မိုးကုတ် ဗုံးကြဲခံရမှုအတွင်း TNLA တပ်ဖွဲ့ဝင် ၅၀ ထက်မနည်းသေဆုံးဟု သတင်းအမှားဖြန့်
Share:FacebookX

မိုးကုတ် ဗုံးကြဲခံရမှုအတွင်း TNLA တပ်ဖွဲ့ဝင် ၅၀ ထက်မနည်းသေဆုံးဟု သတင်းအမှားဖြန့်

၂၀၂၅ ဖေဖော်ဝါရီလ ၁၁ ရက်

(သျှမ်းသံတော်ဆင့်၊ MPA ၊ The Red Flag)

မန္တလေးတိုင်း၊ မိုးကုတ်မြို့ကို စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ရာ တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA အဖွဲ့ဝင် ၅၀ ထက်မနည်း သေဆုံးကြောင်း သတင်းအမှားဖြန့်ချိ နေပါသည်။

စစ်ကောင်စီအားပေး ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်လ်တစ်ခုဖြစ်သည့် နေပြည်တော်ချန်နယ်က ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ဖြန့်ချိခဲ့ပြီး “ မိုးကုတ်ကို နံနက်အစောပိုင်း ဗုံးအလုံး ၅၀ နီးပါး ကြဲချသုတ်သင်ထားရာ TNLA အကြမ်းဖက် ၅၀ ထက်မနည်းသေဆုံး အများအပြားဒဏ်ရာရ” ဟု (မူရင်းအတိုင်း) ရေးသားဖြန့်ချိခဲ့သည်။

ထိုသတင်းအမှားကို ကြည့်ရှုသူပေါင်း ၅,၀၀၀ ကျော်ပြီး နေပြည်တော်ချန်နယ်အပြင် အခြားသော စစ်ကောင်စီအားပေး ဝါဒဖြန့်တယ်လီဂရမ် ချန်နယ်များကလည်း ဖြန့်ချိထားသည်။

မူရင်းလင့်ခ် – https://archive.ph/P1bGh

စစ်ကောင်စီ ဝါဒဖြန့်ချန်နယ်တွေ ဖော်ပြသော အကြောင်းအရာကို MFCN အဖွဲ့ဝင် သျှမ်းသံတော်ဆင့်နှင့် MPA တို့၏ အချက်အလက် စစ်ဆေးသူများက ပူးပေါင်းစိစစ်ကြည့်သည့်အခါ မှားယွင်းနေကြောင်း တွေ့ရသည်။

သတင်းစိစစ်တွေ့ရှိချက်

မန္တလေးတိုင်း၊ မိုင်းကုတ်မြို့ အနောက်ပိုင်း ဝင်းထရံရပ်ကွက်သို့ ဖေဖော်ဝါရီ ၁၀ ရက် နံနက်အစောပိုင်း၌ စစ်ကောင်စီက Y-12 လေယာဉ်ဖြင့် ဗုံးသီး ၂၀ ကျော် ကြဲချတိုက်ခိုက်ခဲ့ရာ အရပ်သား ၅ ဦးသေဆုံးပြီး ၂၀ ကျော် ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဒေသခံတစ်ဦး၏ အတည်ပြုချက်ဖြင့် ဧရာဝတီသတင်းမီဒီယာက ဖော်ပြသည်။

ဧရာဝတီ သတင်းလင့်ခ် – https://shorturl.at/2UyHK

အလားတူ MPA သတင်းဌာနတွင် “မန္တလေးတိုင်း၊ မိုးကုတ်မြို့ အနောက်ပိုင်းကို စစ်ကောင်စီတပ်က ညသန်းခေါင်ယံ အချိန်တွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူ ၅ ဦးသေဆုံးပြီး ၁၉ ဦး ဒဏ်ရာရခဲ့ကြောင်း” TNLA နှင့် နီးစပ်သူတစ်ဦး၏ အတည်ပြုချက်ဖြင့် ဖော်ပြသည်။
MPA သတင်းလင့်ခ် – https://shorturl.at/qmXf0

ထို့ပြင် BBC (မြန်မာပိုင်း) သတင်းဌာနတွင်လည်း “မိုးကုတ်အနောက်ခြမ်း ကျောက်လုပ်ကွက် ဝန်းကျင်ကို လေကြောင်းဗုံး အလုံး ၃၀ ဝန်းကျင်ကြဲချခဲ့တာဖြစ်ပြီး သေဆုံးသူ ၅ ဦးနှင့် ထိခိုက်ဒဏ်ရာရသူ ၂၀ ဝန်းကျင်ရှိကြောင်း” ဖော်ပြသည်။

BBC သတင်းလင့်ခ် – https://shorturl.at/BlDhL

အဆိုပါ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုနှင့် ပတ်သက်၍ မိုးကုတ်မြို့ ဒေသခံတစ်ဦးကို MFCN အဖွဲ့ဝင် သတင်းအချက် စစ်ဆေးသူများက ဆက်သွယ်ခဲ့ရာ “သေဆုံးက စုစုပေါင်း ၅ ယောက်ပါ။ ယောက်ျားလေးတွေ ချည်းပဲ။ ကျောက်တွင်းလုပ်တဲ့သူတွေပါ” ဟု ပြောသည်။

သုံးသပ်ချက်

ထိုကြောင့် မိုးကုတ်မြို့ကို စစ်ကောင်စီ လေကြောင်းဗုံးကြဲတိုက်ခိုက်ရာ TNLA တပ်ဖွဲ့ဝင် ၅၀ ထက်မနည်း သေဆုံးသည် ဆိုသည့် ဖော်ပြချက်က မှားယွင်းနေပါသည်။

စစ်ကောင်စီ ဝါဒဖြန့်ချန်နယ်တွေက စစ်ရာဇဝတ်မှုကျူးလွန်နေသော စစ်ကောင်စီကို ဖုံးကွယ်ရန် အရပ်သားသေဆုံးမှုကို TNLA တပ်ဖွဲ့ဝင်များ သေဆုံးနေသယောင် လိမ်လည်လှည့်ဖြားရေးသား ဝါဒဖြန့်ချိနေခြင်း ဖြစ်သည်။

စာဖတ်ပရိတ်သတ်များအနေဖြင့် လူမှုကွန်ရက် စာမျက်နှာများတွင် ဖော်ပြနေသည့် သတင်းများကို ချက်ချင်းမယုံကြည်ဘဲ စိတ်ချရသော သတင်းမီဒီယာများတွင် သွားရောက်ဖတ်ရှု့ကြရန် တိုက်တွန်းပါသည်။

သတင်းတု၊ သတင်းမှားဟု ယူဆရသည့် သတင်းတွေကိုလည်း Myanmar Fact-checking Network Facebook Chat Box မှတစ်ဆင့် သတင်း၏ လင့်ခ် (သို့မဟုတ်) Screenshot ပုံပေးပို့ခြင်းဖြင့် စစ်ဆေးနိုင်ပါသည်။

Myanmar Fact-checking Network အဖွဲ့ဝင်များ၏ အချက်အလက်စစ်ဆေးထားသည့် သတင်းများကိုလည်း ဤနေရာတွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

Web – https://myanmarfactcheckingnetwork.org/
Fb – https://www.facebook.com/myanmarfactcheckingnetwork

 

Share:FacebookX

Follow @meksdemo

Instagram has returned empty data. Please authorize your Instagram account in the plugin settings .