ဖယ်ခုံမြို့ဆရာတော်နှင့် အမျိုးသားတစ်ဦး အသတ်ခံရမှုအပေါ် သတိထားရမည့် လူမျိုးရေးနှင့် ဘာသာရေး အမုန်းတရားလှုံ့ဆော်မှု သတင်းအမှား
Share:FacebookX

ဖယ်ခုံမြို့ဆရာတော်နှင့် အမျိုးသားတစ်ဦး အသတ်ခံရမှုအပေါ် သတိထားရမည့် လူမျိုးရေးနှင့် ဘာသာရေး အမုန်းတရားလှုံ့ဆော်မှု သတင်းအမှား

၂၀၂၅ မတ်လ ၆ ရက်

သျှမ်းသံတော်ဆင့်၊ ဖယ်ဒရယ် FM၊ The Red Flag

သျှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ် ဒေသခံပြည်သူများ အားကိုးရာ ဆရာတော်တစ်ပါးနှင့် အမျိုးသားတစ်ဦးကို ပြည်သူ့ကာကွယ်ရေးတပ် PDF အဖွဲ့နှင့် KNDF ခရစ်ယာန်အကြမ်းဖက်အဖွဲ့ က သေနတ်ဖြင့် ပစ်သတ်လိုက်ကြောင်း ဝါဒဖြန့်ချိနေပါသည်။

စစ်ကောင်စီအာပေး တယ်လီဂရမ် ဝါဒဖြန့်ချန်နယ်တစ်ခုဖြစ်သော နေပြည်တော်ချန်နယ်က မတ်လ ၄ ရက်တွင် ဖြန့်ချိခဲ့ပြီး “မတ်လ ၄ ရက် ညနေခင်း ဖယ်ခုံဒေသခံ သျှမ်းလူမျိုးတွေရဲ့ အားကိုးထားရာ ဖယ်ခုံသျှမ်းကျောင်း ဆရာတော်နှင့် အိုက်ဘီးတို့ကို ဖယ်ခုံအရှေ့ဘက်ကမ်း အုံတိုင်းရွာတွင် ကယန်းအစွန်းရောက်အကြမ်းဖက် PDF များက သေနတ်ဖြင့် အချက်ပေါင်းများစွာ မသေမချင်း ပစ်သတ်ခဲ့ကြောင်း” ဟု (မူရင်းအတိုင်း) ဆိုကာ ရေးသားဖြန့်ချိခဲ့ပါသည်။

ထို့ပြင် ဆရာတော်သည် သျှမ်းလူမျိုးဖြစ်ကာ ဦးဇင်းပိန်ဟုလည်း ခေါ်ကြောင်း၊ NLD ပါတီအမာခံဖြစ်ပြီး ဖယ်ခုံ PDF များကိုလည်း ထောက်ပံ့ပေးနေသူ ဖြစ်သော်လည်း ဆရာတော်သည် ဖယ်ခုံဒေသခံ ပြည်သူများကို မြို့တွင်းသို့ ပြန်လည်နေထိုင်ရန် စည်းရုံးနေသည်ဟုဆိုကာ ငွေကြေးချမ်းသာသူမှ ဖယ်ခုံ PDF များကို ငွေပေးကာ ယခုကဲ့သို့ လုပ်ကြံသတ်ဖြတ်ခိုင်းဖြစ်ကြောင်း စစ်ကောင်စီဝါဒဖြန့် ရွှေနေကြာချန်နယ်ကလည်း ဖြန့်ချိထားသည်။

နေပြည်တော်ချန်နယ်မှ ဖြန့်ချိခဲ့သော အဆိုပါဝါဒဖြန့်သတင်းကို ကြည့်ရှုသူပေါင်း ၁၀,၀၀၀ ခန့်ရှိပြီး နေပြည်တော်ချန်နယ်အပြင် စစ်ကောင်စီ ဝါဒဖြန့်ချန်နယ်များ ဖြစ်သည့် ကျော်စွာ၊ ရွှေနေကြာ၊ Ko Thet နှင့် Snow Queen ချန်နယ်များကလည်း ထပ်ဆင့်ဖော်ပြထားသည်။

မူရင်းလင့်ခ် – https://archive.ph/a4twp

ကျော်စွာ – https://archive.ph/Xa6Pz

ရွှေနေကြာ – https://archive.ph/Jxzu6

Ko Thet – https://archive.ph/2eaCj

Snow Queen – https://archive.ph/q5NCe

ရှမ်းပြည်နယ်သတင်းစုံ – https://archive.ph/Z7rlF

စစ်ကောင်စီအားပေး ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များက ဖော်ပြသော အကြောင်းအရာကို MFCN အဖွဲ့ဝင် သျှမ်းသံတော်ဆင့်နှင့် ဖက်ဒရယ် FM တို့၏ အချက်အလက်စစ်ဆေးသူများက ပူးပေါင်းပြီး စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။

ယင်းအကြောင်းအရာသည် ပစ်သတ်ခံရသည့် ဖယ်ခုံဆရာတော်တစ်ပါးနှင့် အမျိုးသားတစ်ဦး၏ ဖြစ်စဉ်ကို အခြေခံ၍ တိုင်းရင်းသားများအချင်းချင်းကြား လူမျိုးရေးနှင့် ဘာသာရေး ပဋိပက္ခဖြစ်စေအောင် ရည်ရွယ်ချက်ရှိရှိဖြင့် ရေးသားလှုံ့ဆော်နေသည့် ဝါဒဖြန့်သတင်းဖြစ်ကြောင်း စိစစ်တွေ့ရှိခဲ့သည်။

သတင်းစစ်ဆေးတွေ့ရှိချက်

လွတ်လပ်သည့် သတင်းများနှင့် ဒေသတွင်း သတင်းဌာနများ၏ ဖော်ပြချက်အရ ဖယ်ခုံမြို့ သျှမ်းဘုန်းကြီးကျောင်းမှ ကျောင်းထိုင်သံဃာတော် တစ်ပါးနှင့် အမျိုးသားတစ်ဦးကို လက်နက်ကိုင် လူတစ်စုက သေနတ်ဖြင့် ပစ်ခတ်ခဲ့သည်ဟု ဖော်ပြကြသည်။

မတ်လ ၄ ရက် ညနေ ၄ နာရီဝန်းကျင်တွင် ဖယ်ခုံမြို့နယ် နားဟီးကျေးရွာအုပ်စု၊ အုံတိုင်းကျေးရွာ၌ ဖယ်ခုံမြို့သျှမ်းဘုန်းကြီးကျောင်းမှ ကျောင်းထိုင်သံဃာတော် တစ်ပါးနှင့် အမျိုးသားတစ်ဦး အသတ်ခံရကြောင်း အမှတ် (၁၀၀၆) တပ်ရင်း ဖယ်ခုံ PDF သတင်းနှင့် ပြန်ကြားရေးတာဝန်ခံတစ်ဦး၏ အတည်ပြုချက်ဖြင့် ဖက်ဒရယ် FM ကဖော်ပြသည်။

ဖယ်ဒရယ် FM – https://shorturl.at/Xi0Vk
ဖယ်ခုံမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ် (၁၀၀၆) တပ်ရင်း ထုတ်ပြန်ချက်- https://shorturl.at/aFGot

အုံတိုင်းဘုန်းကြီးကျောင်းတွင် စစ်ဘေးရှောင် ၁၀၀ ကျော်ရှိပြီး ၎င်းတို့အတွက် ထောက်ပံ့ကူညီငွေများ ပေးအပ်ပြီး၍ ရေနွေးကြမ်းထိုင်သောက်နေစဉ် ညနေ ၄ နာရီဝန်းကျင်၌ အမည်မသိ လက်နက်ကိုင် ရောက်လာပြီး ပစ်ခတ်သွားကြောင်း ဖယ်ခုံဒေသခံတစ်ဦးအတည်ပြုချက်ဖြင့် DVB သတင်းက ဖော်ပြသည်။

DVB – https://shorturl.at/MYJfG

သျှမ်းတောင်အခြေစိုက် သတင်းဌာနဖြစ်သည့် ခမ်းသားငေါဝ်းသတင်းတွင် “ကျောင်းထိုင်ဆရာတော်သည် စစ်ရှောင်အရေးကို အမြဲကူညီပေးနေသူဖြစ်သည့်အတွက် ဆရာတော်မရှိသည့်နောက်ပိုင်း စစ်ဘေးရှောင်များ အတွက် စိုးရိမ်မှုဖြစ်လာနိုင်ကြောင်း” ဒေသခံတစ်ဦး၏ အတည်ပြုချက်ဖြင့် ဖော်ပြထားသည်။

ခမ်းသားငေါဝ်း – https://shorturl.at/NCe3T

သေနတ်ပစ်သတ်ခံရသည့် သျှမ်းဘုန်းကြီးသည် သက်တော် (၄၇) နှစ်၊ ဝါတော် (၈) ဝါရှိပြီး ဘုန်းကြီးနှင့်အတူ သေနတ်ပစ်ခံရသည့် ဒကာသည် အသက် (၄၀) ဝန်းကျင် စစ်ဘေးရှောင်အမျိုးသားဖြစ်ကြောင်း သျှမ်းသံတော်ဆင့် သတင်းဌာနက ဖော်ပြသည်။

သျှမ်းသံတော်ဆင့် – https://shorturl.at/cjX45

သုံးသပ်ချက်

လွတ်လပ်သည့် သတင်းများနှင့် ဒေသတွင်း သတင်းဌာနများ၏ ဖော်ပြချက်အရ ဖယ်ခုံမြို့ သျှမ်းဘုန်းကြီးကျောင်းမှ ကျောင်းထိုင်သံဃာတော် တစ်ပါးနှင့် အမျိုးသားတစ်ဦး ပစ်သတ်ခံရသည့်ဖြစ်စဉ်မှာ မှန်ကန်သည်။

သို့သော် မည်သည့် လက်နက်ကိုင်အဖွဲ့အစည်းများက လာရောက်ပစ်သတ်သွားခဲ့ကြောင်း စစ်ဆေးအတည်ပြု၍ မရသေးပေ။

ထိုအခြေအနေတွင် စစ်ကောင်စီဝါဒဖြန့်ချန်နယ်များသည် တော်လှန်ရေးလုပ်နေသည့် အဖွဲ့အစည်းများက ပစ်သတ်ခဲ့ခြင်းဖြစ်ကြောင်း စွပ်စွဲရေးသားထားသည်။ ထိုရေးသားမှုတွင် လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခဖြစ်စေရန် ရည်ရွယ်၍ အမုန်းတရားလှုံ့ဆော်ထားသည်ကို တွေ့ရှိရသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပအဖ) နှင့် ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ) တို့က ဆက်လက်စုံစမ်းနေပြီး အမှုနှင့် ပတ်သက်မှုများအား ဆက်လက်ကိုင်သွားမည်ဖြစ်ကြောင်း အမှတ် (၁၀၀၆) တပ်ရင်း ဖယ်ခုံ PDF သတင်းနှင့်ပြန်ကြားရေးတာဝန်ခံတစ်ဦးက MFCN အဖွဲ့ဝင် ဖယ်ဒရယ် FM ကိုပြောသည်။

“သံဃာတော်ကို ဦးဇင်းပိန်လို့ခေါ်ကြပါတယ်။ အသက်ကတော့မသိပါဘူး။ အမျိုးသားတစ်ဦးက ကိုဘီးပါ။ အသက်ကတော့ ၃၀ ဝန်းကျင်လောက်ရှိမယ်။ သူတို့ ဘာကြောင့် အသတ်ခံရလည်းဆိုတာ စုံစမ်းနေဆဲပါ။ တပ်ရင်းအနေနဲ့က လိုအပ်တာတွေကို ပူးပေါင်းပေးသွားဖို့ပါ” ဟု ၎င်းက ပြောသည်။

လက်ရှိ ကျေးရွာအုပ်စုတွင် ဖယ်ခုံ PDF တော်လှန်ရေးအဖွဲ့များ လှုပ်ရှားနေပြီး စစ်ကောင်စီတပ်၊ ပအိုဝ်းပြည်သူ့စစ် PNO အဖွဲ့များနှင့် မကြာခဏ တိုက်ပွဲဖြစ်နေကြောင်း သိရသည်။

ဆရာတော်ပစ်ခတ်ခံရခြင်းနှင့် ပတ်သက်၍ ဖယ်ခုံမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ရင်း -၂ (၁၀၀၆ တပ်ရင်း) ကမှု ၎င်းတို့အဖွဲ့အစည်းနှင့် လုံးဝမသက်ဆိုင်ကြောင်း ထုတ်ပြန်ထားသည်။

စာဖတ်ပရိတ်သတ်တွေအနေဖြင့် လူမှုကွန်ရက် စာမျက်နှာများတွင် ဖော်ပြနေသည့် သတင်းတွေကို ချက်ချင်းမယုံကြည်ဘဲ စိတ်ချရသော သတင်းမီဒီယာများမှာ သွားရောက်ဖတ်ရှု့ကြရန် တိုက်တွန်းပါသည်။

သတင်းတု၊ သတင်းမှားဟု ယူဆရသည့် သတင်းတွေကိုလည်း Myanmar Fact-checking Network Facebook Chat Box မှတစ်ဆင့် သတင်း၏ လင့်ခ် (သို့မဟုတ်) Screenshot ပုံပေးပို့ခြင်းဖြင့် စစ်ဆေးနိုင်ပါသည်။

Myanmar Fact-checking Network အဖွဲ့ဝင်များ၏ အချက်အလက်စစ်ဆေးထားသည့် သတင်းများကိုလည်း ဤနေရာတွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

Web – https://myanmarfactcheckingnetwork.org/
Fb – https://www.facebook.com/myanmarfactcheckingnetwork

#FactCheck #MFCN #ShanNews #FFM

#ဖယ်ခုံမြို့ #ရှမ်းပိဋကတ်ကျောင်းတိုက် #ကျောင်းထိုင်ဆရာတော်

 

Share:FacebookX

Follow @meksdemo

Instagram has returned empty data. Please authorize your Instagram account in the plugin settings .