၂၀၂၅ ဇန်နဝါရီလ ၃၁ ရက်
(သျှမ်းသံတော်ဆင့်၊ DNA၊ The Red Flag)
ဓာတ်ပုံအဟောင်း အသုံးပြု၍ ပအိုဝ်းပြည်သူတွေကို ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် PNLA က ရက်စက်စွာ ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း သတင်းအမှားဖြန့်ချိနေသည်။
စစ်ကောင်စီအာပေး တယ်လီဂရမ် ဝါဒဖြန့်ချန်နယ်တစ်ခုဖြစ်သည့် မှိုင်းဝေချန်နယ်က ဇန်နဝါရီလ ၃၀ ရက်တွင် ဖြန့်ချိခဲပြီး “ပအိုဝ်းပြည်သူများကို ရက်စက်စွာ ပစ်ခတ်သတ်ဖြတ်ခဲ့တဲ့ အကြမ်းဖက် PNLO အဖွဲ့” ဟု (မူရင်းအတိုင်း) အလောင်းပုံနှင့်အတူ ရေးသားဖြန့်ချိခဲ့သည်။
ထိုသတင်းအမှားကို ကြည်ရှုသူပေါင်း ၂၈,၀၀၀ ကျော်ရှိသည်။
မူရင်းလင့်ခ် – https://archive.ph/YWOVT
သတင်းအမှားဖြန့်ချိသူတွေက ဖော်ပြသော အကြောင်းအရာကို MNFC အဖွဲ့ဝင် သျှမ်းသံတော်ဆင့်နှင့် Delta News Agency တို့၏ အချက်အလက်စစ်ဆေးသူများက ပူးပေါင်းစစ်ကြည့်သည့်အခါ မှားယွင်းနေကြောင်း တွေ့ရသည်။
သတင်း စစ်ဆေးတွေ့ရှိချက်
ဓာတ်ပုံကို Reverse Image Search စစ်ဆေးကြည့်သောအခါ ပြီးခဲ့သည့် ၂၀၂၄ ဖေဖော်ဝါရီ ၁၉ ရက်နေ့က သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နယ်တွင် ဖြစ်ပွားခဲ့သည့်ဖြစ်စဉ် ဖြစ်နေသည်ကို တွေ့ရသည်။
၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၉ ရက်နေ့တွင် စစ်ကောင်စီနှင့် ပအိုဝ်းပြည်သူ့စစ် PNO တို့က လက်နက်ကြီး၊ ဒရုန်းများဖြင့် ပစ်ခတ်ခဲ့သောကြောင့် ဆီဆိုင်မြို့နယ် ဝါးတောကျေးရွာအတွင်း ကျရောက်ပေါက်ကွဲပြီး ပြည်သူ ၇ ဦးသေဆုံးခဲ့ရကြောင်း သျှမ်းတောင်ဒေသတွင်း သတင်းဌာတစ်ခုဖြစ်သည့် ခမ်းသားငေါဝ်းသတင်းဌာနက ဖော်ပြသည်။
အဆိုပါ ပြည်သူ ၇ ဦးသည် ဆီဆိုင်မြို့သို့ ပစ္စည်းပြန်ယူနေစဉ် စစ်ကောင်စီက လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် သေဆုံးရခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။
သတင်းလင့်ခ် – https://shorturl.at/21bWJ
သျှမ်းပြည်အခြေစိုက် သတင်းဌာနတစ်ခုဖြစ်သော သျှမ်းသံတော်ဆင့်က ထိုနေ့တွင် “ဒရုန်းဖြင့် ဗုံးကြဲခံခဲ့ရသည့် အရပ်သားများ အလောင်း (၇) လောင်း မကယ်ထုတ်နိုင်သေး” ဟု ဖော်ပြသည်။
သတင်းအပြည့်အစုံ ဖတ်ရှုရန် – https://shorturl.at/yhRBr
ဆီဆိုင်မြို့တွင် ပစ္စည်းပြန်ယူသည့်ဒေသခံများ လက်နက်ကြီးထိမှန်ခဲ့၍ ၈ဦးထက်မနည်းထိခိုက်သေဆုံးခဲ့ဟု သျှမ်းမြောက်အခြေစိုက် ရွှေဖီမြေသတင်းဌာနကလည်း သတင်းဖော်ပြခဲ့သေးသည်။
Shwe Phee Myay News Agency – https://shorturl.at/UP5IY
အလားတူ ဧရာဝတီသတင်းတွင် “ဆီဆိုင်တွင် အရပ်သားယဉ်တန်းတိုက်ခိုက်ခံရပြီး ၇ ဦးသေဆုံး” ဟု ဖော်ပြထားသည်။
ဧရာဝတီ – https://shorturl.at/eoOz6
ထို့ပြင် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် PNLA ၏ သတင်းထုတ်ပြန်ချက်တွင် ဆီဆိုင်မြို့သို့ ပစ္စည်းပြန်သယ်ရန် ပြန်လာသည့် ပြည်သူလူထု ကားတန်းကို စစ်ကောင်စီက လက်နက်ကြီးများ၊ ဒရုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းကြောင့် ပြည်သူလူထု ၇ ဦးသေဆုံးခဲ့ရကြောင်း ဓာတ်ပုံနှင့်အတူ ၂၀၂၄ ဖေဖော်ဝါရီ ၂၀ ရက်က ဖော်ပြသည်။
သတင်းထုတ်ပြန်ချက် – https://shorturl.at/n4w8E
သုံးသပ်ချက်
ထိုကြောင့် ပအိုဝ်းပြည်သူတွေကို ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် PNLA က ရက်စက်စွာ ပစ်ခတ်သတ်ဖြတ်ခဲ့သည် ဆိုသည့်ဖော်ပြချက်က မှားယွင်းနေသည်။
သတင်းအမှားဖြန့်ချိသူတွေ ဖော်ပြသည့် ဓာတ်ပုံများသည် ယခုရက်ပိုင်းအတွင်း ဖြစ်ပွားနေသာ ဖြစ်စဉ်များမဟုတ်ဘဲ ပြီးခဲ့သည့် ၂၀၂၄ ဖေဖော်ဝါရီအတွင်းက သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နယ်တွင် ဖြစ်ပွားခဲ့သော စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် သေဆုံးသွားခဲ့ရသည့် ပြည်သူ ၇ ဦး၏ ရုပ်အလောင်း ဓာတ်ပုံများသာ ဖြစ်သည်။
စာဖတ်ပရိတ်သတ်တွေအနေဖြင့် လူမှုကွန်ရက် စာမျက်နှာများတွင် ဖော်ပြနေသည့် သတင်းတွေကို ချက်ချင်းမယုံကြည်ဘဲ စိတ်ချရသော သတင်းမီဒီယာများမှာ သွားရောက်ဖတ်ရှု့ကြရန် တိုက်တွန်းပါသည်။
သတင်းတု၊ သတင်းမှားဟု ယူဆရသည့် သတင်းတွေကိုလည်း Myanmar Fact-checking Network Facebook Chat Box မှတစ်ဆင့် သတင်း၏ လင့်ခ် (သို့မဟုတ်) Screenshot ပုံပေးပို့ခြင်းဖြင့် စစ်ဆေးနိုင်ပါသည်။
Myanmar Fact-checking Network အဖွဲ့ဝင်များ၏ အချက်အလက်စစ်ဆေးထားသည့် သတင်းများကိုလည်း ဤနေရာတွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။
Web – https://myanmarfactcheckingnetwork.org/
Fb – https://www.facebook.com/myanmarfactcheckingnetwork