိုက်ဆံမရလို့ ဖမ်းဆီးပြီး ရိုက်နှက်နေတာကိုသာ အတည်ပြုနိုင်ခဲ့ပါတယ်။  

ပြောဆိုနေတဲ့ စကားတွေကို စစ်ဆေးတဲ့အခါမှာလည်း ရိုက်နှက်သူတွေဖက်မှ ပိုက်ဆံရဖို့အတွက် အဓိကတောင်းနေတာ ဖြစ်ပြီး ရိုက်နှက်နေရသည့် အကြောင်းအရင်းမှာလည်း ပိုက်ဆံမရရှိသည့် အတွက် အဓိက ဖြစ်နေတာကို တွေ့ရှိရပါတယ်။​

ဒီအကြောင်းအရာကို အတည်ပြုနိုင်ဖို့ ရိုဟင်ဂျာအရေး တက်ကြွလှုပ်ရှားသူ လူငယ်တစ်ဦးကို Akyab Post ဖက်ကနေ ဆက်သွယ်မေးမြန်းကြည့်တဲ့အခါမှာလည်း “ လူကုန်ကူးတဲ့ အဖွဲ့ကနေ လုပ်တယ်လို့ ကျွန်တော်တို့ သိရပါတယ်၊ အေအေနဲ့လည်း မဆိုင်သလို စစ်ကောင်စီဖက်ကနေလည်း ဒီဟာကို လုပ်တာမဟုတ်ပါဘူး။ ရိုဟင်ဂျာလူငယ်တွေကို ပွဲစားတွေနဲ့ လူကုန်ကူးတဲ့ အဖွဲ့ကနေ မြဝတီ မဲဆောက်ဖက်မှာ လုပ်တာဖြစ်ပါတယ်” လို့ သူက အတည်ပြုပါတယ်။ 

ရိုဟင်ဂျာအရေးနဲ့ ပတ်သက်ပြီး အဓိကရေးသားဖော်ပြတဲ့ Arakan Express News ဖက်ကနေလည်း ဒီဗီဒီယိုဟာ လူကုန်ကူးတဲ့ အဖွဲ့တစ်ဖွဲ့ကနေ လုပ်ဆောင်ထားတယ်လို့သာ  ရေးသားဖော်ပြထားပါတယ်။​ 

🔗 The Arakan Express News ၏ သတင်းအပြည့်အစုံကို ကြည့်ရှုရန်  – https://www.facebook.com/share/v/16T2SqTaRG/ 

ဗီဒီယိုမှာ ပြောဆိုထားတဲ့ စကားတွေ၊ Arakan Express News ရဲ့ ဖော်ပြချက်တွေနဲ့ ရိုဟင်ဂျာအရေး တက်ကြွလှုပ်ရှားသူတွေရဲ့ အတည်ပြုချက်တွေအရ ရိုဟင်ဂျာလူငယ်တွေကို ရိုက်နှိက်နေတဲ့ ဗီဒီယိုဟာ အေအေဖက်ကနေ ရိုက်နှိက်ထားတာမဟုတ်ပဲ လူကုန်ကူးတဲ့ အဖွဲ့တစ်ဖွဲ့ကနေ ရိုက်နှိက်ထားတယ်ဖြစ်တယ်ဆိုတာကို Akyab Post ဖက်ကနေ အတည်ပြုနိုင်ခဲ့ပါတယ်။ 

သတင်းအမှားဖြန်တဲ့ သူတွေနဲ့ စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေဟာ ဗီဒီယို အသုံးချပြီးတော့ လူမျိုးရေး ဘာသာရေး ပဋိပက္ခဖြစ်အောင် ဖြန့်နေတာကို တွေ့ရပါတယ်။ 

◾️ သုံးသပ်ချက် 

လက်ရှိရခိုင်ဒေသတွင်းက နိုင်ငံရေးအခြေအနေများကြောင့် အာဆာထောက်ခံသူတွေနဲ့ စစ်ကောင်စီထောက်ခံသူတွေဟာ ပဋိပက္ခကိုတိုးစေအောင်  အကြောင်းအရာနဲ့ မသက်ဆိုင်တဲ့ ဗီဒီယိုတွေနဲ့  သတင်းတုသတင်းမှားတွေ ဖြန့်နေတာကြောင့် သတိထားဖို့လိုအပ်ပါတယ်။​

စစ်ကောင်စီဖက်ကနေ အာရက္ခတပ်တော်ထံ လက်လွှတ်လိုက်ရတဲ့ မြို့တွေမှာ လူမျိုးရေး ဘာသာရေးနဲ့ ပဋိပက္ခဖြစ်အောင် ဖြန့်နေတာတွေရှိလို့ ဆိုရှယ်မီဒီယာပေါ်မှာ ပျံ့နေတဲ့ ဗီဒီယိုတိုင်းကို မယုံကြည်မိဖို့နဲ့ စစ်ဆေးပြီးမှသာ ယုံကြည်ကြဖို့ တိုက်တွန်းလိုက်ပါတယ်၊၊ 

Myanmar Fact-checking Network စာဖတ်ပရိတ်သတ်များအနေနဲ့လဲ အွန်လိုင်းပေါ်က သတင်းအချက်အလက် အကြောင်းအရာတွေကို အလွယ်တကူမယုံကြည်ကြဖို့ လွတ်လပ်ပြီး အမှီခိုကင်းတဲ့ သတင်းမီဒီယာဌာနတွေရဲ့ သတင်းတွေကိုသာ ဝင်ရောက်ဖတ်ရှုဖို့ အကြံပြု တိုက်တွန်းလိုပါတယ်။ 

ဒါ့အပြင် နောက်ပိုင်းမှာ မီဒီယာ အယောင်ဆောင်လာကြတဲ့ ဝါဒဖြန့်ချိသူတွေကိုလည်း သတိထားဖို့ Social Influencer တွေရဲ့ ပြောစကားတွေကို မယုံကြည်ကြဖို့ ထပ်မံတိုက်တွန်းလိုပါတယ်။ 

ရခိုင်ဒေသနဲ့ ပတ်သက်တဲ့ သတင်းအမှား အကြောင်းအရာဟု သံသယရှိရင်လဲ Akyab Post  (facebook page) နဲ့ Myanmar Fact-checking Network (facebook page) ရဲ့ မက်ဆေ့ဘောက်သို့ အချိန်မရွေး ပေးပို့မေးမြန်းနိုင်ပါတယ်။ 

Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။ 

Web – https://myanmarfactcheckingnetwork.org/

Fb – https://www.facebook.com/myanmarfactcheckingnetwork

#MFCN #RedFlag #AkyabPost  #FactCheck #Mis_Disinformation 

Share:FacebookX

Follow @meksdemo

Instagram has returned empty data. Please authorize your Instagram account in the plugin settings .