21 December 2024 By Myanmar Pressphoto Agency + Delta News Agency + The Red Flag
တောင်ကိုရီးယားအစိုးရက ပြီးခဲ့တဲ့ ဒီဇင်ဘာ၁၈ရက်က အမျိုးသားညီညွှတ်ရေးအစိုးရ (NUG)ကိုယ်စားလှယ်ရုံးကနေ သက်တမ်းကုန်တဲ့ နိုင်ငံကူးလက်မှတ်တွေကို တံဆိပ်တုံးတုသက်တမ်းတိုးတာကို လက်မခံတော့ဘူးဆိုတဲ့ ထုတ်ပြန်ချက် ထုတ်ပြန်ပြီးတဲ့နောက် NUGလက်အောက်သက်တမ်းတိုးခဲ့သူတွေက တောင်ကိုရီးယားမှာ တရားမဝင်အဖြစ်နေထိုင်နေရတယ်ဆိုတဲ့သတင်းတခု လူမှုကွန်ရက်စာမျက်နှာတွေမှာ ပျံ့နှံ့နေပါတယ်။
အဲ့ဒီသတင်းကို စစ်ကောင်စီလက်အောက်ခံမီဒီယာတခုဖြစ်တဲ့ kyaw.soe.oo.peoplemedia tiktok အကောင့်ကနေ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၈ရက်နေ့က စတင်ဖြန့်ဝေခဲ့ပြီး “လူဦးရေ ငါးသောင်းကနေ တသိန်းကြား NUGရဲ့ရုံးမှာ passportသက်တမ်းတိုးကြတယ် ကြားတယ် ၊ အဲ့ဒီသူတွေက နိုင်ငံမဲ့ပေါ့ဗျာ၊ နိုင်ငံမဲ့တွေဖြစ်သွားပြီ၊ ခွေးလေခွေးလွင့်တွေဖြစ်သွားပြီ။ ဘယ်တော့မှ နိုင်ငံကိုပြန်လာကြရမယ့်သူတွေ မဟုတ်ဘူး။ ပွဲကကြည့်လို့ကောင်းသွားပြီ။ ” (မူရင်းအတိုင်း) ရုပ်သံဖိုင်နဲ့ ဖြန့်ဝေခဲ့တာပါ။
အဲ့ဒီသတင်းရုပ်သံဖိုင်ကို tiktok ပလက်ဖောင်းနဲ့ တယ်လီဂရမ်တွေမှာ မျှဝေထားကာ ကြည့်ရှုသူ ၈သိန်းကျော်အထိရှိနေပြီး ပျံ့နှံ့မှုအားကောင်းနေပါတယ်။
“အဲ့ဒီလူတွေ (NUGရုံးကနေပက်စ်ပို့သက်တမ်းတိုးခဲ့သူတွေ)ညဘက်ဆို မြို့ထဲတောင်မသွားရဲဘူးတဲ့၊ အခုသူတို့ဘာလုပ်ရမှန်းမသိတော့ စိတ်ဓတ်တွေကျနေပြီ”လို့ (မူရင်းအတိုင်း) စစ်ကောင်စီလက်အောက်ခံမီဒီယာ People Media မှာဖော်ပြထားတာပါ။
သတင်းမှားလင့်ခ် – https://archive.ph/ugKzJ
ပျံ့နှံ့နေတဲ့သတင်းကို MFCN အဖွဲ့ဝင်ဖြစ်တဲ့ DNA Fact Check အဖွဲ့နဲ့ MPA Fact Checkတို့က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ NUGကိုယ်စားလှယ်ရုံးကတဆင့် သက်တမ်းတိုးခဲ့တဲ့သူတွေအနေနဲ့ ကိုရီးယားနိုင်ငံအတွင်း တရားမဝင်အဖြစ်နေထိုင်နေရတယ်ဆိုတဲ့ အကြောင်းအရာမှာ မှားယွင်းနေပြီး သတင်းမှားဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့ပါတယ်။
☑️ သတင်းစိစစ်ချက်
တောင်ကိုရီးယားနိုင်ငံမှာယာယီနေထိုင်ခွင့် G 199အပါအဝင် ဗီဇာအမျိုးမျိုးနဲ့ နေထိုင်ရင်း နိုင်ငံကူးလက်မှတ် သတ်တမ်းကုန်သွားသူ မြန်မာနိုင်ငံသားတွေကို တောင်ကိုရီးယားအခြေစိုက် အမျိုးသားညီညွှတ်ရေးအစိုးရ (NUG) ကိုယ်စားလှယ်ရုံးထောက်ခံချက်နဲ့ သက်တမ်းတိုးပေးနေတာကို ပြီးခဲ့တဲ့ ၂၀၂၄ ဇူလိုင်လက စတင်လုပ်ဆောင်နေတာပါ။
အဲ့ဒီလို NUGရုံးကသက်တမ်းတိုးပေးနေတာကို တောင်ကိုရီးယားအခြေစိုက် မြန်မာသံရုံးက လက်မခံကြောင်း၊ သက်တမ်းတိုးခဲ့တဲ့ နိုင်ငံကူးလက်မှတ်တွေကို ပါယ်ဖျက်ကြောင်း နဲ့ အမည်မဲစရင်းသွင်းမှာဖြစ်ကြောင်း ထုတ်ပြန်ချက်ကို နိုဝင်ဘာ၉ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။
ထုတ်ပြန်ချက် – https://shorturl.at/uo3dU
တောင်ကိုရီးအစိုးရအနေနဲ့ အမျိုးသားညီညွှတ်ရေးအစိုးရ (NUG) ကတဆင့် နိုင်ငံကူးလက်မှတ်တွေကို သက်တမ်းတိုးတာမျိုးကို လက်မခံတော့ကြောင်းထုတ်ပြန်ချက်ထုတ်ခဲ့ပေမယ့်လည်း အရင်က NUGကတဆင့်တိုးထားတဲ့ နိုင်ငံကူးလက်မှတ်တွေကို ပယ်ဖျက်တာမျိုးမလုပ်ဘူးလို့ The Irrawaddy – Burmese Edition ကနေရေးသားထားပါတယ်။
The Irrawaddy – Burmese Edition – https://shorturl.at/an5RX
နိုင်ငံကူးလက်မှတ်မှာ သက်တမ်းတိုးတုံးထုတာရပ်ဆိုင်းတာကလွဲလို့ တခြားအပြောင်းအလဲရှိမှာ မဟုတ်သလို အရင်သက်တမ်းတိုးခဲ့တဲ့ သူတွေအပေါ်လည်း သက်ရောက်မှုရှိမှာမဟုတ်ဘူးဆိုတာကိုလည်း DVB TV News ကလည်းရေးသားထားပါတယ်။
DVB TV News – https://shorturl.at/7sLrS
MFCN အနေနဲ့ ကိုးရီးယားအခြေစိုက် NUG ကိုယ်စားလှယ်ရုံးကို ဆက်သွယ်ရာမှာလည်း “တုံးထုပြီးသားတွေအတွက် ဘာမှ ပြဿနာမရှိပါဘူး။ အရေးယူမှု မရှိနိုင်သလို ဗီဇာအတွက် ထိခိုက်စရာလည်း မရှိပါဘူး” လို့ တာဝန်ရှိသူတဦးက ပြောပါတယ်။
☑️သုံးသပ်ချက်
လွတ်လပ်ပြီးအမှီခိုကင်းတဲ့ သတင်းဌာနတွေမှာ တောင်ကိုရီးယားအစိုးရအနေနဲ့ NUG ကတဆင့်သက်တမ်းတိုးပြီးသား သူတွေအနေနဲ့လည်း စိတ်အေးလက်အေးနေထိုင်နိုင်သလို အမျိုးသားညီညွတ်ရေးအစိုးရ (NUG)နဲ့ တောင်ကိုရီးယားအစိုးရအကြား ညှိနှိုင်းမှုတွေလုပ်ဆောင်နေတယ်လို့လည်း ရေးသားထားကြပါတယ်။
တောင်ကိုရီးယားနိုင်ငံမှာ သက်တမ်းတိုးနေထိုင်ကြတဲ့သူတွေက တရားမဝင်နေထိုင်နေရတယ်ဆိုတဲ့အကြောင်းအရာမှာ မှားယွင်းနေပြီး သတင်းမှားဖြစ်တယ်ဆိုတာကို အတည်ပြုနိုင်ခဲ့ပါတယ်။
ဒီကနေ့ခေတ်ဟာ ဆိုရှယ်မီဒီယာခေတ်ဖြစ်တဲ့အတွက် အဲဒီဆိုရှယ်မီဒီယာတွေပေါ်မှာ အကြောင်းအရာ တခုခုကို ပုံဖျက်ဖို့၊ ဝါဒဖြန့်ဖို့၊ ကိုယ်ကျိုးရှာဖို့ ရည်ရွယ်ပြီး သတင်းအတု၊ သတင်းအမှားတွေကို ရည်ရွယ် ချက်ရှိရှိ ဖြန့်ဝေနေကြတာကြောင့် အလွယ်တကူ မယုံကြည်ဖို့၊ ပြန်ပြီး မမျှဝေကြဖို့ အကြံပြုလိုပါတယ်။
စာဖတ်သူတွေအနေနဲ့ သတင်းတု/သတင်းမှား ဖြစ်တယ်လို့ သံသယရှိရင်ပဲဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ်၊ မဟုတ်အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ်၊ Fact Checking ပြုလုပ်ပေးတဲ့ သတင်းဌာန/အဖွဲ့ အစည်းတွေရဲ့ Chat Box ကနေ သွားရောက်မေးမြန်းကြဖို့ တိုက်တွန်းလိုပါတယ်။
Myanmar Fact-checking Network အဖွဲ့ဝင်ဖြစ်တဲ့ DNA Fact Check ကို ဒီနေရာ (dnafactcheck@gmail.com)က ဝင်ရောက်ဆက်သွယ်မေးမြန်းလို့ရသလို Myanmar Pressphoto Agency Page Mesenger ကတဆင့်လည်း အချက်အလက်စစ်ဆေးပေးဖို့ မေးမြန်းနိုင်ပါတယ်။
Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
Web – https://myanmarfactcheckingnetwork.org/
Fb – https://www.facebook.com/myanmarfactcheckingnetwork
#တောင်ကိုရီးယား #နိုင်ငံကူးလက်မှတ်သက်တမ်းတိုး #NUGကိုယ်စားလှယ်ရုံး #DNAFactCheck #MPAFactCheck #MFCN