မြန်မာနိုင်ငံ အပါအဝင် အရှေ့တောင်အာရှနိုင်ငံအားလုံး အပူလှိုင်းဖြတ်မယ်လို့ ဖော်ပြချက်တစ်ခုကို မတ်လဆန်းပိုင်းမှာ အင်တာနက် လူမှုကွန်ရက်အသုံးပြုသူတွေကြားမှာ ပျံ့နှံ့ခဲ့ပါတယ်။
“အပူလှိုင်းဖြတ်မယ်လို့ သတိပေးထားတာ စပါပြီ။ Southeast Asia နိုင်ငံအကုန် ပါပါတယ်။ မနက်ဖြန်၊ သဘက်ခါ၊ နောက်ရက် သုံးရက်ကတော့ အပူဆုံးဖြစ်မယ်တဲ့။ အပူချိန် 35C – 37C ကြားကို သုံးရက်ဆက်တိုက်ရပ်နေရင် Level -1၊ 37C ကနေ upper 40C ထိ တိုးလာရင် Level 2 danger ပါ” လို့မတ်လ ၄ရက်မှာ ဖြန့်ချိကြတာပါ။
လူမှုကွန်ရက်မှာ ပျံ့နှံ့နေတဲ့ ဖော်ပြချက်တွေထဲက Reaction ပြုလုပ်ထားသူ ငါးရာနီးပါး၊ ထပ်ဆင့်မျှဝေသူ တစ်ထောင်ကျော်ရှိတဲ့ ဖော်ပြချက်တစ်ခုကို ဒီလင့်မှာ ကြည့်နိုင်ပါတယ်။
အလားတူ စာသားအတိုင်း လူမှုကွန်ရက်မှာ ဖြန့်ချိထားတာတွေလည်း များစွာတွေ့ရပါတယ်။
ဖော်ပြချက်အဟောင်းကို ပြန်လည်ဖြန့်ချိမှု
အဲဒီဖော်ပြချက်ကို Myanmar Factchecking Network အဖွဲ့ဝင် ဖြစ်တဲ့ Dawei Watch က အချက်အလက်စိစစ်တဲ့အခါ ၂၀၂၄ ခုနှစ် ဧပြီလက ဖော်ပြခဲ့တဲ့ ဖော်ပြချက်အဟောင်းကို ပြန်လည်ဖော်ပြဖြန့်ချိနေတာအဖြစ် တွေ့ရပါတယ်။
၂၀၂၄ ခုနှစ် ဧပြီလက ဖော်ပြခဲ့တဲ့ အလားတူ ဖော်ပြချက်အဟောင်းကို ဒီလင့်မှာ ကြည့်နိုင်ပါတယ်။
ဒါ့အပြင် မိုးလေဝသဌာန တာဝန်ရှိသူတွေကို မေးမြန်းချက်နဲ့ မိုးလေဝသ လေ့လာသူတွေရဲ့ ရေးသားပြောဆိုချက်တွေအရ အပူလှိုင်းဖြတ်မယ်ဆိုတာဟာ ကောလာဟလ ပဲ ဖြစ်တယ်ဆိုတာကို တွေ့ရှိရပါတယ်။
အပူလှိုင်းဖြတ်မယ်ဆိုတာနဲ့ ပတ်သက်ပြီး မိုးလေဝသလေ့လာသုံးသပ်သူ ဦးဝင်းနိုင်ကလည်း ပြန်လည်ဖြေရှင်းထားပါတယ်။
အပူလှိုင်း ဖြတ်တဲ့အထိတော့ လာနီညာနှစ်မှာ မဖြစ်နိုင်ပါဘူး။ Heat wave လို့ခေါ်တဲ့ အပူလှိုင်းဆိုတာ နှစ်စဉ်ဖြစ်မြဲ အပူချိန်တွေထက် ၅°C အထိ လွန်ကဲစွာပူပြင်းခြင်း ၅ ရက် ဆက်တိုက် တိုင်းတာရရှိရင် အပူလှိုင်းဖြတ်တယ်လို့ ခေါ်ပါတယ်။
မြန်မာနိုင်ငံရဲ့ ၂၀၂၅ ခုနှစ် နွေရာသီမှာ ဖြစ်လာနိုင်မယ့် အပူချိန်က နှစ်စဉ်ဖြစ်မြဲအပူချိန်အထက် ၁°C မှ ၁ ဒသမ ၅°C အထိသာ ပိုမိုပူပြင်းတာရှိမယ်လို့ ကြိုတင်ခန့်မှန်းချက်တွေမှာ တွေ့ရတယ်လို့ ဦးဝင်းနိုင်က ရေးသားထားပါတယ်။ မိုးလေဝသလေ့လာသုံးသပ်သူ ဦးဝင်းနိုင်ရဲ့ ရေးသားဖော်ပြမှုကို ဒီလင့်မှာ ကြည့်နိုင်ပါတယ်။
သို့သော် အပူချိန်မြင့်မားနေတာကြောင့် အပူရှပ်နိုင်တဲ့ အန္တရာယ်ကိုတော့ သတိပြုဖို့လိုတယ်လို့ ဦးဝင်နိုင်ရဲ့ သုံးသပ်ထား ပါတယ်။
တနင်္သာရီတိုင်းအပါဝင် တိုင်းနဲ့ ပြည်နယ် ရှစ်ခုမှာ မတ်လ ပထမ ၁၀ရက်အတွင်း နေ့အပူချိန်မှာ ၄၀ ဒီဂရီ စင်တီဂရိတ်နှင့် အထက် မြင့်တက်လာနိုင်ပြီး အပူရှပ်ခြင်း (Heat Stroke) ခံစားရနိုင်တဲ့အတွက် သတိပြုဖို့လိုတယ်လို့ သူက သတိပေးထား ပါတယ်။
မတ်လ ပထမ ၁၀ရက်တွင်း တနင်္သာရီ၊ မကွေး၊ နေပြည်တော်၊ ပဲခူး၊ ဧရာ၀တီ၊ ရန်ကုန်၊ ကရင်၊ မွန်တို့မှာ အပူချိန်မြင့်တက် နိုင်တာကြောင့် နေ့လယ်၊ နေ့ခင်းအချိန်တွေမှာ နေရောင်ခြည်တိုက်ရိုက်ထိတွေ့တဲ့ နေရာတွေမှာ အလုပ်လုပ်ကြသူတွေ၊ သက်ကြီးရွယ်အိုနဲ့ ကလေးငယ်တွေ ရေဓာတ်ဆုံးရှုံးမှုများပြီး အပူရှပ်နိုင်တယ်လို့ ဆိုပါတယ်။
အပူချိန် မြင့်တက်တာကြောင့် အပူရှပ်မှာ သတိထားရမယ့် အကြောင်း Dawei Watch က သတင်းဖော်ပြထားတာကို ဒီလင့်မှာ ကြည့်နိုင်ပါတယ်။
အပူလိုင်းဖြတ်မယ်ဆိုတာ ကောလာဟလ
မွန်ပြည်နယ် မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက တာဝန်ရှိသူတစ်ဦးဆီကို Dawei Watch က ဆက်သွယ်မေးမြန်း ကြည့်ရာမှာလည်း အပူလှိုင်းဖြတ်မယ်ဆိုတာဟာ ကောလာဟလ သတင်းအမှားပဲ ဖြစ်တယ်လို့ ဖြေကြားပါတယ်။
“ပူတော့ပူမယ်၊ အပူလှိုင်းဖြတ်မယ်ဆိုတာမရှိဘူး။ အပူလှိုင်းဖြတ်တယ်ဆိုတာက အပူချိန်တစ်ခုမှာ သုံးရက်ဆက်တိုက် တည်နေမှသာ ပြောလို့ရတယ်။အခုက အပူချိန်က မငြိမ်ဘူး။ အခုဟာက ရာသီအကူးအပြောင်းမှာ မတ်လ ၂၀ ရက် ရောက်ရင် အီကွေတာတည့်တည့်အပေါ်မှာ နေရောင်ခြည်က ရောက်မယ်။ အဲဒီမှာ ရာသီဥတုက ပိုပူလာမယ်။ နှစ်တိုင်းထုံးစံပဲ။ အပူလှိုင်းဖြတ်တဲ့ လက္ခဏာမရှိဘူး” လို့ အထက်ပါ တာဝန်ရှိသူက ပြောပါတယ်။
စိစစ်တွေ့ရှိချက်
မတ်လမှာ အပူချိန်မြင့်တက်လာတာကြောင့် အပူရှပ်နိုင်တဲ့အန္တရာယ်ကို သတိထားရမယ့် အခြေအနေဖြစ်ပါတယ်။ ဒါပေမဲ့ အပူလှိုင်းဖြတ်မယ်ဆိုတာကတော့ ကောလာဟလ သတင်းအမှားပဲ ဖြစ်တယ်လို့ ကျွမ်းကျင်သူတွေက ပြောဆိုချက်အရ သိရပါတယ်။
မတ်လ ၄ ရက်မှာ စတင်ပျံ့နှံ့ခဲ့တဲ့ မြန်မာနိုင်ငံ အပါအဝင် အရှေ့တောင်အာရှနိုင်ငံအားလုံး အပူလှိုင်းဖြတ်မယ်ဆိုတဲ့ ဖော်ပြချက်ကတော့ ပြီးခဲ့တဲ့နှစ်က ရေးသားဖြန့်ချိခဲ့ကြတဲ့ ဖော်ပြချက်အဟောင်းကို ပြန်လည် ဖြန့်ချိမှုအဖြစ် စိစစ်တွေ့ရှိရပါတယ်။
စာဖတ်သူတွေအနေနဲ့ သတင်းတု၊ သတင်းမှားတွေ၊ စစ်ဆေးပေးစေလိုတဲ့ သံသယဖြစ်ဖွယ် သတင်းအချက်အလက်တွေ ရှိလာရင်ဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ် မဟုတ် အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ် Myanmar Fact Checking Network နဲ့ Myanmar Fact Checking Network အဖွဲ့ဝင်ဖြစ်တဲ့Dawei Watch ရဲ့ မက်ဆင်ဂျာကနေတစ်ဆင့် ဆက်သွယ်ပြီး အချက်အလက်စစ်ဆေးပေးဖို့ အကူအညီတောင်းနိုင်ပါတယ်။