တကူရွာကို စစ်ကောင်စီတပ် ဗုံးကြဲပြီး တော်လှန်ရေးအဖွဲ့တွေကို အပြစ်ပုံချဖို့ ကြိုးပမ်း
Share:FacebookX

တကူရွာကို စစ်ကောင်စီတပ် ဗုံးကြဲပြီး တော်လှန်ရေးအဖွဲ့တွေကို အပြစ်ပုံချဖို့ ကြိုးပမ်း

တနင်္သာရီမြို့နယ်၊ တကူရွာမှာ ဇန်နဝါရီလ ၁၃ ရက်က စစ်ကောင်စီရဲ့ မြိတ်လေတပ်ကနေ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက် တာကြောင့် နေအိမ်တွေ ပျက်စီးပြီး အမျိုးသမီးသုံးဦး ထိခိုက်ဒဏ်ရာခဲ့ပါတယ်။

အဲဒီဖြစ်စဥ်အပေါ် စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှု မရှိခဲ့ဘဲ PDF တပ်ဖွဲ့တွေက စစ်ကောင်စီတပ်သားတွေကို ဒရုန်းနဲ့ ဗုံးသီးချရာကနေအရပ်သားတွေထိခိုက်တာလို့ စစ်ကောင်စီရဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး ဝက်ဘ်ဆိုက်နဲ့ တယ်လီဂရမ်ချန်နယ်တွေကနေ ဇန်နဝါရီလ ၁၄ရက်မှာ ငြင်းချက်ထုတ်ခဲ့ပါတယ်။ အောက်ဖော်ပြပါလင့်တွေမှာ ကြည့်နိုင်ပါတယ်။

ဝက်ဘ်ဆိုက်လင့် – https://archive.ph/Mb8i7

တယ်လီဂရမ်ချန်နယ်လင့် – https://archive.ph/drOoM

အထက်ပါ ငြင်းဆိုချက်နဲ့ ပတ်သက်ပြီး ဒေသခံတွေ၊ တော်လှန်ရေးအင်အားစုတွေနဲ့ စစ်ကောင်စီ၏ လေကြောင်းပျံသန်းမှုကို စောင့်ကြည့်နေတဲ့ အဖွဲ့အစည်းတွေရဲ့ အချက်အလက်တွေကို ကိုးကားပြီး Myanmar Factchecking Network အဖွဲ့ဝင်ဖြစ်တဲ့ Dawei Watch က အချက်အလက် စစ်ဆေးခဲ့ပါတယ်။ အဲဒီလို စစ်ဆေးကြည့်ရာမှာတော့ စစ်ကောင်စီက လေကြောင်း တိုက်ခိုက်မှုအပေါ် ဖုံးကွယ်ပြီး တော်လှန်ရေးအင်အားစုတွေကို အပြစ်ပုံချဖို့ ကြိုးစားနေတာကို တွေ့ရှိခဲ့ရပါတယ်။

တကူရွာကို တိုက်ပွဲမရှိဘဲ လေယာဉ်နဲ့ဗုံးကြဲ

စစ်ကောင်စီတပ်ဟာ တကူရွာကို ဇန်နဝါရီလ ၁၃ ရက် နံနက်ပိုင်း နံနက် ၈ နာရီခွဲဝန်းကျင်မှာ လေယာဉ်နဲ့ ဗုံးနှစ်လုံး ကြဲချတိုက်ခိုက်ခဲ့ပြီး ၉ နာရီ ၄၅ မိနစ်ဝန်းကျင်မှာလည်း ဗုံးသုံးလုံး ထပ်မံကြဲချခဲ့တယ်လို့ ဒေသခံတွေနဲ့ တော်လှန်ရေးအင်အားစုတွေက ပြောပါတယ်။

အဲဒီဗုံးကြဲတိုက်ခိုက်မှုကြောင့် တကူရွာက နေအိမ် နှစ်ဆောင် လုံးဝပျက်စီးသွားပြီး နောက်ထပ်နေအိမ် နှစ်ဆောင်လည်း ထိခိုက်သွားတဲ့အပြင်အမျိုးသမီးသုံးဦးလည်း ဒဏ်ရာအပြင်းအထန်ရတယ်လို့ ပြောဆိုကြပါတယ်။

တကူရွာ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခံရတာနဲ့ပတ်သက်ပြီး ဒေသတွင်းအခြေစိုက် သတင်းမီဒီယာတွေဖြစ်တဲ့ Dawei Watch၊ The Tanintharyi Timesနဲ့ Southern Voice တို့က မှတ်တမ်းဓာတ်ပုံတွေနဲ့တကွ သတင်းဖော်ပြထားတာကို အောက်ဖော်ပြပါလင့်တွေမှာ ကြည့်နိုင်ပါတယ်။

Dawei Watch က ဖော်ပြတဲ့သတင်းလင့် – https://www.daweiwatch.com/13/01/2025/104463/

The Tanintharyi Times က ဖော်ပြတဲ့သတင်းလင့် – https://www.facebook.com/share/p/1XZKb68fx1/

Southern Voice က ဖော်ပြတဲ့သတင်းလင့် – https://www.facebook.com/share/p/15cCYbu6Nx/

တိုက်ပွဲမရှိဘဲ အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပူးပေါင်း စစ်ကြောင်း (၂) ပြန်ကြားရေးတာဝန်ခံက Dawei Watch ကို ပြောဆိုထားပါတယ်။

မြိတ်လေတပ်ကနေ လေယာဉ်ပျံသန်းမှုတွေ ရှိခဲ့တယ်

မြိတ်လေတပ်ကနေ ဇန်နဝါရီလ ၁၃ ရက်မှာ Mi 2 Attack ၊ K8 W ဂျက်ဖိုက်တာနဲ့ အမည်မသိဂျက်ဖိုက်တာ လေယာဥ်တွေ အတက်အဆင်းပြုလုပ်ခဲ့တယ်လို့ စစ်ကောင်စီရဲ့ လေကြောင်းပျံသန်းမှုကို ကင်းထောက်နေတဲ့ EAR channel က ဖော်ပြပါတယ်။

ဇန်နဝါရီလ ၁၃ ရက် နံနက် ၇ နာရီကနေ ၁၀ နာရီအတွင်း မြိတ်လေတပ်စခန်းကနေ လေယာဥ် ခြောက်ကြိမ်ပျံတက်ခဲ့တယ် လို့ အထက်ပါချန်နယ်ကဖော်ပြပါတယ်။ အဲဒီအချိန်တွေဟာ တကူရွာမှာ လေယာဥ်နဲ့ ဗုံးကြဲချခံရတဲ့အချိန်လည်း ဖြစ်ပါတယ်။

စစ်ကောင်စီ မြိတ်လေတပ်ကနေ ဇန်နဝါရီလ ၁၃ ရက် နံနက် ၇ နာရီကနေ ၁၀ နာရီအတွင်း အတက်အဆင်းပြုလုပ်ခဲ့တဲ့ လေယာဥ်လမ်းကြောင်းတွေကို EAR ချန်နယ်က ကင်းထောက်ဖော်ပြထားတာကို အောက်ဖော်ပြပါလင့်တွေမှာ ကြည့်နိုင်ပါတယ်။

နံနက် ၇ နာရီ ၅၆ မိနစ်မှာ ပျံသန်းမှုလင့် – https://t.me/EnemyAirRoute/65184

နံနက် ၈ နာရီ ၂၄ မိနစ်မှာ ပျံသန်းမှုလင့် – https://t.me/EnemyAirRoute/65186

နံနက် ၈ နာရီ ၂၅ မိနစ်မှာ ပျံသန်းမှုလင့် – https://t.me/EnemyAirRoute/65187

နံနက် ၈ နာရီ ၅၄ မိနစ်မှာ ပျံသန်းမှုလင့် –https://t.me/EnemyAirRoute/65191

နံနက် ၉ နာရီ ၂၄ မိနစ်မှာ ပျံသန်းမှုလင့် – https://t.me/EnemyAirRoute/65195

နံနက် ၉ နာရီ ၅၅ မိနစ်မှာ ပျံသန်းမှုလင့် – https://t.me/EnemyAirRoute/65210

လေကြောင်းတိုက်ခိုက်ခံရတဲ့နေ့က လေယာဥ်သံလည်း ကြားရသလို လေယာဥ်ကို မြင်တွေ့လိုက်ရသူတွေလည်းရှိတယ်လို့ တကူရွာသားတွေက ပြောပါတယ်။

လေကြောင်းကနေ ဗုံးကြဲခံရပြီးနောက် ကျေးရွာအတွင်း ပေါက်ကွဲမှုနဲ့ပတ်သက်လို့ မှတ်တမ်းတင်ထားတဲ့ ရုပ်သံ တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ က ထုတ်ပြန်ထားပါတယ်။ အောက်ဖော်ပြပါလင့်မှာ ကြည့်နိုင်ပါတယ်။

https://www.facebook.com/share/v/15eBnWQtQS/

တကူရွာမှာ စစ်ကောင်စီတပ် မရှိ

တကူတိုက်နယ်ဟာ စစ်ကောင်စီက စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ တနင်္သာရီမြို့နယ်ထဲက ဒေသတစ်ခုဖြစ်ပါတယ်။

ဒါပေမဲ့ ၂၀၂၄ ခုနှစ် စက်တင်ဘာလမှာ တကူရွာအနီးရှိ စစ်ကောင်စီရဲ့ သိန္ဓောစခန်းကို စွန့်ခွာသွားပြီးကတည်းက တကူတိုက်နယ်မှာ စစ်ကောင်စီတပ် မရှိတော့သလို စစ်ကြောင်းထိုး ဝင်ရောက်လာတာလည်း မရှိတော့ဘူးလို့ ဒေသခံတွေနဲ့ တော်လှန်ရေးအင်အားစုတွေက ပြောပါတယ်။

စခန်းစွန့်သွားကြီးနောက်မှာတော့ လေကြောင်းပစ်ခတ်မှုနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေပဲ စစ်ကောင်စီတပ်က လုပ်ဆောင်နေတယ်လို့ တနင်္သာရီမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

ဒါ့အပြင် လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တဲ့ ဇန်နဝါရီလ ၁၃ ရက် မတိုင်ခင်ရော၊ ၁၃ ရက်နောက်ပိုင်းမှာရော စစ်ကောင်စီတပ်သားတွေ လာရောက်တာ၊ စစ်ကြောင်းထိုးတာ မရှိဘူးလို့လည်း တကူရွာသားတွေက ပြောပါတယ်။

ဒါ့ကြောင့် စစ်ကောင်စီတပ်သားတွေ လုံခြုံရေးယူနေချိန် ပြည်သူ့ကာကွယ်ရေးတပ်တွေက ဒရုန်းနဲ့ ဗုံးချတိုက်ခိုက် တယ်ဆိုတဲ့ စစ်ကောင်စီရဲ့ငြင်းချက်ဟာ မြေပြင်အခြေအနေနဲ့ ကွဲလွဲနေတာကို စိစစ်တွေ့ရှိရပါတယ်။

စိစစ်တွေ့ရှိချက်နဲ့ သုံးသပ်ချက်

တကူရွာ ဗုံးကြဲတိုက်ခိုက်ခံရချိန် စစ်ကောင်စီ လေကြောင်းပျံသန်းမှုမှတ်တမ်းတွေ၊ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှု အမှန်တကယ်ရှိခဲ့တဲ့အကြောင်း ဒေသခံရွာသားတွေနဲ့ တော်လှန်ရေးအင်အားစုတွေရဲ့ အတည်ပြုချက်တို့အရ ဇန်နဝါရီလ ၁၃ ရက် မနက်ပိုင်းမှာ တကူရွာကို စစ်ကောင်စီက လေကြောင်း တိုက်ခိုက်ခဲ့တယ်ဆိုတာ အတည်ပြုနိုင်ခဲ့ပါတယ်။

သိန္ဓောစခန်းကို စွန့်ခွာသွားပြီးကတည်းက နောက်ထပ်တပ်စွဲတာ၊ မြေပြင်စစ်ကြောင်းထိုးတာ မရှိတော့တဲ့အတွက် စစ်ကောင်စီတပ်သားတွေ လုံခြုံရေးယူတာကို ပြည်သူ့ကာကွယ်ရေးတပ်တွေက ဒရုန်းနဲ့ ဗုံးချတိုက်ခိုက်တယ်ဆိုတဲ့ ဖော်ပြချက်ဟာလည်း အရပ်သားပြည်သူကို ပစ်မှတ်ထားတဲ့ စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုအပေါ် ဖုံးကွယ်ဖို့နဲ့ တော်လှန်ရေးအင်အားစုတွေကို အပြစ်ပုံချဖို့ ကြိုးပမ်းမှုအဖြစ် တွေ့ရှိရပါတယ်။

စာဖတ်သူတွေအနေနဲ့ သတင်းတု၊ သတင်းမှားတွေ၊ စစ်ဆေးပေးစေလိုတဲ့ သံသယဖြစ်ဖွယ် သတင်းအချက်အလက်တွေ ရှိလာရင်ဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ် မဟုတ်အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ် Myanmar Fact Checking Network နဲ့ Myanmar Fact Checking Network အဖွဲ့ဝင်ဖြစ်တဲ့ Dawei Watch ရဲ့ မက်ဆင်ဂျာကနေတစ်ဆင့် ဆက်သွယ်ပြီး အချက်အလက်စစ်ဆေးပေးဖို့ အကူအညီတောင်းနိုင်ပါတယ်။

Share:FacebookX

Follow @meksdemo

Instagram has returned empty data. Please authorize your Instagram account in the plugin settings .