၂၀၂၅ ဇန်နဝါရီလ ၂၉ ရက် (သျှမ်းသံတော်ဆင့်၊ The Red Flag)
စစ်ကောင်စီက ပြည်သူ့စစ်မှုထမ်း တာဝန်ထမ်းဆောင်ရန်အတွက် အသက်အရွယ် အကျုံးဝင်သည့် အမျိုးသမီးများအား ခေါ်ယူရန်အစီအစဉ်မရှိဘဲ သတင်းမှားများ ပျံ့နှံ့နေခြင်းသာဖြစ်သည်ဟု ဖြန့်ချိနေပါသည်။
စစ်ကောင်စီအားပေး တယ်လီဂရမ် ဝါဒဖြန့်ချန်နယ်တစ်ခုဖြစ်သည့် မှိုင်းဝေချန်နယ်က ဇန်နဝါရီလ ၂၉ ရက်တွင် ဖြန့်ချိခဲ့ပြီး “အမျိုးသမီးများ စစ်မှုထမ်းရန် စာရင်းကောက်ခံနေသည်ဆိုခြင်းမှာ သတင်းမှားသာဖြစ်ပြီး ခေါ်ယူရန် အစီအစဉ်မရှိသေးပါ” ဟု ရေးသားဖြန့်ဝေခဲ့သည်။
ထိုသတင်းအမှားကို ကြည်ရှုသူပေါင်း ၁၇,၀၀၀ ကျော်ရှိပြီး မှိုင်းဝေချန်နယ်အပြင် အခြားစစ်ကောင်စီအားပေး တယ်လီဂရမ် ဝါဒဖြန့်ချန်နယ်များကလည်း ဖြန့်ချိနေသည်။
မူရင်းလင့်ခ် – https://archive.ph/YGDfX
ဆက်စပ် သတင်းအမှား – https://archive.ph/q1lHE
သတင်းအမှားဖြန့်ချိသူတွေ ဖော်ပြသော အကြောင်းအရာကို MFCN အဖွဲ့ဝင် သျှမ်းသံတော်ဆင့် အချက်အလက်စစ်ဆေးသူများက စစ်ဆေးကြည့်သည့်အခါ မှားယွင်းနေကြောင်း တွေ့ရသည်။
သတင်း စစ်ဆေးတွေ့ရှိချက်
လွတ်လပ်သည့် သတင်းဌာနများ၏ ဖော်ပြချက်အရ ရန်ကုန်မြို့အပါအဝင် မြို့နယ်အချို့တွင် အမျိုးသမီးများ စစ်မှုထမ်းရန်အတွက် စစ်ကောင်စီ၏ ရပ်ကျေးတာဝန်ရှိသူများက စာရင်းကောက်ခံခြင်း၊ စိစစ်ခြင်း လုပ်ဆောင်နေကြောင်း ဖော်ပြထားသည်။
BBC သတင်းဌာနတွင် ရန်ကုန်မြို့၌ အမျိုးသမီးစစ်မှုထမ်းအတွက် စစ်ကောင်စီ၏ ရပ်ကျေးတာဝန်ရှိသူတွေက စာရင်းစိစစ်ခြင်း လုပ်ဆောင်လာနေကြောင်း မြို့ခံများ၏အတည်ပြုချက်ဖြင့် ဇန်နဝါရီလ ၂၇ ရက်နေ့က ဖော်ပြသည်။
ထို့ပြင် အမျိုးသမီးစစ်မှုထမ်းများအတွက် ဒီဖင်ဘာလမှစတင်၍ သင်တန်းကျောင်းများ စတင်ပြင်ဆင်နေကြောင်း CDM တပ်အသိုင်းအဝိုင်း သိရှိရကြောင်း BBC သတင်းဌာနက ဖော်ပြသည်။
သတင်းလင့်ခ် – https://shorturl.at/hR7C0
ရန်ကုန်မြို့တွင် ဇန်နဝါရီလ ၂၅ ရက်ကစတင်ပြီး အမျိုးသမီးများ စစ်မှုထမ်းရန် စာရင်းကောက်ယူနေပြီး ယနေ့အချိန်ထိ ရပ်ကွက်အတွင်း နေ့ရော၊ ညပါ ဆက်တိုက်ကောက်ယူနေသည်ဟု မြို့ခံများက ပြောဆိုကြောင်း People’s Spring က ဇန်နဝါရီလ ၂၉ ရက်နေ့၌ ဖော်ပြထားသည်။
သတင်းလင့်ခ် – https://shorturl.at/3Kads
ထို့အတူ သျှမ်းပြည် တောင်ကြီးမြို့နယ်တွင် အသက် ၁၈ နှစ် ၃၅ နှစ်အတွင်း အမျိုးသမီးများ စစ်မှုထမ်းစာရင်း ထွက်ရှိလာသောကြောင့် မိဘများနှင့် စာရင်းတွင်ပါရှိသည့် အမျိုးသမီးများက စိုးရိမ်နေကြောင်း အမျိုးသမီးတစ်ဦး၏ အတည်ပြုချက်ဖြင့် သျှမ်းသံတော်ဆင့်က ဖော်ပြသည်။
သတင်းလင့်ခ် – https://shorturl.at/7bOjr
သုံးသပ်ချက်
ထို့ကြောင့် ပြည်သူ့စစ်မှုထမ်း တာဝန်ထမ်းဆောင်ရန် အမျိုးသမီးများကို ခေါ်ယူရန်အစီအစဉ်မရှိသေးကြောင်း ဆိုသည့် ဖော်ပြချက်က မှားယွင်းနေပါသည်။ ထို့အပြင် သတင်းမီဒီယာ၏ တင်ပြချက်ကို သတင်းအမှားဖြန့်တယ်ဆိုပြီး ပုံဖျက်ရေးသားထားပါသည်။
လက်ရှိ ရန်ကုန်မြို့အပါဝင် မြို့နယ်အချို့တွင် အမျိုးသမီးများ စစ်မှုထမ်းရန်အတွက် စစ်ကောင်စီက စာရင်းကောက်ခံခြင်း၊ စိစစ်ခြင်း ပြုလုပ်နေလျက်ရှိသည်။
သတင်းအမှားဖြန့်ချိသူတွေက အမျိုးသမီးများ စစ်မှုထမ်းခေါ်နေသည်ဆိုသည့် သတင်းကို ဖုံးကွယ်ရန်အတွက် ရည်ရွယ်ချက် ရှိရှိဖြင့် လှည့်ဖြားရေးသားဝါဒဖြန့်ချိနေခြင်း ဖြစ်သည်။
စာဖတ်ပရိတ်သတ်တွေအနေဖြင့် လူမှုကွန်ရက် စာမျက်နှာများတွင် ဖော်ပြနေသည့် သတင်းတွေကို ချက်ချင်းမယုံကြည်ဘဲ စိတ်ချရသော သတင်းမီဒီယာများမှာ သွားရောက်ဖတ်ရှု့ကြရန် တိုက်တွန်းပါသည်။
သတင်းတု၊ သတင်းမှားဟု ယူဆရသည့် သတင်းတွေကိုလည်း Myanmar Fact-checking Network Facebook Chat Box မှတစ်ဆင့် သတင်း၏ လင့်ခ် (သို့မဟုတ်) Screenshot ပုံပေးပို့ခြင်းဖြင့် စစ်ဆေးနိုင်ပါသည်။
Myanmar Fact-checking Network အဖွဲ့ဝင်များ၏ အချက်အလက်စစ်ဆေးထားသည့် သတင်းများကိုလည်း ဤနေရာတွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။