တန်ဖိုးကြီး ကားကံစမ်းမဲ လိမ်လည်မှုများ
Share:FacebookX

တန်ဖိုးကြီး ကားကံစမ်းမဲ လိမ်လည်မှုများ

တန်ဖိုးကြီးကားတွေကို ကံစမ်းမဲ ဖောက်ပေးမယ်ဆိုပြီး ကံစမ်းမဲလက်မှတ်တွေနဲ့ ငွေကြေးလိမ်လည်မှုတွေရှိနေတာကို ကိုယ်တိုင်ကြုံရသူတွေနဲ့ ကားအရောင်းအဝယ် အမှန်တကယ်ပြုလုပ်သူတွေဆီကနေ သိရပါတယ်။

အဲဒီလိမ်လည်မှုတွေ ဘယ်လိုလုပ်ဆောင်နေတာလဲ၊ အဲဒီလိုလိမ်လည်မခံရအောင် ဘယ်လိုသတိထားသင့်လဲ ဆိုတာကို Myanmar Factchecking Network အဖွဲ့ဝင်ဖြစ်တဲ့ Dawei Watch က အချက်အလက်စိစစ် ဖော်ထုတ်တင်ပြလိုက်ပါတယ်။

လိမ်လည်နေတဲ့ လူမှုကွန်ရက်စာမျက်နှာများစွာရှိပြီး အဲဒီအထဲက ထားဝယ်ဒေသခံနှစ်ဦး လိမ်လည်ခံခဲ့ရတဲ့ လူမှုကွန်ရက်စာမျက်နှာ နှစ်ခုရဲ့ လိမ်လည်မှုအကြောင်းကို ဖော်ပြပေးမှာ ဖြစ်ပါတယ်။ အဲဒီလူမှုကွန်ရက်စာမျက်နှာ နှစ်ခုရဲ့ အမည်နဲ့ page link ကို အောက်ဖော်ပြပါလင့်မှာ ကြည့်နိုင်ပါတယ်။

Aung Gyi Car Sale Center page – https://archive.ph/mTEbt

Si Thu Aung Car Lucky Draw page – https://archive.ph/fj3vm

လိမ်လည်တဲ့ Page နှစ်ခုရဲ့ အချက်အလက်

Si Thu Aung Car Lucky Draw page ကို ၂၀၂၄ ခုနှစ် ဩဂုတ်လ ၁၀ ရက်မှာ ဖွင့်ထားပြီး Aung Gyi Car sale center page ကိုတော့ ၂၀၂၄ ခုနှစ် သြဂုတ်လ ၁၇ ရက်မှာ ဖွင့်ထားပါတယ် ။ ပုံ ၁ နှင့် ၂ တွင်ကြည့်ပါ ။

Aung Gyi Car Sale Center ရဲ့ လိပ်စာကို နေပြည်တော်မြို့မစျေးအနီးလို့ ဖော်ပြထားပါတယ်။ အဲဒီနေရာမှာ Aung Gyi Car Sale Center တကယ်ရှိမရှိ အတည်ပြုနိုင်ဖို့ နေပြည်တော်မြို့မစျေးအနီးက ကားအရောင်းဆိုင်တစ်ဆိုင်ဖြစ်တဲ့ ATK mobile ကားအရောင်းဆိုင်ပိုင်ရှင်ကို Dawei Watch က ဆက်သွယ်မေးမြန်းခဲ့ပါတယ်။

“Aung Gyi အမည်နဲ့ (ဆိုင်) မရှိဘူး။ မြို့မစျေးမှာ ကားရောင်းတာ ကျွန်တော့်တစ်ဆိုင်ပဲရှိတယ်လေ။ ကံစမ်းမဲ ရောင်းတာ တွေလည်း နေပြည်တော်မှာ လုပ်တဲ့သူမရှိဘူး” လို့ ATK mobile ကားအရောင်းဆိုင်ပိုင်ရှင်က ပြောပါတယ်။

Aung Gyi Car Sale Center က ကံစမ်းမဲဖောက်တာ အခုဆိုရင် ၃၁ ကြိမ်မြောက်ရှိပြီလို့ သူတို့ရဲ့ Page မှာ ဖော်ပြတယ်။ ၁၉ ကြိမ်မြောက်မှာ ကံစမ်းမဲပေါက်သူက မော်လမြိုင်မြို့က မသဇင်နဲ့ ၂၀ ကြိမ်မြောက်မှာ ရမည်းသင်းမြို့က ကိုမျိုးလွင် တို့ ဖြစ်ကြတယ်လို့ ဆိုပါတယ်။

ကံစမ်းမဲ တကယ်ပေါက်မပေါက် မေးမြန်းဖို့ ကိုမျိုးလွင် ဖုန်းနံပါတ်လို့ဖော်ပြထားတဲ့ နံပါတ်ကို ဆက်ကြည့်ရာမှာတော့ စက်ပိတ်ထားပြီး မသဇင်ရဲ့ ဖုန်းနံပါတ်ဆိုတာကတော့ တပ်ဆင်ထားခြင်းမရှိပါဘူး။

Si Thu Aung Car Lucky Draw page ကတော့ ၂၀၂၄ သြဂုတ်လ ၁၀ ရက် တစ်ရက်တည်းမှာပဲ ကံစမ်းမဲ ၂၁ ကြိမ်နဲ့ ၂၂ ကြိမ် ကံထူးရှင် နှစ်ဦးရှိခဲ့တယ်လို့ ပိုစ့်သုံးခုနဲ့ ဖော်ပြခဲ့ပါတယ်။ အဲဒီထဲပိုစ့်သုံးခုထဲ ဓာတ်ပုံနှစ်ပုံကို google search image နဲ့ ရှာဖွေစစ်ဆေးကြည့်ရာမှာတော့ အဲဒီဓာတ်ပုံကို ၂၀၂၄ ခုနှစ် ဇန်နဝါရီလ နဲ့ ဖေဖော်ဝါရီလမှာ NY Bigbike Motocycle and car lucky draw page ကလည်း တင်ထားဖူးတာတွေ့ရပါတယ်။ ပုံ ၃ ၊ ၄ ၊ ၅ နှင့် ၆ တွင် ကြည့်ပါ ။

NY Bigbike Motocycle and car lucky draw page ဆိုတာကလည်း လိမ်လည်နေတဲ့ page အတုဖြစ်တယ်လို့ ဆိုင်ကယ် ကံစမ်းမဲ တကယ်ရောင်းနေတဲ့ ပခုက္ကူမြို့က NY Bigbike page က ပြန်ဖြေရှင်းထားတာကို ဒီနေရာမှာ ကြည့်ပါ – https://www.facebook.com/share/p/129dehqNzA4/

ဒါ့အပြင် Si Thu Aung Car Lucky Draw page က ဖော်ပြတဲ့ ကားဓာတ်ပုံတချို့ဟာ မန္တလေးမြို့မှာ ရှိတဲ့ King Brother Car Sale အရောင်းဆိုင်က ဓာတ်ပုံတွေနဲ့ ကားအကြောင်း ရေးသားထားတဲ့ စာသားတွေကို ပြန်လည်ကူးယူဖော်ပြထားတာ တွေ့ရှိရပါတယ်။ အောက်ပါလင့်နှစ်ခုမှာ နှိုင်းယှဉ်ကြည့်နိုင်ပါတယ်။

Si Thu Aung Car Lucky Draw page က ကူးယူထားသည့် post – https://www.facebook.com/share/p/1Pf7v2JjX2/

King Brother Car Sale က တင်ထားတဲ့ post – https://www.facebook.com/share/p/1DZ6s7tFvg/

King Brother Car Sale ပိုင်ရှင်ကတော့ “အဲဒါလူလိမ်တွေလေ။ ကျွန်တော့်ဆိုင်မှာဆို ဆိုင်ရှေ့မှာ ဆိုင်းဘုတ်ကို ချိတ်ထား ရတယ်။ ကားကံစမ်းမဲ လုံးဝမရောင်းပါဆိုပြီး ချိတ်ထားရတယ်။ ကျွန်တော့်ဆိုင်မှ မဟုတ်ဘူး၊ အခြားဆိုင်တွေလည်း ဓာတ်ပုံ ယူသုံးခံရတယ်။ သူတို့က ဓာတ်ပုံတွေ ဖြတ်ညှပ်ကပ်နဲ့ရော ဟိုဆိုင်ကပုံကူး ဒီဆိုင်ကပုံကူးနဲ့ရော လိမ်နေကြတာ” လို့ ရှင်းပြပါတယ်။

Aung Gyi Car Sale Center နဲ့ Si Thu Aung Car Lucky Draw page နှစ်ခုစလုံးဟာ 000 မှ ၉၉၉ အထိ ဂဏန်းသုံးလုံးပါ ထီလက်မှတ်တွေကို ကားအမျိုးအစားအလိုက် တစ်စောင်ကို ကျပ်သောင်းဂဏန်းမှ ကျပ် သိန်းဂဏန်းအထိ လိမ်လည် ရောင်းချနေတာ ဖြစ်ပါတယ်။

ကံစမ်းမဲကိုတော့ ထိုင်းထီရဲ့ နောက်ဆုံးသုံးလုံးနဲ့တိုက်ပြီး ကံစမ်းမဲဖွင့်တယ်လို့ ဖော်ပြထားတာပါ။

Si Thu Aung Car Lucky Draw ရဲ့ ငွေလက်ခံတဲ့ Mobile Bank Payment Acc တွေက Wave pay & KBZ pay – 09687385185 (Mg Ye Lin Aung) ဖြစ်ပြီး Aung Gyi Car Sale Center ရဲ့ ငွေလက်ခံတဲ့ Mobile Bank Payment Acc တွေက KBZ pay – 09883467436 နဲ့ wave pay – 09689748847တို့ဖြစ်ကြပါတယ်။

ဘယ်လို အလိမ်ခံခဲ့ရလဲ

Si Thu Aung Car Lucky Draw ရဲ့ ၃၂ ကြိမ်မြောက် ကားစမ်းမဲ တစ်စောင်ကို ကျပ်လေးသောင်းနဲ့ Aung Gyi Car Sale Center page ရဲ့ ၃၀ ကြိမ်မြောက် ကားကံစမ်းမဲမှာ ကံစမ်းမဲတစ်စောင် ကျပ်သုံးသောင်း ပေးဝယ်ယူခဲ့ပြီး ကံစမ်းကာ ငွေလိမ်ခံခဲ့ရတဲ့ ထားဝယ်ဒေသခံ နှစ်ဦးနဲ့ Dawei Watch က အဆက်အသွယ်ရရှိခဲ့ပါတယ်။

အဲဒီနှစ်ဦးစလုံးဟာ နံပါတ် ၂၀၉ ကို ထိုးခဲ့ပြီး ဇန်နဝါရီလ ၂ ရက်မှာ ထွက်ခဲ့တဲ့ ထိုင်းထီရဲ့ နောက်ဂဏန်းနဲ့လည်း တူသလို Page နှစ်ခုစလုံးကလည်း သူတို့နှစ်ဦးစလုံးကို ကံထူးတယ်ဆိုပြီး ဆက်သွယ်ထားတဲ့ အထောက်အထားတွေကို Dawei Watch က ရရှိထားပါတယ်။ (အဲဒီလို ဆက်သွယ်ထားတာကို ကာယကံရှင်တွေရဲ့ သဘောဆန္ဒအရ မဖော်ပြတော့ပါ။)

ကား ကံစမ်းမဲပေါက်တဲ့ ကားကို မော်လမြိုင်အထိဆင်းလာပို့ပေးမှာဖြစ်တောကြောင့် လာယူဖို့ ချိန်းဆိုခဲ့ပြီး ကံထူးသူနှစ်ဦး မော်လမြိုင်မြို့ကို ရောက်ရှိတဲ့အချိန်မှာတော့ အဲဒီ Page နှစ်ခုစလုံး က ဖုန်းနံပါတ်တွေက ကံထူးသူတွေကို ဆက်သွယ်မရအောင် ဘလော့ပစ်လိုက်တယ်လို့ ပြောပါတယ်။

တခြား ဖုန်းနံပါတ်နဲ့ Page နှစ်ခုစလုံးကို ပြန်ဆက်သွယ်ကြည့်ရာမှာတော့ ဇန်နဝါရီလ ၂ ရက်မှာ ထွက်မယ့် ကားကံစမ်းမဲ အတွက် ကံထူးရှင်မရှိခဲ့ဘူးလို့ ပြန်ဖြေကြားတယ်လို့ ကာယကံရှင်တွေက ဆိုသည်။

page နှစ်ခုစလုံးမှာလည်း အဲဒီအကြိမ်ရေအတွက် ကံထူးသူမရှိဘူး ဖော်ပြပြီး ကံစမ်းမဲ ဆက်ရောင်းနေတာကို အောက်ဖော်ပြပါ လင့်တွေမှာ ကြည့်နိုင်ပါတယ်။

Si Thu Aung Car Lucky Draw post link – https://www.facebook.com/share/p/1CzvTtfMgT/

Aung Gyi Car Sale Center post link – https://www.facebook.com/share/p/18Vh8A1v5p/

အရေးမယူနိုင်သေး

အဲဒီလိုလိမ်လည်မှုတွေဟာ KBZ pay၊ Wave Pay စတဲ့ ဘဏ်နံပါတ်တွေ ပေါ်တင်ဖော်ပြပြီး လိမ်လည်နေပေမယ့်လည်း အရေးယူနိုင်ခြင်း မရှိသေးပါဘူး။

Facebook Team ကို report တင်ပြီး page ဖျက်ချပေးဖို့ တောင်းဆိုထားပေမယ့် ပျက်သွားတာမရှိဘူးလို့ ပြောပါတယ်။

“Page တွေကို report ထုလည်း မကျဘူး။ သူတို့က ဒေါ်လာနဲ့ဝယ်ပြီး လုပ်ထားတဲ့ page တွေကြောင့်မို့လို့ သိရတယ်။ ရဲစခန်းကိုသွားပြီးလည်း ကိုယ်တိုင်ရော သူများအတွက်ပါ အမှုသွားဖွင့်ပေးဖူးတယ်။ သက်သေ မခိုင်လုံလို့ဆိုပြီး အမှုဖွင့်ပေးတာ မရှိခဲ့ဘူး။ အဲဒါတွေကိုပဲ ကာဗာယူပြီး လိမ်စားနေကြတာ။ လိမ်ခံရသူတွေက နယ်ကတွေပဲ မထင်နဲ့ ။ မန္တလေးကတွေတောင် လိမ်ခံရတာ အသိထဲမှာရှိတယ်” ဟု King Brother Car Sale ပိုင်ရှင်က ပြောပြပါတယ်။

သုံးသပ်ချက်

အထက်ဖော်ပြပါ ကားကံစမ်းမဲ Page နှစ်ခုဟာ တကယ့်မြေပြင်မှာရှိတဲ့ ကားအရောင်းဆိုင်တွေက ဓာတ်ပုံတွေကို ကူးယူဖော်ပြပြီး ကံစမ်းမဲငွေလိမ်လည်နေတဲ့ page တွေ ဖြစ်တယ်လို့ စိစစ်တွေ့ရှိရပါတယ် ။

ပြီးတော့ အဲဒီလိမ်လည်မှုတွေကို အရေးယူနိုင်မှု မရှိသေးဘဲ လိမ်လည်တဲ့ဖော်ပြချက်တွေ ဆက်လက်ပျံ့နှံ့ ဆဲဖြစ်တာကိုတွေ့ရှိရပါတယ်။ အလားတူPage တွေ များစွာထပ်ရှိတာကိုလည်း တွေ့ရှိရပါတယ် ။

အဲဒါကြောင့် အဲဒီလိုလိမ်လည်မခံရအောင် ဆင်ခြင်စဥ်းစားသင့်တယ်လို့ King Brother Car Sale ပိုင်ရှင်က အခုလို ပြောပြပါတယ် ။

“အဓိက စဥ်းစားဖို့လိုတယ်။ ကံစမ်းမဲတစ်စောင် သုံးသောင်း၊ လေးသောင်းနဲ့ မဲအကုန်ရောင်းရရင်တောင် ကားတန်ဖိုး မပြည့်သေးဘူးလေ။ မဲဖောက်ပေးမှာက သိန်း လေးငါးထောင်တန် ကားဆို မဖြစ်နိုင်ဘူးလေ။ ဒါပေမဲ့ နှစ်နဲ့ချီပြီး page ကိုတည်ဆောက်ပြီး မဲပေါက်သူတွေရှိတယ်ဆိုပြီး ဖိုတိုရှော့တွေသုံးပြီး လုပ်ကြတယ်။ အဲဒါတွေကို မြင်တော့ တကယ်လားဆိုတဲ့ စိတ်နဲ့ ထိုးမိကြတာများတယ်။ အဲဒါကြောင့် ဆင်ဆင်ခြင်ခြင် သုံးသပ်ဖို့လိုပါတယ်”

စာဖတ်သူတွေအနေနဲ့ သတင်းတု၊ သတင်းမှားတွေ၊ စစ်ဆေးပေးစေလိုတဲ့ သံသယဖြစ်ဖွယ် သတင်းအချက်အလက်တွေ ရှိလာရင်ဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ် မဟုတ်အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ် ၊ လိမ်လည်ခံရတဲ့ ဖြစ်စဥ် တွေကြုံရရင်ဖြစ်ဖြစ် Myanmar Fact Checking Network နဲ့ Myanmar Fact Checking Network အဖွဲ့ဝင်ဖြစ်တဲ့ Dawei Watch ရဲ့ မက်ဆင်ဂျာကနေတစ်ဆင့် ဆက်သွယ်ပြီး အချက်အလက်စစ်ဆေးပေးဖို့ အကူအညီတောင်းနိုင်ပါတယ်။

Share:FacebookX

Follow @meksdemo

Instagram has returned empty data. Please authorize your Instagram account in the plugin settings .