ဖယ်ခုံမြို့ ရဟန်းတစ်ပါးနှင့် အရပ်သားတစ်ဦး အသတ်ခံရမှုမှ လူမျိုးရေး၊ ဘာသာရေး ပဋိက္ခဆီသို့ ဦးတည်လာသည့် သွေးထိုးလှုံ့ဆော်မှုများ
Share:FacebookX

ဖယ်ခုံမြို့ ရဟန်းတစ်ပါးနှင့် အရပ်သားတစ်ဦး အသတ်ခံရမှုမှ လူမျိုးရေး၊ ဘာသာရေး ပဋိက္ခဆီသို့ ဦးတည်လာသည့် သွေးထိုးလှုံ့ဆော်မှုများ

နိဒါန်း

သျှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ်တွင် ယခုလဆန်းပိုင်း၌ ရဟန်းတစ်ပါးနှင့် အရပ်သားတစ်ဦး အသတ်ခံရသည့် ဖြစ်စဉ်တစ်ခု ဖြစ်ခဲ့ပါသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ စစ်ကောင်စီဝါဒဖြန့် Telegram၊ TikTok၊ YouTube၊ Facebook တို့၌ အမျိုးသားရေး၊ ဘာသာရေး အစွန်းရောက်တို့၏ သွေးထိုးလှုံ့ဆော်မှုများ ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ချိနေသည်ကို တွေ့ရသည်။

အထူးသဖြင့် ဒေသအတွင်းနေထိုင်သည့် ပြည်သူများ အချင်းချင်းကြား၊ လူမျိုးစု လက်နက်ကိုင် အချင်းချင်းကြားနှင့် တော်လှန်ရေး အချင်းချင်းကြား လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခဖြစ်အောင် သွေးထိုးလှုံ့ဆော်နေသည်ကို တွေ့ရသည်။

ဖြစ်စဉ်

စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်ပေါင်းစုတို့အကြား တိုက်ပွဲဖြစ်ပွားနေလျက်ရှိသော သျှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ်တွင် ယခုလဆန်းပိုင်း၌ လူမျိုးရေး၊ ဘာသာရေး အဓိကရုဏ်းဖြစ်နိုင်သည့် ဖယ်ခုံမြို့ ရဟန်းတစ်ပါးနှင့် အရပ်သားတစ်ဦး အသတ်ခံရသည့် ဖြစ်စဉ်တစ်ခု ပေါ်ပေါက်ခဲ့သည်။

မတ်လ ၄ ရက် ညနေ ၄ နာရီဝန်းကျင်တွင် ဖယ်ခုံမြို့ ရှမ်းပိဋကတ်ကျောင်းမှ ကျောင်းထိုင်ဆရာတော် သက်တော် (၄၈) နှစ် ဦးဓမ္မသာရ (ခေါ်) ဦးဇင်းပိန်သည် ဖယ်ခုံအင်းအရှေ့ဘက်ခြမ်းရှိ လွိုင်ပေါင်းကျေးရွာ အသုဘတစ်ခုသို့ တရားသွားဟောပြီးအပြန် အုံတိုင်းကျေးရွာ၌ လက်နက်ကိုင်တစ်စု၏ ပစ်ခတ်ခြင်း ခံခဲ့ရသည်။

ဆရာတော်နှင့်အတူ ကပ္ပိယ အသက် (၄၀) အရွယ် စိုင်းအိုက်ပီးလည်း ထိုအခင်းဖြစ်ပွားရာနေရာ၌ ပစ်သတ်ခံရသည်။

စစ်ကောင်စီဝါဒဖြန့်ချန်နယ်များမှ ဖြန့်ချိမှုများ

ဖယ်ခုံမြို့ ဦးဇင်းပိန်နှင့် စိုင်းအိုက်ပီးတို့ သတ်ခံရသည့်သတင်း လူမှုကွန်ရက်၌ ပျံ့နှံ့လာချိန် စစ်ကောင်စီဝါဒဖြန့် Telegram၊ TikTok၊ YouTube၊ Facebook တို့၌ အမျိုးသားရေး၊ ဘာသာရေး အစွန်းရောက်တို့၏ သွေးထိုးလှုံ့ဆော်မှုများ ကျယ်ကျယ်ပြန့်ပြန့် တွေ့ရသည်။

မတ်လ ၅ ရက်က စစ်ကောင်စီအားပေး ဝါဒဖြန့် မှိုင်းဝေချန်နယ်တွင် ဖယ်ခုံမြို့ ဦးဇင်းပိန်နှင့် စိုင်းအိုက်ပီးတို့ အသတ်ခံရမှုနှင့် ပတ်သက်၍ “KNDF ခရစ်ယာန် အကြမ်းဖက်သမားများက သတ်ဖြတ်ခဲ့သည်” ဟူသော အသုံးအနှုန်းဖြင့် ရေးသားဝါဒဖြန့်ချိခဲ့သည်ကို တွေ့ရသည်။

ထို့အပြင် KNDF အဖွဲ့များသည် လွန့်ခဲ့သော တစ်နှစ်ကျော်ခန့်က ပအိုဝ်းဒေသရှိ နန့်နိမ့်ဘုန်းကြီးကျောင်း ဆရာတော်များနှင့် ကိုရင်များကိုပါ ရက်ရက်စက်စက် သတ်ဖြတ်ခဲ့သေးသည်ဟုဆိုကာ မှိုင်းဝေချန်နယ်က ရေးသားဖြန့်ချိခဲ့သည်။

ထို့အတူ ပေါက်ဆရာတော် ချန်နယ်လ်၌လည်း ဖယ်ခုံမြို့ ဦးဇင်းပိန်နှင့် စိုင်းအိုက်ပီးတို့ အသတ်ခံရမှုနှင့် ပတ်သက်၍ “PDF နဲ့ ပလောင် အတူတူပဲ။ TNLA နဲ့ PDF ကအတူတူပဲ။ အဲ့တော့ PDF ကလုပ်တယ်လို့လည်း ပြောလို့ရသလို TNLA ပလောင်က သတ်သွားတယ်လို့ ပြောရတယ်” ဟု ရုပ်သံဖိုင်ဖြင့် ဖြန့်ချိခဲ့သည်။

အဆိုပါ ဝါဒဖြန့်ချိမှုနှင့် ပတ်သက်၍ MFCN အဖွဲ့ဝင် သျှမ်းသံတော်ဆင့်နှင့် ဖက်ဒရယ် FM တို့ ပူးပေါင်းပြီး စစ်ဆေးခဲ့ရာ ထိုအကြောင်းအရာသည် မှားယွင်းနေကြောင်း တွေ့ရသည်။

သျှမ်းတောင်အခြေစိုက် သတင်းဌာနတစ်ခုဖြစ်သည့် ခမ်းသားငေါဝ်း သတင်းတွင်လည်း “ဦးဇင်း ဦးဓမ္မသာရနှင့် ဒကာတစ်ဦးတို့ အသတ်ခံရမှုအပေါ် သတိထားသင့်သည့် လူမျိုးရေးနှင့် ဘာသာရေး အမုန်းတရား လှုံ့ဆော်မှု” ဟု ဖော်ပြသည်။

ဖြစ်စဉ်နှင့် ပတ်သက်ပြီးဖြေရှင်းမှုများ

ဖယ်ခုံမြို့ ရဟန်းတစ်ပါးနှင့် အရပ်သားတစ်ဦး အသတ်ခံရမှုနှင့် ပတ်သက်၍ ကနဦးတွင် မည်သည့်အဖွဲ့ကမျှ ဝန်ခံခြင်းမရှိသော်လည်း ပျားစစ်ကြောင်းတပ်ဖွဲ့မှ လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်ဟု ဖယ်ခုံမြို့ ပြည်သူ့လုံခြုံရေးတပ်ဖွဲ့က မတ်လ ၉ ရက်နေ့တွင် ဖော်ပြသည်။

ထိုမူရင်းထုတ်ပြန်ချက်ထဲ၌ ဦးဇင်းပိန်နှင့် စိုင်းအိုက်ပီးတို့သည် စစ်ကောင်စီ သတင်းပေး (ဒလန်) ဖြစ်ကြောင်း ခိုင်မာသော သတင်းအလက်အချက်ရရှိသဖြင့် စစ်ဆေးခဲ့ရာ ပျားစစ်ကြောင်းတပ်ဖွဲ့ဝင် ရဲဘော် မောင်ဘလတ်မှ စိတ်မထိန်းနိုင်ဘဲ သေနတ်ဖြင့် ပစ်သတ်ခဲ့ခြင်းဖြစ်ကြောင်း ရေးသားဖော်ပြထားသည်ကို တွေ့ရသည်။

“ဒီကိစ္စနဲ့ပတ်သက်ပြီး ပြောရရင်တော့ အများကြီးလေးနက်တယ်။ ကျနော်တို့ ရှင်းရှင်းပြောရရင် ထုတ်ပြန်ထားတယ်ဆိုတာကလည်း လူထုရဲ့ဖိအားတွေ ဘာတွေကြောင့်လည်းပါတယ်။ ကျနော်တို့ ဒီပြဿနာကို ထပ်မရှုပ်ချင်တော့ဘူး။ မြေပြင်အရ ပြောရရင်တော့ ကျနော်တို့သာ လူထုထောက်ခံမှုမရှိဘူးဆိုရင်၊ လူထုသာ သတင်းပေးတာ မဟုတ်ဘူးဆိုရင် ကျနော်တို့ လက်နက်တွေကို တခါတည်း ဖြုတ်လို့ပေးလို့ရတယ်။ အခုလောဆယ်တော့ ဖြေရှင်းဖို့ မရှိသေးဘူး” ဟု ပျားစစ်ကြောင်းတပ်ဖွဲ့ဝင် တပ်သားတစ်ဦးကလည်း သျှမ်းသံတော်ဆင့်သို့ ပြောသည်။

သို့သော် သတင်းပေး (ဒလန်) ဟု ယူဆရသူများနှင့် လက်နက်ချ ဖမ်းဆီးရမိသော စစ်သုံ့ပန်းများကို ဥပဒေအကြောင်းအရ တရားစီရင်မှုမပြုဘဲ လက်လွတ်စပယ် သတ်ခြင်းဖြစ်သည် နိုင်ငံတကာ ဥပဒေပြဋ္ဌာန်းချက်များနှင့် သွေဖီသည့်လုပ်ရပ်ဖြစ်ကြောင်း ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ IEC ကပြောသည်။

“IEC ကတော့ နံပါတ်( ၁ ) သည် စစ်ဥပဒေ ချိုးဖောက်မှုဖြစ်တယ်။ စစ်ဥပဒေထက် လုပ်ရပ်ကျော်တဲ့အတွက်ကြောင့် ပျားစစ်ကြောင်းက တာဝန်ရှိသူတွေကို ခေါ်ယူပြီး အရေးယူဆောင်ရွက်ဖို့ လုပ်ဆောင်နေပါပြီ။ ပြီးရင်တော့ တွေ့ရှိချက်တွေနဲ့ ခုံရုံးတင်နိုင်မှုတွေကို အားလုံးက သေချာပေါက် တရားရေးဖက်ကနေရှင်းပါပါလိမ့်မယ်” ဟု IEC ဒု-ဥက္ကဌ ခွန်ဘီထူးက ဖက်ဒရယ် FM သို့ ပြောသည်။

ထို့ပြင် သေနတ်ပစ်ခံရ၍ ပျံလွန်တော်မှုသွားသော ဦးဇင်းပိန်သည် စစ်ရှောင်ပြည်သူများကို ကူညီဆောင်ရွက်နေသူဖြစ်ပြီး သျှမ်းစာပေများကို ပို့ချသည့်ဘုန်းကြီးတစ်ပါး ဖြစ်သောကြောင့် ဘုန်းကြီးနှင့်အတူ သျှမ်းလူငယ်များ၏ အနာဂတ်များလည်း သေဆုံးသွားရခြင်း ဖြစ်သည်ဟု Phekhon Shan Youth Network မှ အမျိုးသမီးတစ်ဦးက ပြောသည်။

“ဒလန်လို့ စွပ်စွဲတယ်။ အမှန်တရားကို မချပြဘဲနဲ့ အဲဒီသက်သေနဲ့ မခိုင်လုံနေဘူး။ ဒလန်ဆိုလဲ ပြောလို့မရဘူး။ သူတို့က လက်နက်ကိုင်တပ်ဖွဲ့ လည်းဖြစ်တယ်။ တရားဥပဒေ နဲ့ အညီလည်း မလုပ်ဘူး။ သူတို့က စိတ်မထိန်းနိုင်ပဲ သတ်လို့ရလားပေါ့” ဟု ၎င်းအမျိုးသမီးက ဆိုသည်။

ဦးဇင်းပိန်သည် စစ်ရှောင်အရေး၊ သျှမ်းလူထုအရေးကို ကူညီဆောင်ရွက်နေသူဖြစ်ကာ ယခုကဲ့သို့ ဦးဇင်းပိန်းအား သတ်ဖြတ်ခဲ့သည့်အပေါ် စစ်ဘေးဒုက္ခသည်များလည်း စိုးရိမ်နေကြသည်ဟု ၎င်းကဆိုသည်။

အဆိုပါ ဦးဇင်းပိန်နှင့် စိုင်းအိုက်ပီးတို့ အသတ်ရမှုနှင့် ပတ်သက်၍ တရားမျှတမှုနှင့် အမူမှန် ပေါ်ပေါက်ရေးအတွက် အမြန်ဆုံးဆောင်ရွက်ပေးစေလိုကြောင်း ဖယ်ခုံမြို့ဒေသခံများအပါအဝင် သံဃာတော်များ၊ သျှမ်းလူငယ် အဖွဲ့အစည်းများက တောင်းဆိုထားသည်။

 

လူမျိုးရေး၊ ဘာသာရေး အဓိအရုဏ်း ဖြစ်စေနိုင်တဲ့ အကြောင်းရာများနှင့် စိုးရိမ်ပူပန်မှုများ

သျှမ်းပြည်တော်ပိုင်း ဖယ်ခုံမြို့နယ်တွင် လူမျိုးရေး၊ ဘာသာရေး အဓိအရုဏ်းများ ဖြစ်စေနိုင်သည့် ဖြစ်စဉ်များ ဖြစ်ပေါ်နေသည်မှာ ယခုမှမဟုတ်ပါ။

၂၀၂၄ အောက်တိုဘာလက ဖယ်ခုံမြို့နယ် လအိကျေးရွာရှိ ဗုဒ္ဓဘာသာဝင်များ ကိုးကွယ်ယုံကြည်သော ဘုရားဆင်းတုတော်များ ခေါင်းဖြတ်ခံရသည့် ဖြစ်စဉ်တစ်ခုလည်း ဖြစ်ခဲ့သည်။

ဖယ်ခုံမြို့တွင် ကယား၊ ကယန်း၊ သျှမ်း၊ ဗမာ၊ ပအိုဝ်း၊ အင်းသား စသည့် လူမျိုးများ နေထိုင်ကြပြီး
၂၀၁၉ ခုနှစ် ကောက်ယူရရှိသည့် စာရင်းအရ ဗုဒ္ဓဘာသာဝင် ၅၆,၂၂၁ ဦး၊ ခရစ်ယာန် ဘာသာဝင် ၅၁၆,၀၀၉ ဦး၊ အစ္စလာမ်ဘာသာဝင် ၁၁ ဦး ရှိကြောင်း သိရသည်။

ဗုဒ္ဓဘာသာ သက်ဝင်ယုံကြည်သူများသာမက ခရစ်ယာန်ဘာသာ ကိုးကွယ်သူများအပါအဝင် ဘာသာပေါင်းစုံ၊ လူမျိုးစုပေါင်းစုံများဖြင့် နှစ်ပေါင်းကြာရှည် နေထိုင်လာသော ထိုဒေသတွင် လူမျိုးရေး၊ ဘာသာရေး ပြဿနာမရှိခဲ့သလို ဘုရား၊ ကျောင်း စေတီများ တည်ဆောက်ချိန်၌လည်း ဘာသာမခွဲ ရိုင်းပင်းကူညီသည့် အစဉ်အလာ ကောင်းသော ဒေသဖြစ်ကြောင်း ဒေသခံများကဆိုသည်။

သို့သော် ၂၀၂၄ အောက်တိုဘာလ ၂ ရက် ဘုရားဆင်းတုများ ဖျက်ဆီးခံရသည့် ရုပ်သံလူမှုကွန်ရက်၌ ပေါ်လာချိန် စစ်ကောင်စီဝါဒဖြန့် Telegram၊ TikTok၊ YouTube၊ Facebook တို့၌ အမျိုးသားရေး၊ ဘာသာရေး အစွန်းရောက်တို့၏ သွေးထိုးလှုံ့ဆော်မှုများ ကျယ်ကျယ်ပြန့်ပြန့် တွေ့ရသည်။

မိုးဗြဲ ပြည်သူ့ကာကွယ်ရေးတပ် (၂ ) ၏ ထုတ်ပြန်အချက်အရ ၂၀၂၄ အောက်တိုဘာ ၁ ရက်က ဒေသခံအမျိုးသမီးကြီး ၂ ဦး လအိရွာ တောင်ပေါ်စေတီသို့ ဘုရားပန်းလဲရန်လာစဉ် ဘုရားဆင်းတုတော် ၉ ဆူ ခေါင်းဖြတ်ခံထားရပြီး ကျန်ဆင်းတုတော်များလည်း လက်ရိုက်ခံထားရသည်ကို စတင်တွေ့ရခြင်းဖြစ်ကြောင်း သိရသည်။

စေတီရှိရာ တောင်ခြသည် အိမ်ခြေများနှင့် ဝေး၍ လူသူကင်းမဲ့သည့် ဘုရားရင်ပြင်ပေါ်သို့ မိနစ် ၂၀ ခန့် ခက်ခက် ခဲခဲ တက်ရသဖြင့် ဘုရားဆင်းတုတော်များကို ဘာသာရေး အဓိကရုဏ်း ဖြစ်ပွားစေရန် ရည်ရွယ်ချက်ရှိရှိ လာရောက်လုပ်ဆောင်ခြင်းဖြစ်ကြောင်း ဒေသခံများက ဆိုသည်။

ထိုဖြစ်ရပ်ကို KNDF၊ NUG၊ Mobye PDF 2 တို့က သက်ဆိုင်ရာ အပါအဝင် အဖွဲ့အစည်းအသီးသီး၊ ဒေသခံပြည်သူများနှင့် ပူးပေါင်းကာ ကျူးလွန်သူများအား စုံဖမ်းရှာဖွေကာ ပြင်းထန်သော အပြစ်ပေးမှုများ ချမှတ်ဆောင်ရွက်သွားမည်ဟု ဆိုထားသည်။

သို့ရာတွင် ယနေ့အချိန်ထိ ကျူးလွန်သူများကို ဖမ်းဆီးဆောင်ရွက်နိုင်ခြင်း မရှိသေးသည့်အတွက် ဒေသတွင်း ရှေဦးမဆွ တစ်ဦးနှင့် တစ်ဦး ချစ်ကြည်စွာ နေထိုင်ကြသည့် လူအဖွဲ့အစည်းကြား သွေးကွဲလာမည်ကို အထူးပင် စိုးရိမ်မိသည်ဟု ဒေသခံများက ဆိုသည်။

စစ်ကောင်စီအားပေး တယ်လီဂရမ် ဝါဒဖြန့်ချန်နယ်များသည် ဘာသာရေးနှင့် ယဉ်ကျေးမှု စုံလင်ကွဲပြားသည့် လူမျိုးစုလက်နက်ကိုင်များအပြင် ဒေသအတွင်း အတူယဉ်တွဲနေထိုင်ကြသည့် တိုင်းရင်းသားများအကြား လူမျိုးရေး၊ ဘာသာရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ စုံလင်ကွဲပြားမှုများကို ပစ်မှတ်ထားပြီး သပ်လျိုသွေးခဲ့သည့် အချက်အလက်မှားများ ပါဝင်သော အမုန်းအစကားများ ဖြန့်ဝေနေကြောင်း Data Insight Lab မှ Research Officer ကိုဝင်ဒီက ပြောသည်။

ဥပမာအားဖြင့် နွေဦးတော်လှန်ရေး အစောပိုင်းကာလ ကရင်နီ၊ ချင်း၊ ကချင်နှင့် ကရင် စသည့် လူမျိုးစု လက်နက်ကိုင်များ ခုခံတော်လှန်နေသည့်အချိန်တွင် စစ်ကောင်စီကို ဆန့်ကျင့်နေသည့် အင်အားစုများမှာ ခရစ်ယာန် ဘာသာဝင်များဖြစ်ကြောင်း၊ သူတို့၏ နောက်ကွက်မှာ အစ္စလာမ်ဘာသာဝင်များက ငွေကြေးအရ ထောက်ပံ့နေကြောင်း။

ထိုကြောင့် နွေဦးတော်လှန်ရေးသည် စစ်ကောင်စီ၏ အာဏာသိမ်းမှုကို ဆန့်ကျင်သည် မဟုတ်ဘဲ ဗုဒ္ဓဘာသာဝင် အစိုးရအဖွဲ့ကို ထိုးနှက်တိုက်ခိုက်နေခြင်း ဖြစ်ကြောင်း ဆိုသည့် ဇာတ်ကြောင်းများအား ဖြန့်ဝေခဲ့ကြသည်ဟု ကိုဝင်ဒီက ပြောသည်။

ဖြန့်ဝေမှုများသည် ယခုလို ဘာသာရေးနှင့် နှီးနွယ်သည့် အမုန်းစကားများတင် မဟုတ်ဘဲ လူမျိုးစု လက်နက်ကိုင် အဖွဲ့များဆီသို့ စစ်ပညာသင်ရောက်ရှိလာသည့် ဗမာလူငယ်များကို လူမျိုးစု လက်နက်ကိုင်များက လူမျိုးရေးအရ သတ်ဖြတ်နေကြောင်း၊ ဗမာအမျိုးသမီး လူငယ်များကို လူမျိုးစု ခေါင်းဆောင်များက လိင်ပိုင်းဆိုင်ရာအရ အနိုင်ကျင့်စော်ကားနေကြောင်း ဆိုသည့် ဇာတ်ကြောင်းများလည်း ဆက်တိုက်ဖြန့်ဝေခဲ့ကြသည်ဟုဆိုသည်။

ထိုဖြန့်ဝေမှုများအပြင် ဒေသအတွင်း အတူယဉ်တိုင် နေထိုင်ကြသည့် တိုင်းရင်းသားများအကြား လူမျိုးရေး၊ ဘာသာရေးနှင့် ယာဉ်ကျေးမှုဆိုင်ရာ စုံလင်ကွဲပြားမှုကို ပစ်မှတ်ထားပြီး သပ်လျိုသွေးခဲ့သည့် အချက်အလက်အမှားများ ပါဝင်သော အမုန်းစကားများကိုလည်း ဖြန့်ဝေသည်ဟု ကိုဝင်ဒီက ပြောသည်။

“ဒေသတွင်း အတူယှဉ်တွဲ နေထိုင်ကြတဲ့ ကချင်နဲ့ ရှမ်းနီ၊ ရခိုင်နဲ့ ချင်း၊ ရခိုင်နဲ့ ရိုဟင်ဂျာ၊ ကရင်နီနဲ့ ရှမ်း၊ ကရင်နဲ့ ဗမာ၊ မွန် စတဲ့ ဒီလူမျိုးစုတွေ အကုန်လုံးရဲ့ကြားမှာ လူမျိုးရေး၊ ဘာသာရေးနဲ့ ယဉ်ကျေးမှုဆိုင်ရာ စုံလင်ကွဲပြားမှုတွေကို ပစ်မှတ်ထားပြီး သပ်လျိုသွေးခွဲတဲ့ အချက်အလက်မှားတွေပါဝင်တဲ့ အမုန်းစကားတွေကို ဖြန့်ဝေကြပါတယ်။ လူမျိုးရေးနဲ့ ဘာသာရေးအခြေခံတဲ့ အမုန်းစကားတွေဟာ လတ်တလော ဖြစ်ပျက်နေတဲ့ အခြေအနေတွေအပေါ် မူတည်ပြီး ဖြန့်ဝေကြတာကို တွေ့ရတယ်။ ဥပမာ ဒီလို ဖြန့်ဝေမှုတွေဟာ ရှမ်း – ကရင်နီ နယ်စပ်မှာဆိုရင် မကြာခဏ ဖြန့်ဝေခဲ့ကြတယ်” ဟု ပြောသည်။

နမ့်နိန်း အစုလိုက်သတ်ဖြတ်ခံရမှုကိစ္စ

၂၀၂၃ မတ်လ ၁၁ ရက်က ပင်လောင်း မြို့နယ် နမ့်နိန်းကျေးရွာ ဘုန်းကြီးကျောင်း၌ ကျောင်းထိုင်ဘုန်းကြီး အပါအဝင် သံဃာ ၃ ပါး နှင့် ပအိုဝ်းပြည်သူ ၂၀ ကျော် အစုလိုက် သတ်ဖြတ်ခံခဲ့ရမှု ဖြစ်ခဲ့ရာ စစ်ကောင်စီလော်ဘီများနှင့် ပအိုဝ်ပြည်သူ့စစ် (PNO) တို့က ကရင်နီတော်လှန်ရေးအင်အားစုများ အပေါ် စွပ်စွဲပြောဆို ဝါဒဖြန့်ခဲ့ကြသည်။

ထို့နောက် တောင်ကြီးမြို့တွင် အင်အား ၂ သောင်းခန့်ဖြင့် ကရင်နီတော်လှန်ရေးအဖွဲ့များကို ရှုတ်ချ ကြောင်း၊ ဆန့်ကျင်ကြောင်း၊ မလိုမရှိကြောင်း လူထုဆန္ဒထုတ်ဖော်ပွဲ ပြုလုပ်ခဲ့သည်။

သို့သော် NUG အပါအဝင် ကရင်နီတော်လှန်ရေးအဖွဲ့အစည်းများက ဖြစ်စဉ်အကြောင်းအရာနှင့် စစ်ကောင်စီ၏ လက်ချက် ဖြစ်ကြောင်း ပေါ်လွင်ထင်ရှားသော သက်သေအထောက်အထားများကို သတင်းစာရှင်းလင်းပွဲလုပ်ဖြေရှင်းသဖြင့် လူမျိုးရေး၊ ဘာသာရေး ပဋိက္ခဖြစ်ပွားသည်အထိ ပြဿနာ မကြီးထွားခဲ့ပေ။

ထိုဖြစ်ရပ်က စစ်ကောင်စီနှင့် ပအိုဝ်းခေါင်းဆောင်များအတွက်မူ များစွာအမြတ်ထွက်စေခဲ့ပြီး လူမျိုးရေး၊ ဘာသာရေး သွေးထိုးလှုံ့ဆော်မှုကာ စည်းရုံးမှုများနှင့်အတူ ဒေသကာကွယ်ရေး၊ လုံခြုံရေး အကြောင်းပြချက်များဖြင့် ပအိုဝ်းဒေသတွင်း စစ်အင်အား စုဆောင်းခြင်းများနှင့် မဖြစ်မနေ အခြေခံစစ်သင်တန်းတက်ခိုင်းခြင်းများကို PNO/PNA က ပိုမိုဖိအားပေး ပြုလုပ် လာခဲ့သည်။

“အခုနောက်ပိုင်း PNOတွေက လူးပါးတအားဝတယ်။ စစ်သားကောက်တယ်၊ ငွေကောက်တယ်၊ ဆန်တောင်းတယ်။ အလှည့်ကျ လိုက်ခိုင်းတယ်။ မလိုက်ရင် မျိုးစုံခြိမ်းခြောက်တယ်။ အစက စစ်မတိုက်ရဘူးဆိုပြီး ခေါ်တယ်။ နောက်တော့ ရက်တိုသင်တန်းပေး ရှေ့တန်းပို့တယ်။ သေရင် ဘာမှခံစားခွင့်မရှိဘူး။ နောက်ပိုင်း တပ်ထဲမဝင်တော့လည်း ခြိမ်းခြောက်တယ်” ဟု တောင်ကြီးမြို့နယ် ဒေသခံတစ်ဦးက ပြောသည်။

သျှမ်းပြည်တောင်ပိုင်းနှင့် ကရင်နီပြည်မှ ပြည်သူများကို စစ်ကောင်စီလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNA/PNO) မှ ရည်ရွယ်ချက်ရှိရှိ ဖမ်းဆီးသတ်ဖြတ်မှုများရှိလာပြီး လူမျိုးရေးအမုန်းတရားများကိုပါ ဝါဒဖြန့်ချိမှုများ ပြုလုပ်လာကြောင်း စစ်ရာဇဝတ်မှုများအားမှတ်တမ်းတင်နေသည့် Burma War Crimes Investigation (BWCI)မှ ၂၀၂၅ ဖေဖော်ဝါရီလ ၂၄ ရက်၌ အစီရင်ခံစာဖော်ပြသည်။

ထိုအစီရင်ခံစာထဲတွင် ၂၀၂၄ ခုနှစ် ဇန်ဝါရီလမှစတင်ကာ စစ်ကောင်စီလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် ထိန်းချုပ်ထားသည့် ဆီဆိုင်မြို့နယ်အတွင်း PNA မှ တော်လှန်ရေးတပ်ဖွဲ့များအား လက်စားချေသည့် အနေဖြင့် အရပ်သားများကို ပစ်မှတ်ထားဖမ်းဆီးသတ်ဖြတ်မှုများရှိခဲ့ကြောင်း ဖော်ပြသည်။

ထို့ပြင် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလက ဆီဆိုင်မြို့တိုက်ပွဲကာလအတွင်း သျှမ်းပြည်တောင်ပိုင်းတွင် နေထိုင်သည့် ကယန်းလူမျိုးများကို ပအိုဝ်းပြည်သူ့စစ်မှ ဖမ်းဆီးသတ်ဖြတ်ပြီး ကြယ်တွင်းဟုခေါ်သော ချောက်ထဲသို့ ပစ်ချခဲ့သည် ဖြစ်စဉ်များ ရှိခဲ့သည်ဟု အစီရင်ခံစာ၌ ဖော်ပြသည်။

ချောက်ထဲမှ ပြန်လည်လွတ်မြောက်လာခဲ့သူများရှိသလို တစ်နှစ်ကြာသည့်အထိ ပျောက်ဆုံးနေသည့် သူများလည်း ရှိသည်။ ထို့ပြင် ခရီးသွားရင်း ပျောက်ဆုံးသွားသည့် လူများကိုလည်း မိသားစုများက လိုက်လံစုံစမ်းရှာဖွေသည့်အခါ သတ်ဖြတ်ခံလိုက်ရကြောင်း သိရှိရသည့် ဖြစ်စဉ်များလည်း ရှိသည်ဟု BWCI ကပြောဆိုထားသည်။

BWCI ၏ အစီရင်ခံစာအရ ၂၀၂၄ ခုနှစ်အတွင်း သျှမ်းပြည်တောင်ပိုင်းတွင် ပအိုဝ်းပြည်သူ့စစ်၏ ဖမ်းဆီးသတ်ဖြတ်ခြင်း ခံရသူ ၂၇ ဦးရှိခဲ့ပြီး အတည်ပြုနိုင်ခြင်းမရှိသေးသူ ၅ ဦးရှိကြောင်း၊ နစ်နာသူများမှာ တော်လှန်ရေးတပ်ဖွဲ့များနှင့် သက်ဆိုင်ခြင်းမရှိဘဲ သာမန်အရပ်သား ပြည်သူများ ဖြစ်ကြောင်း သိရသည်။

အနှစ်ချုပ်

အာဏာသိမ်း ၄ နှစ်ကျော်ကာလအတွင်း နိုင်ငံတစ်ဝှမ်း မြို့ပေါင်း ၃၅၀ ရှိသည့်အနက် မြို့ပေါင်း ၉၅ မြို့ကို တော်လှန်ရေးအင်အားစုများက သိမ်းပိုက်ထိန်းချုပ်ထားပြီး ဖြစ်သည်။

နိုင်ငံတဝှမ်း အရေးမလှဖြစ်နေသည့် စစ်ကောင်စီသည် ရခိုင်နှင့် ရိုဟင်ဂျာတို့အကြား လူမျိုးရေး၊ ဘာသာရေး ပဋိက္ခဖန်တီးသလို သျှမ်းပြည် မြောက်ပိုင်းတွင်လည်း လူမျိုးရေး ပဋိပက္ခများဖြစ်အောင်
လှုံ့ဆော်ခဲ့သည်မှာ အထင်အရှားပင်။

ထို့ကြောင့် ကရင်နီနှင့် ပအိုဝ်းဒေသတွင်လည်း ဤအတိုင်း လုပ်ဆောင်ရန် ကြိုးစားခြင်းဖြစ်သည်ဟု အများက ယူဆသည်။

နိုင်ငံရေးနှင့် လူမှုဖြစ်စဉ်များကို လေ့လာစောင့်ကြည့်နေသည့် သုတေသနအဖွဲ့တစ်ခုဖြစ်သော ဉာဏ်လင်းသစ် သုတေသနက ၂၀၂၄ အောက်တိုဘာလ ၄ ရက်တွင် “လူမျိုးရေး ပဋိက္ခများ စစ်အာဏာတည်မြဲရေးအတွက် မောင်းနှင်အားတရပ်” ဆိုသည့် စာတမ်းတစ်ခု ထုတ်ပြန်ခဲ့သည်။

စာတမ်းတွင် အာဏာတည်မြဲရေးအတွက် လူမျိုးရေး၊ ဘာသာရေး ပဋိက္ခများကို အစဉ်တစိုက် အသုံးချနေသော စစ်အုပ်စုသည် ၁၀၂၇ စစ်ဆင်ရေးကြောင့် ထိန်းချုပ်နယ်မြေများ ဆုံးရှုံးလာပြီးနောက်ပိုင်း အမုန်းစကားနှင့် ဝါဒဖြန့်ချိမှုများကို အရှိန်မြင့် လုပ်ဆောင်လာခဲ့ကြောင်း ပြောထားသည်။

လက်ရှိ ဖယ်ခုံမြို့နယ် အုံတိုင်းကျေးရွာတွင် ဖြစ်ပွားခဲ့သော ဖြစ်စဉ်ကို အခြေခံ၍ လူးမျိုးစုအကြား လူးမျိုးရေး၊ ဘာသာရေး ပဋိက္ခဖြစ်အောင် စစ်ကောင်စီ ဝါဒဖြန့်ချန်နယ်များက ရည်ရွယ်ချက်ရှိရှိဖြင့် သွေးထိုးလှုံ့ဆော်နေလျက်ရှိသည်။

“မလိုအပ်ပဲ လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခတွေဖြစ်လာမှာကို စိုးရိမ်ရတာပေါ့။
အမှားဆိုတာလုပ်ပြီးမှထက် မလုပ်ခင် သေချာစဥ်းစားပြီး လုပ်ဆောင်သွားရင် ပိုပြီးတော့ကောင်းတာပေါ့။ဒါမှနောက်ဆို အပြစ်မရှိတဲ့လူမခံရအောင်ပေါ့။ ဒလန်ပဲဖြစ်ဖြစ်၊ စစ်တပ်ပဲဖြစ်ဖြစ်၊ ဘယ်သူပဲဖြစ်ဖြစ် ဖမ်းမိရင် ထိန်းထိန်းသိမ်းသိမ်း ထားသင့်တယ်” ဟု ဖယ်ခုံမြို့ခံတစ်ဦးက ကပြောသည်။

ပြည်သူများအနေဖြင့်လည်း စစ်ကောင်စီ၏ အပ်ကြောင်းထပ်အောင် သုံးနေသည့် လူမျိုးရေး၊ ဘာသာရေး ဝါဒမှိုင်းများနှင့် သပ်သျှိုသွေးခွဲမှုတွေကို သတိပြုမိကြရန် လိုအပ်ကြောင်း Data Insight Lab မှ Research Officer ကိုဝင်ဒီက ပြောသည်။

အဘယ်ကြောင့်ဆိုသော် စစ်ကောင်စီသည် စစ်ရေးအရ ရှုံးနိမ့်၊ ခြိမ်းခြောက်ခံရသည့် ဒေသများက လူမျိုးစု လက်နက်ကိုင်များနှင့် ပတ်သက်၍ လူမျိုးရေး အခြေပြုသည့် အမုန်းတရားများကို ဆိုရှယ်မီဒီယာများနှင့် မြေပြင်မှာ ဟန်ချက်ညီညီ ဖြန့်ဝေနေကြသည်ဟုဆိုသည်။

ထို့အပြင် စစ်ကောင်စီ ထိန်းချုပ်ထားသည့် မြို့ပြများတွင်လည်း ဗုဒ္ဓဘာသာကို ဗဟိုပြုပြီး တခြားသော ဘာသာများနှင့် မညီညွတ်အောင်၊ ရန်လိုတိုက်ခိုက်မှုများ ဖြစ်အောင် အမုန်းတရားများ ပါဝင်သည့် သတင်းတု၊ သတင်းမှားတွေကိုလည်း ရည်ရွယ်ချက်ရှိရှိ ဖြန့်ဝေနေကြသည်။

ယင်းကဲ့သို့ အကြောင်းအရာနှင့် ပတ်သက်၍ လူထုအနေဖြင့် အလွယ်တကူ ယုံကြည်တာတွေ၊ စစ်ကောင်စီ၏ လူမျိုးရေး၊ ဘာသာရေး အမုန်းတရားအပေါ် အခြေခံသည့် လှုပ်ရှားမှုများတွင် ပါဝင်အားပေးထောက်ခံတွေ မလုပ်ကြဘဲ လွတ်လပ်ပြီး ယုံကြည်စိတ်ချရသည့် အချက်အလက် စစ်ဆေးရေး အဖွဲ့များနှင့် သတင်းဌာများ၏ သတင်းဖော်ပြချက်တွေကို စောင့်ကြည့်ဖတ်ရှုကြရန် လိုအပ်ပါသည်။

လူမျိုးရေး၊ ဘာသာရေးနှင့် ပတ်သက်၍ စစ်ကောင်စီ အားပေး တယ်လီဂရမ်ဝါဒဖြန့်ချန်နယ်များက ဖော်ပြသော အကြောင်းအရာများကို MFCN အဖွဲ့ဝင်များက စိစစ်ထားသည်။

အကြောင်းအရာ – ၁
အကြောင်းအရာ – ၂
အကြောင်းအရာ – ၃

သျှမ်းသံတော်ဆင့်နှင့် ဖက်ဒရယ် FM တို့၏ အချက်အလက်စစ်ဆေးသူများက ပူးပေါင်းရေးသားထားသည်။

Share:FacebookX

Follow @meksdemo

Instagram has returned empty data. Please authorize your Instagram account in the plugin settings .