အမေရိကန်နိုင်ငံ၊ Los Angeles မြို့ တောမီးလောင်မှုမှာ မီးကွင်းတဲ့အိမ်ဆိုပြီး ဘာသာအလိုက် ဖြန့်ဝေ နေတဲ့ သတင်းအမှား
Share:FacebookX

အမေရိကန်နိုင်ငံ၊ Los Angeles မြို့ တောမီးလောင်မှုမှာ မီးကွင်းတဲ့အိမ်ဆိုပြီး ဘာသာအလိုက် ဖြန့်ဝေ နေတဲ့ သတင်းအမှား

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁၆   ရက်

(Fact Check) Delta News Agency/ The Red Flag

လက်ရှိလူမှုကွန်ရက် စာမျက်နှာပလက်ဖောင်းအသီးသီးမှာ အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယား ပြည်နယ်က Los Angeles (or) LA မြို့ အနီးဝန်းကျင်မှာ  ဖြစ်ပွားနေတဲ့ တောမီးလောင်မှုမှာ ဘာသာရေး ကြောင့် မီးကွင်းခဲ့တဲ့အိမ်ဆိုပြီး မီးမလောင်ဘဲ ကျန်ခဲ့တဲ့ အိမ်ဓါတ်ပုံ ၂ ပုံနဲ့ဖြန့်ဝေနေတာကို တွေ့ရပါတယ်။

၂၀၂၅ ဇန်နဝါရီလ ၁၂ ရက်မှာ U Chit Wai အမည်ရှိ Facebook Account ကနေ “ မီးကွင်းခြင်း၊ သူ့ကံတ ရားနဲ့ သူပါပဲ.. ဒါကြောင့် စိတ်ကောင်းကောင်းမွေးမြူကြ-သိကြားသာသနာက ဖြစ်ပျက်လွယ်လွန်းပါတယ်” ဆိုပြီး ဓါတ်ပုံအမှတ် ၂ နဲ့အတူ ရေးသားဖြန့်ဝေခဲ့တာကို တွေ့ရပါတယ်။

ဒါအပြင် Levi Sap Nei Thang အမည်ရှိ Facebook Account ကနေ ဇန်နဝါရီ ၁၃ ရက်မှာ “ကျနော် မငို သင့်ဘူး၊ အိမ်နီးနာချင်း အိမ်အားလုံး မီးထဲပါသွားပေမယ့်၊ ကျနော့်ရဲ့ အိမ်တစ်လုံးထဲကွက်ပြီး ဘုရားသခင် က ကယ်တင်ခဲ့တယ်၊ ဘာဖြစ်လို့လဲ၊ ကျနော့် အိမ်းနားချင်းတွေ၊ သူတို့ကျတော့ ဘာဖြစ်လို့လဲ၊ ရပ်ကွက် ၂ ခုလုံး မီးလောင်ကျွမ်းသွားတာ၊ အိမ်တစ်လုံးထဲ ရပ်တည်နေနိုင်တာ၊ ဒါကျနော့အိမ် (သူ့အိမ်အတွက် ဝမ်းသာ ပေမယ့်… သူ့အိမ်နားတွေအတွက် ဝမ်းနည်းနေသူ)လို့ရေးသားပြီး ဓါတ်ပုံအမှတ် ၂ ပါ ဗွီဒီယိုဖိုင်တခုနဲ့အတူ ဖြန့်ဝေခဲ့ပါတယ်။

ဇန်နဝါရီလ ၁၂ ရက်မှာ Chan Myae Aung 557 အမည်ရှိ Tik Tok account ကနေ “အမေရိကန်တောမီး တစ်အိမ်ထဲကျန်တဲ့အိမ်နာမည်ကြီးနေပါတယ်”လို့ရေးသားပြီး တရားစာနောက်ခံနဲ့ ဓါတ်ပုံအမှတ် ၂ နဲ့အတူ ရေးသားဖြန့်ဝေခဲ့တဲ့အပြင် Nansandar513 အမည်ရှိ Tik Tok account ကနေ “ထူးခြားဆန်းပြားမီး ကွင်းတဲ့အိမ်”လို့ ရေးသားဖြန့်ဝေခဲ့တာကိုလဲ တွေ့ရှိရပါတယ်။

အဲဒီပျံ့နှံ့နေတဲ့သတင်း ဓါတ်ပုံတွေနဲ့ပတ်သက်လို့ Myanmar Fact-checking Network အဖွဲ့ဝင်ဖြစ်တဲ့ DNA Fact Check Team ကနေ စိစစ်ကြည့်တဲ့အခါမှာ ဓါတ်ပုံအမှတ် ၁ ဟာ ၂၀၂၃ ၊ ဩဂုတ်လ ၁၆ ရက် က အမေရိကန်နိုင်ငံ၊ ဟာဝိုင်အီ၊ Maui ကျွန်းရှိ Lahaina အပန်းဖြေမြို့တောမီးလောင်မှုက မီးကွင်းကျန်ခဲ့ တဲ့အိမ်ဖြစ်ပြီး ဓါတ်ပုံအမှတ် ၂ က AI နဲ့ဖန်တီးပြုလုပ်ထားတဲ့ ပုံအတုဖြစ်တယ်ဆိုတာကို စိစစ်သိရှိရ ပါတယ်။

☑️ သတင်းစိစစ်ချက်

၂၀၂၃ ဩဂုတ် ၁၆ ရက်က “အမေရိကန်နိုင်ငံအနောက် Maui ရှိ သမုဒ္ဒရာနဲ့ ထိစပ်နေတဲ့ အပန်းဖြေမြို့ Lahaina မှာ တောမီးလောင်ခဲ့ရာ အိမ်တလုံးမီးကွင်းသွားခဲ့လို့  “ဟာဝိုင်အီ တောမီးမှ လွတ်မြောက်ခဲ့သော အိမ်နီ”ဆိုကာ နာမည်ကြီးခဲ့ပြီး အဲဒီမြို့မှာ အိမ်တွေကို သစ်သားနဲ့ဆောက်ပေမဲ့ မီးကွင်းအိမ်ဟာ ကွန်ကရစ်နဲ့ တည်ဆောက်ထားလို့ မီးမလောင်ခဲ့တာဖြစ်တယ်ဆိုပြီး New York Post က ရေးသားထားပါတယ်။ (ပုံ ၁)

ဟာဝိုင်အီ၊ Maui ကျွန်း၊ Lahaina မြို့မှာ တောမီးလောင်ခဲ့ရာ အိမ်ပိုင်ရှင် Trip Millikin ရဲ့ အမိုးနီအိမ်ဟာ သတ္တုခေါင်မိုးတပ်ဆင်ထားမှုနဲ့အနီးမှာ မီးလောင်လွယ်တဲ့ ပစ္စည်းမရှိလို့မီးကွင်းခဲ့တာဆိုပြီး NPR သတင်း ဌာနက ၂၀၂၃ ဩဂုတ် ၂၄ ရက်မှာ ရေးသားပြီး CNN ကနေ လူ ၁၁၄ ဦးထက်မနဲသေဆုံးပြီး အိမ်ပေါင်း ၂၂၀၀ ကျော်ပျက်စီးခဲ့တဲ့နေရာမှာ မီးကွင်းတဲ့အိမ်နေရာပါ ပင်လယ်ကမ်းစပ်ကအိမ်တွေဟာ ဒေါ်လာ ၄ သန်း တန်ဖြစ်တယ်လို့ ၂၀၂၃ ဩဂုတ် ၂၁ ရက်ကရေးသားထားပါတယ်။(ပုံ ၁)

Lahaina မြို့တောမီးလောင်ကျွမ်းမှုမှာ အနီရောင်အမိုးပါသောအိမ်တအိမ်ဟာ မီးကွင်းခဲ့လို့ “အံ့ဖွယ်အိမ်”လို့ ခေါ်ဝေါ်နေကာ မီးလောင်ပြင်ကြားမှာ ထင်ရှားတဲ့ဓါတ်ပုံအဖြစ် ပျံ့နှံ့နေတယ်လို့ Mirror က ၂၀၂၃ ဩဂုတ် ၂၁ ရက်ကရေးပြီး Hawaii News Now က ၂၀၂၃ ဩဂုတ် ၂၃ ရက်ကရေးသားထားပါတယ်။ (ပုံ ၁)

အချက်အလက်စစ်ဆေးတဲ့အဖွဲ့တခုဖြစ်တဲ့ Leadstories Factcheck ကနေ အဲဒီပုံဟာ ကမ္ဘာအနှံ့အွန်လိုင်း မှာ ပျံ့နှံ့နေတာတွေ့ရပြီး ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ တောမီးလောင်ရာ မီးကွင်းတဲ့ Maui ရှိ ‘အံ့ဖွယ်အိမ်’နဲ့ ဆင်တူတာကို တွေ့ရပေမဲ့  Google Lens နဲ့စစ်ဆေးရာမှာတော့ “Made with Google AI” ဆိုပြီး AI နဲ့ပြု လုပ်ထားတာဖြစ်တယ်လို့ ရေးသားထားတာ တွေ့ရပါတယ်။(ပုံ ၂)

ဒါ့အပြင် ဧလိယ-Elijah Facebook လူမှုကွန်ရက်အကောင့်ပိုင်ရှင်ကနေပြီး သက်ဆိုင်ရာ ဘာသာအလိုက် သတင်းမှား ဝါဒဖြန့်နေတာကို “မင်းတို့တွေလုပ်မှ ဘုရားတွေလည်း အပြိုင်ဆိုင်တန်ခိုးပြလို့”ဆိုပြီး ရေးသား ထားတာကို တွေ့ရပါတယ်။

☑️သုံးသပ်ချက်  

အမေရိကန်ပြည်ထောင်စု၊ ကာလီဖိုးနီးယားပြည်နယ်တောင်ပိုင်း Los Angeles မြို့အနီးဝန်းကျင်မှာ လောင် ကျွမ်းနေတဲ့တောမီးတွေကို ထိန်းချုပ်နိုင်ဖို့ မီးသတ်သမားတွေဟာ ကြိုးစားနေပေမဲ့ လွန်ခဲ့တဲ့ ၈ လအတွင်း မိုးမရွာခဲ့တာနဲ့ လေတိုက်နှုန်းမြင့်နေတာကြောင့် တောမီး ၃ ခုထဲက ၁၃ ရာခိုင်နှုန်းကိုသာ ထိန်းနိုင်ပြီး လူ ၂၄ ဦးခန့် သေဆုံးခဲ့တယ်လို့ ၂၀၂၅ ဇန်နဝါရီ ၁၃ ရက်က VOA က ရေးသားထားပါတယ်။

အဲဒီပျံ့နှံ့နေတဲ့ ဓါတ်ပုံအမှတ် ၁ နဲ့ အမှတ် ၂ ကို Fact Check Tools တွေ Keyword တွေနဲ့စစ်ဆေးရှာဖွေတဲ့ အခါမှာ ကမ္ဘာ့နိုင်ငံအသီးသီးရဲ့လူမှုကွန်ရက်အမျိုးမျိုးမှာ သက်ဆိုင်ရာဘာသာရေးအကြောင်းအရာအလိုက် ရေးသားဖြန့်ဝေပျံ့နှံ့နေတာကို တွေ့ရှိရပါတယ်။

မြန်မာနိုင်ငံကတော့ အချို့ကမြန်မာအိမ်ဖြစ်လို့ ဗုဒ္ဓဘာသာကိုးကွယ်လို့ ပိဋကတ် ၃ ပုံရှိလို့ ရုပ်ပွားတော်ရှိ လို့စတဲ့ comment တွေအပြင် ယုံကြည်သူအိမ်ဖြစ်လို့ ယေရှုကိုးကွယ်လို့ သမ္မာကျမ်းစာရှိလို့ ကုရ်အာန် ကျမ်းစာရှိလို့အလ္လာဟ်ကိုးကွယ်လို့စတဲ့ ဘာသာရေးယုံကြည်မှုတွေအရ ရေးသားထားတာကိုတွေ့ရပါတယ်။

ဒါပေမဲ့ ဒီပုံအရတော့ Los Angeles မှာ တောမီးလောင်ကျွမ်းနေတာ အမှန်ဖြစ်ပေမဲ့ ၂၀၂၃ ဩဂုတ်လ ဟာဝိုင်အီမှာ မီးမလောင်ဘဲကျန်ခဲ့တဲ့ အိမ်ဓါတ်ပုံကို  AI ဆိုတဲ့ ဉာဏ်ရည်တုနည်းပညာ ဆော့ဖ်ဝဲလ်ကိုသုံး ပြီး ပုံအတုနဲ့ သက်ဆိုင်ရာဘာသာအလိုက် ဘာသာရေးဝါဒဖြန့်နေတာဖြစ်တာကို တွေ့ရှိရပါတယ်။

ဒီကနေ့ခေတ်ဟာ ဆိုရှယ်မီဒီယာခေတ်ဖြစ်တဲ့အတွက် အဲဒီဆိုရှယ်မီဒီယာတွေပေါ်မှာ အကြောင်းအရာ တခုခုကို ပုံဖျက်ဖို့၊ ဝါဒဖြန့်ဖို့၊ ကိုယ်ကျိုးရှာဖို့ ရည်ရွယ်ပြီး သတင်းအတု၊ သတင်းအမှားတွေကို ရည်ရွယ် ချက်ရှိရှိ ဖြန့်ဝေနေကြတာကြောင့် အလွယ်တကူ မယုံကြည်ဖို့၊ ပြန်ပြီး မမျှဝေကြဖို့ အကြံပြုလိုပါတယ်။

စာဖတ်သူတွေအနေနဲ့ သတင်းတု/သတင်းမှား ဖြစ်တယ်လို့ သံသယရှိရင်ပဲဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ်၊ မဟုတ်အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ်၊ Fact Checking ပြုလုပ်ပေးတဲ့ သတင်းဌာန/အဖွဲ့ အစည်းတွေရဲ့ Chat Box ကနေ သွားရောက်မေးမြန်းကြဖို့ တိုက်တွန်းလိုပါတယ်။

Myanmar Fact-checking Network အဖွဲ့ဝင်ဖြစ်တဲ့ DNA Fact Check ကို ဒီနေရာ ကနေ ဝင်ရောက်ဆက်သွယ်မေးမြန်းပြီး အချက်အလက်စစ်ဆေးပေးဖို့ တောင်းဆိုနိုင်ပါတယ်။

Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။ 

Web – https://myanmarfactcheckingnetwork.org/

Fb – https://www.facebook.com/myanmarfactcheckingnetwork

 

Share:FacebookX

Follow @meksdemo

Instagram has returned empty data. Please authorize your Instagram account in the plugin settings .