ဒီဇင်ဘာ ၂၆၊ Arakan Express News/ The Red Flag
အေအေက ဂွမြို့မှာရှိတဲ့ စစ်ကောင်စီတပ်ရင်းတွေနားကိုတောင် ကပ်နိုင်ခြင်းမရှိဘဲ စစ်ရှုံးပြီး ထွက်ပြေးနေရပေမယ့် သတင်းတု၊ သတင်းမှား များစွာပျံ့နှံ့နေတယ်လို့ ဒီဇင်ဘာ ၁၉ ရက်နေ့မှာ စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေက သတင်းအမှားဖြန့်ခဲ့ကြပါတယ်။
Subscriber ၁၉၇,၁၀၀ ကျော်ရှိတဲ့ Kyaw Swar အမည်ရှိ တယ်လီဂရမ်ချန်နယ်ဟာ “အခု နေချင်စရာ ရခွေးသတင်းက ဂွ ၅၆၃ကို သိမ်းတယ်ဆိုပြီး တင်နေတာဟာ သတင်းလိမ် သတင်းတု ခွေးရေးခွေးယုံသတင်း ဖြစ်ပါတယ်” ဆိုပြီး ဝါဒဖြန့်ချိရေးသားခဲ့ပါတယ်။
Kyaw Swar တယ်လီဂရမ်ချန်နယ်ရဲ့ အဲ့ဒီဖော်ပြချက်ဟာ ဒီဇင်ဘာလ ၂၃ ရက် ညနေပိုင်းအထိ ကြည့်ရှုသူ ၄၈,၉၀၀ ကျော်၊ like and react လုပ်သူ ၈၀၀ ကျော်ရှိပါတယ်။
သတင်းအမှားလင့်ခ် https://archive.ph/vla3w
တယ်လီဂရမ်ချန်နယ်မှာ ပျံ့နှံ့နေတဲ့ အဆိုပါသတင်းအကြောင်းအရာနဲ့ ပတ်သက်ပြီး Myanmar Fact- Checking Network ရဲ့ အဖွဲ့ဝင်ဖြစ်တဲ့ Arakan Express News က အချက်အလက်စစ်ဆေးခဲ့ရာ သတင်းအမှားဖြစ်ကြောင်း စိစစ်ဖော်ထုတ်နိုင်ခဲ့ပါတယ်။
သတင်းအမှားဖြစ်ကြောင်းသက်သေပြစိစစ်ချက်
ရခိုင်ဒေသတွင်း သတင်းဌာနတွေနဲ့ လွတ်လပ်တဲ့ သတင်းဌာနတွေရဲ့ ဖော်ပြချက်အရ အေအေဟာ ရခိုင်ပြည်၊ ဂွမြို့၊ မြို့မရပ်ကွက်အလယ်ရွာရှိ စစ်ကောင်စီရဲ့ ခမရ ၅၆၃ တပ်ရင်းကို ဒီဇင်ဘာ ၂၀ ရက် နံနက်ပိုင်းမှာ အလုံးစုံသိမ်းပိုက်လိုက်ပြီး ကျန်ရှိနေတဲ့ တပ်ရင်း ၅၆၂ ကိုလည်း ဆက်လက်ထိုးစစ်ဆင်နေတယ်လို့ သိရပါတယ်။
ဒါ့အပြင် ရခိုင်ပြည်ရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ)ကို AAက အပြီးသတ်သိမ်းပိုက်ထားပြီး ဒုတိုင်းမှူးဗိုလ်မှူးချုပ်သောင်းထွန်းကို အရှင်ဖမ်းမိထားကာ ဂွမြို့ကို စတင်ထိန်းချုပ်ထားပြီဖြစ်တယ်လို့ သတင်းတင်ဆက်ထားကြပါတယ်။
“ မိမိတို့၏ ဂွမြို့ သိမ်းတိုက်ပွဲတွင်လည်း အကြမ်းဖက် ဖက် ဆစ် စစ်ရှုံး စစ်ကောင်စီတပ်ဖွဲ့ဝင်များ နေ့စဉ် နှင့်အမျှ အကျအဆုံးများကာ စခန်းများတစ် ခုပြီးတစ်ခု လက်လွှတ်ပေးနေရပြီးဖြစ်သည်။ အာရက္ခတပ်တော်တပ်ဖွဲ့ဝင်များမှလည်း ဂွ မြို့ သိမ်းတိုက်ပွဲအတွက် ထိုးစစ်များကို အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်လျက် ရှိသည်။” လို့ အေအေက ဒီဇင်ဘာ ၂၁ မှာ ထုတ်ပြန်ထားပါတယ်။
မူရင်းသတင်းလင့်ခ် – https://t.me/aainfodesk/1201?single
“ရခိုင်ပြည်နယ် ဂွမြို့အနီးက စစ်ကောင်စီရဲ့ ခမရ – ၅၆၃ တပ်ရင်းကို အာရက္ခတပ်တော် (AA) က ဒီဇင်ဘာလ ၂၀ ရက် ဒီနေ့မနက်ပိုင်းမှာ တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး ဂွမြို့ပေါ်မှာလည်း မြို့မရဲစခန်းနဲ့ ဌာနဆိုင်ရာတွေ အပါအဝင် မြို့အနှံ့ကို ထိန်းချုပ်ထားနိုင်ပြီ” လို့ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက RFA သတင်းဌာနကို ဒီဇင်ဘာ ၂၀ ရက်နေ့မှာ ပြောထားပါတယ်။
မူရင်းသတင်းလင့်ခ် – https://www.rfa.org/burmese/news/military-council-camp-seized-gwa-12202024013154.html
“ဧရာဝတီ-ဂွ ဟိုက်ဝေးကားလမ်းပေါ်က ထိုးစစ်ဆင်တိုက်ခိုက်လာတာ အခု ဂွမြို့အဝင်က ခမရ ၅၆၃ တပ်ရင်းကို အေအေ က သိမ်းလိုက်ပါပြီ။ ဧရာဝတီဘက်ခြင်းက ဗေဒါဂိတ်ကိုတောင် သိမ်းပိုက်လိုက်ပြီ ကြားပါတယ်” လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်များ၏ အတည်ပြု ပြောကြားချက်ကို Western News သတင်းဌာနက ဒီဇင်ဘာ ၂၀ ရက်နေ့မှာ ဖော်ပြထားပါတယ်။
မူရင်းသတင်းလင့်ခ် – https://westernnewsmm.com/battle/8213/
သုံးသပ်ချက်
ရခိုင်ပြည်နယ် ဂွမြို့အနီးက စစ်ကောင်စီရဲ့ ခမရ – ၅၆၃ တပ်ရင်းကို အေအေ က ဒီဇင်ဘာလ ၂၀ ရက် မနက်ပိုင်းမှာ တိုက်ခိုက်သိမ်းပိုက်ပြီး ဂွမြို့ပေါ်က မြို့မရဲစခန်းနဲ့ ဌာနဆိုင်ရာတွေ အပါအဝင် မြို့အနှံ့ကို ထိန်းချုပ်ထားနိုင်ပြီလို့ စစ်ရေးသတင်းရင်းမြစ်တွေရဲ့ ပြောကြားချက်ကို ရခိုင်ဒေသတွင်း သတင်းဌာနတွေနဲ့ လွတ်လပ်တဲ့ သတင်းဌာနတွေက ဖော်ပြထားကြပါတယ်။
ဒါ့အပြင်ဂွမြို့အနီးက သံတွဲ-ဂွကားလမ်းပေါ်မှာ နောက်ဆုံးကျန်နေတဲ့ ခမရ – ၅၆၂ တပ်ရင်းကိုလည်း အေအေ က ဆက်လက်ထိုးစစ်ဆင်နေပြီး စစ်ကောင်စီတပ်ကတော့ လေကြောင်းတိုက်ခိုက်မှု အပါအဝင် ရေတပ်စစ်သင်္ဘောတွေပေါ်ကနေ လက်နက်ကြီး ပစ်ကူပေးနေတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေရဲ့ ပြောဆိုချက်တွေကိုလည်း တွေ့ရပါတယ်။
အေအေရဲ့ ထုတ်ပြန်ချက်မှာလည်း စစ်ကောင်စီ တပ်ဖွဲ့ ဝင်တွေဟာ တိုက်တိုင်းရှုံးပြီး ကစဉ့်ကလျား ထွက်ပြေးနေရမှုနဲ့အတူ ဂွမြို့ကို လည်း မကြာခင်ရက်တွေအတွင်း ကျိန်းသေ လက်လွှတ်ဆုံးရှုံးရတော့မယ်လို့ ရေးသားထားပါတယ်။
ဒါကြောင့် အေအေက ဂွမြို့မှာရှိတဲ့ စစ်ကောင်စီတပ်ရင်းတွေနားကိုတောင် ကပ်နိုင်ခြင်းမရှိဘဲ စစ်ရှုံးပြီး ထွက်ပြေးနေရတယ်လို့ ဖြန့်ချိနေတဲ့ အကြောင်းအရာဟာ သတင်းအမှားသာ ဖြစ်ပါတယ်။
စစ်ကောင်စီတပ်ဟာ ဂွမြို့ရှိ ကျေးရွာတွေနဲ့ လူနေအိမ်တွေကိုလည်း မီးရှို့ဖျက်ဆီးခြင်း၊ တံတားတွေကို မိုင်းခွဲဖျက်ဆီးခြင်း တို့ကို ဆက်တိုက်လုပ်ဆောင်ပြီး ဆုတ်ခွာ ထွက်ပြေးလျက်ရှိတယ်လို့ ဒေသတွင်း သတင်းဌာနတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။
ဒါကြောင့် အဖက်ဖက်က စစ်ရေးရှုံးနိမ့်နေပြီး စစ်ရာဇ၀တ်မှုတွေကို ကျူးလွန်နေတဲ့ စစ်ကောင်စီဟာ တိုက်ပွဲအခြေအနေအမှန်တွေကို သတင်းအမှားတွေနဲ့ ဖုံးလွှမ်းချင်တာကြောင့် စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေကတဆင့် သတင်းတု၊ သတင်းမှားတွေ ဖန်တီးကာ သတင်းအမှောင်ချဖို့ ဝါဒဖြန့်ချိရေးသားနေတာပဲ ဖြစ်ပါတယ်။
ဒါကြောင့် အခုလို သတင်းအမှားတွေ၊ စစ်ဆေးပေးစေလိုတဲ့ သံသယဖြစ်ဖွယ်ရာ သတင်းအချက်အလက်တွေ ရှိလာရင် Myanmar Fact Checking Network အဖွဲ့ဝင်တွေဖြစ်တဲ့ Arakan Express News ရဲ့ မက်ဆင်ဂျာကနေတစ်ဆင့် ဆက်သွယ်ပြီး အချက်အလက်စစ်ဆေးပေးဖို့ အကူအညီတောင်းနိုင်ပါတယ်။
Myanmar Fact-Checking Network အဖွဲ့ဝင်တွေရဲ့ အချက်အလက် စစ်ဆေးထားတဲ့ သတင်းတွေကိုလည်း အောက်မှာ ဖော်ပြထားတဲ့ လင့်တွေမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။