၂၆ ဖေဖော်ဝါရီလ ၂၀၂၅ , သျှမ်းသံတော်ဆင့်၊ The Red Flag
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သည် နွေဦးတော်လှန်ရေးတွင် ထိန်းကျောင်းပြီး ငွေကြေးထိန်းသိမ်းသည့် အခန်းကဏ္ဍတွင်သာ တာဝန်ယူထားကြောင်း NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောဆိုကြောင်း ဖြန့်ချိနေပါသည်။
စစ်ကောင်စီအာပေး တယ်လီဂရမ် ဝါဒဖြန့်ချန်နယ်တစ်ခုဖြစ်သည့် မှိုင်းဝေချန်နယ်က ဖေဖော်ဝါရီလ ၂၅ ရက်တွင် ဖြန့်ချိခဲ့ပြီး “ဒီတော်လှန်ရေးက မင်းတို့လူငယ်တွေနဲ့ ပြည်သူတွေရဲ့ တော်လှန်ရေးပဲ။ ငါတို့ကတော့ ထိန်းကွပ်တဲ့၊ အလှူငွေသိမ်းတဲ့ အခန်းကဏ္ဍပဲရှိတယ်” ဟု (မူရင်းအတိုင်း) ဆိုကာ Mizzima သတင်းဌာန၌ NUG ဝန်ကြီးချုပ်က ယင်းကဲ့သို့ပြောကြားထားကြောင်း ဖြန့်ချိနေသည်။
ထို့ပြင် မှိုင်းဝေချန်နယ်က “ဒီတော်လှန်ရေးက မင်းတို့လူငယ်တွေပဲသေကြ၊ တိုက်ကြ။ ငါတို့ကတော့ အသက်ကြီးပြီဆိုတော့ မင်းတို့လိုအသေမခံနိုင်တော့ဘူးဆိုတဲ့ သဘောပဲ” ဆိုကာ မှတ်ချက်ပေးထားသည်။
ထိုသတင်းအမှားကို ကြည့်ရှုသူပေါင်း ၃၆,၀၀၀ ကျော်ရှိသည်။
မူရင်းလင့်ခ် – https://archive.ph/PBCfj
သတင်းအမှားဖြန့်ချိသူတွေ ဖော်ပြသော အကြောင်းအရာကို MFCN အဖွဲ့ဝင် သျှမ်းသံတော်ဆင့်၏ အချက်အလက် စစ်ဆေးသူများက စစ်ဆေးကြည့်သည့်အခါ ဖန်တီးရေးသားထားသည့် သတင်းအမှားဖြစ်နေကြောင်း စိစစ်တွေ့ရှိခဲ့သည်။
သတင်းစိစစ်တွေ့ရှိချက်
မှိုင်းဝေချန်နယ်က ဖော်ပြခဲ့သော Screeshoot ပုံတွင် Mizzima သတင်းဌာန၌ NUG ဝန်ကြီးချုပ်က ယင်းကဲ့သို့ ပြောကြားထားခြင်းမရှိပါ။
ဖေဖော်ဝါရီလ ၂၄ ရက်ထုတ် Mizzima သတင်းတစ်ပုဒ်တွင် “ဒီတော်လှန်ရေးက မင်းတို့ လူငယ်တွေနဲ့ ပြည်သူတွေရဲ့ တော်လှန်ရေးပဲ။ ငါတို့ကတော့ ထိန်းကွပ်တဲ့၊ ဦးဆောင်မှုပေးတဲ့ အခန်းကဏ္ဍပဲရှိတယ်” ဟု ပြည်ထောင်ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကပြောကြောင်း ဖော်ပြထားသည်။
သို့ရာတွင် NUG သည် ငွေကြေးထိန်းသိမ်းသည့် အခန်းကဏ္ဍတွင်သာ တာဝန်ယူထားကြောင်းဆိုသည့် ပြောဆိုချက်အား ဖော်ပြထားခြင်း မရှိပါ။
သတင်းအပြည့်အစုံ ဖတ်ရှုရန် – https://shorturl.at/D7DX2
ထိုပြောဆိုချက်သည်လည်း ရန်ကန်သို့ ဦးတည်သည့် စစ်ရေးဖော်မှုများအတွက် ထပ်ရွှေ့ပြောင်းမည့် တပ်ရင်းတပ်ဖွဲ့များအား NUG ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက သွားရောက်တွေ့ခဲ့စဉ် ပြောကြားခဲ့ခြင်း ဖြစ်သည်။
သွားရောက်တွေ့ဆုံခဲ့မှု မှတ်တမ်းရုပ်သံ အပြည့်အစုံကို NUG ၏ လူမှုကွန်ရက်စာမျက်နှာတွင် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၃ ရက်က ဖော်ပြထားသည်။
ထိုမှတ်တမ်းရုပ်သံဖိုင်ထဲတွင်လည်း သတင်းအမှားဖြန့်ချိသူတွေ ဖော်ပြခဲ့သလို NUG ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ယင်းကဲ့သို့ ပြောကြားခဲ့ခြင်း မရှိပါ။
NUG ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်ခိုင်သန်း၏ ပြောကြားချက် ဗီဒီယိုဖိုင် – https://shorturl.at/efOXc
သုံးသပ်ချက်
ထိုကြောင့် NUG သည် နွေဦးတော်လှန်ရေးတွင် ထိန်းကျောင်းပြီး ငွေကြေးထိန်းသိမ်းသည့် အခန်းကဏ္ဍတွင်သာ တာဝန်ယူထားကြောင်းဆိုသည့် ဖော်ပြချက်က မှားယွင်းနေပါသည်။
သတင်းအမှားဖြန့်ချိသူတွေက NUG ကို ပုံဖျက်ရန်အတွက် ရည်ရွယ်ချက်ရှိရှိဖြင့် ဖန်တီးရေးသားဝါဒဖြန့်ချိနေခြင်း ဖြစ်သည်။
စာဖတ်ပရိတ်သတ်တွေအနေဖြင့် လူမှုကွန်ရက် စာမျက်နှာများတွင် ဖော်ပြနေသည့် သတင်းတွေကို ချက်ချင်းမယုံကြည်ဘဲ စိတ်ချရသော သတင်းမီဒီယာများမှာ သွားရောက်ဖတ်ရှု့ကြရန် တိုက်တွန်းပါသည်။
သတင်းတု၊ သတင်းမှားဟု ယူဆရသည့် သတင်းတွေကိုလည်း Myanmar Fact-checking Network Facebook Chat Box မှတစ်ဆင့် သတင်း၏ လင့်ခ် (သို့မဟုတ်) Screenshot ပုံပေးပို့ခြင်းဖြင့် စစ်ဆေးနိုင်ပါသည်။
Myanmar Fact-checking Network အဖွဲ့ဝင်များ၏ အချက်အလက်စစ်ဆေးထားသည့် သတင်းများကိုလည်း ဤနေရာတွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။
Web – https://myanmarfactcheckingnetwork.org/
Fb – https://www.facebook.com/myanmarfactcheckingnetwork