(Fact Check Articles) Delta News Agency/ The Red Flag
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၉ ရက်
စစ်ရေးနိမ့်နေတဲ့ အကြမ်းဖက်စစ်တပ်က ဖေ့ဘုတ်စ်စတဲ့ လူမှုကွန်ရက်တွေ၊ လူစည်ကားရာ လမ်းဆုံလမ်းခွ တွေမှာ အလုပ်ခေါ်စာအတုတွေ ဖြန့်ဝေပြီး အလုပ်လျှောက်ထားသူတွေကို အင်တာဗျူး ခေါ်တွေ့ကာ တပ်သားသစ်အဖြစ် ခြိမ်းခြောက်ခံဝန်လက်မှတ်ထိုး စုဆောင်းမှုတွေပြုလုပ်နေပါတယ်။
အလုပ်အကိုင်ရှာဖွေရေး group တွေမှာ စစ်တပ်ရဲ့ စစ်သားစုဆောင်းရေးတပ်နဲ့ တပ်ရင်းတပ်ဖွဲ့တွေက ပုဂ္ဂလိက/ကုမ္ပဏီဝန်ထမ်းအဖြစ် အလုပ်ခေါ်ယူတဲ့ပုံစံနဲ့ လိမ်လည်ခေါ်ယူနေပြီး စစ်သင်တန်းတက်ခိုင်းကာ စစ်တပ်အတွက် အမြဲတမ်းတပ်သားသစ်အဖြစ် စုဆောင်းမှုတွေ ပြုလုပ်နေတာကို တွေ့ရပါတယ်။
စစ်အာဏာသိမ်းထားတဲ့ကာလမှာ ပြည်ပရင်းနှီးမြုပ်နှံမှုတွေ ပြန်လည်ထွက်ခွာသွားတဲ့အတွက် အလုပ် အကိုင်အခွင့်အလမ်း ရှားပါးနေတဲ့လူငယ်တွေ၊ အလုပ်ရှာနေတဲ့လူငယ်တွေ၊ ကျေးလက်ဒေသနေ လူငယ် တွေအနေနဲ့ စစ်တပ်ရဲ့ စစ်သားစုဆောင်းရေးတွေက ပုဂ္ဂလိက စက်ရုံ/အလုပ်ရုံ/ပုဂ္ဂလိက အလုပ်တွေ အနေနဲ့ လိမ်လည်ခေါ်ယူပြီး ခြိမ်းခြောက်စစ်မှုထမ်းခိုင်းနေတဲ့အတွက် အလုပ်ရှာနေတဲ့လူငယ်တွေ သတိပြုရှောင် ရှားနိုင်ဖို့ အထူးလိုအပ်နေပါတယ်။
၂၀၂၄ ဖေဖော်ဝါရီမတိုင်ခင်က သန္ဓေစစ်သား(အမြဲတမ်း)ကို စစ်သားစုဆောင်းရေးတပ်တွေနဲ့ တပ်ရင်း တပ်ဖွဲ့တွေက စုဆောင်းပြီး အရင်က အသက် ၆၀ ထိနဲ့ အခုဆိုရင် ၆၅ နှစ်ထိ တာဝန်ထမ်းဆောင်ရမှာ ဖြစ် ပါတယ်၊ ၂၀၂၄ ဖေဖော်ဝါရီ ၁၀ ရက်မှာ အသက်သွင်းခဲ့တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေအရ ၂ နှစ် အထိ (အရေး ပေါ် ကာလ ၅ နှစ်အထိ) တာဝန်ထမ်းဆောင်ဖို့ အမျိုးသား ၁၈ နှစ်မှ ၃၅ နှစ်နဲ့ အမျိုးသမီး ၁၈ နှစ်မှ ၂၇ နှစ်အထိ သတ်မှတ်ပြီး နိုင်ငံအနှံ့စစ်မျက်နှာအသီးသီးမှာ ပြုန်းတီးအင်အားတွေနေရာမှာ အစားထိုးနိုင်ဖို့ အင်အားဖြည့်တင်းနေတာဖြစ်ပါတယ်။
အမြဲတမ်းစစ်သားကို သက်ဆိုင်ရာတပ်ရင်း၊ တပ်ဖွဲ့ကနေ ရတဲ့နည်းလမ်းနဲ့ စုဆောင်းစေပြီး စစ်သားစု ဆောင်းရေးတပ်တွေကနေ သင်တန်းကျောင်းပို့ကာ အမြဲတမ်းစစ်သားအဖြစ် တာဝန်ပေးခဲ့တာ ဖြစ်ပါတယ်။ ပြည်သူ့စစ်မှုထမ်းဥပဒေအရ စုဆောင်းရာမှာ စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ဖြစ်တဲ့ ထွေအုပ်၊ လဝက၊ ရဲတပ် ဖွဲ့တွေက စုဆောင်းပြီး သင်တန်းကျောင်းတွေကို တိုက်ရိုက်ပို့ဆောင်ပေးတာကို ပြုလုပ်ကြပါတယ်။
အခုဆိုရင် နှုတ်ထွက်ခွင့် သို့မဟုတ် အငြိမ်းစားယူပြီးတဲ့ စစ်မှုထမ်းဟောင်းတွေကိုတောင် ၅ နှစ်အထိ ဆက် လက်တာဝန်ထမ်းဆောင်စေဖို့ အရန်တပ်ဖွဲ့ဥပဒေကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက်မှာ အသက် သွင်းပြီး စစ်မှုထမ်းဟောင်းတွေကို ပြန်လည်အသုံးချနေတာ တွေ့ရပါတယ်။
ဒါတင်မကပဲ လူသားအရင်းအမြစ်အလွန်အမင်းလိုအပ်နေတဲ့ စစ်ကောင်စီတပ်ဟာ ထောင်ဒဏ်ချမှတ်ထား တဲ့ စစ်ပြေးတွေကို ကင်းလွတ်ခွင့်ပေးပြီး စစ်မှုပြန်လည်ထမ်းဆောင်ဖို့အထိ အင်အားလိုအပ်တဲ့အတွက် ဆောင်ရွက်လာခဲ့ပါတယ်။
ခါးပိုက်ဆောင်တပ်
နေဝင်း၊ သန်းရွှေကနေ မင်းအောင်လှိုင်အထိ စစ်တပ်က တိုင်းပြည်ကိုကာကွယ်ဖို့နဲ့ ပြည်သူကိုစောင့်ရှောက် ဖို့ဆိုတဲ့ဟာ မရှိတော့ပါဘူး၊ စစ်တပ်ခေါင်းဆောင်ပိုင်းနဲ့စစ်တပ်အကျိုးစီးပွားအတွက် ခါးပိုက်ဆောင်တပ် အဖြစ် အသုံးတော်ခံ၊ အသုံးချခံအဖြစ် တည်ဆောက်ပုံသွင်းထားခဲ့တာပါ။
စစ်တပ်ဟာ နှစ်ပေါင်း ၇၀ ကျော် ပြည်သူ့ဘဏ္ဍာတွေကို ပြည်သူပိုင်သိမ်းတာ၊ ကိုယ့်အိတ်ထဲကိုဖိတ်တာ၊ ခိုးဝှက်တာတွေအပြင် လစာ၊ ခံစားခွင့်၊ လုပ်ပိုင်ခွင့်တွေရသမျှယူထားပြီး စီးပွားရေးပဲလုပ်စားနေလာတာ ဖြစ်ပါတယ်။
ဦးသိန်းစိန်အစိုးရနဲ့ NLD အစိုးရလက်ထက်မှာ လွှတ်တော်တွေရှိလို့ ကာကွယ်ရေးအသုံးစရိတ်ကို စိစစ် ဖြတ်တောက်တာတွေရှိပေမဲ့ အာဏာသိမ်းစစ်ကောင်စီလက်ထက်မှာ စစ်အသုံးစရိတ်ကိုတိုးမြှင့်သုံးစွဲလာ ခဲ့ရာ ၂၀၂၂ ခုနှစ်မှာ ကျပ်ဘီလီယံ ၃၇၀၀ ကျော်၊ ၂၀၂၃ ခုနှစ်မှာ ၅၆၃၅ ဘီလီယံကျော်သုံးခဲ့ပြီး ၂၀၂၄ ခုနှစ်ကိုတော့ သုံးစွဲတဲ့ပမာဏကို ထုတ်ပြန်ခဲ့တာမရှိပါဘူး။
၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၂၁ ရက် နေပြည်တော်မှာ ပြုလုပ်တဲ့ ဒုစစ်ခေါင်းဆောင် စိုးဝင်း ဦးဆောင်တဲ့ ဘဏ္ဍာ ရေးကော်မရှင်အစည်းအဝေးကနေ စစ်အသုံးစရိတ်များကို လိုအပ်ရင် လိုအပ်သလိုတိုးမြှင့်သုံးစွဲဖို့ ခွင့်ပြု လိုက်ပြီး တိုင်းပြည်ရဲ့သုံးငွေ စုစုပေါင်းရဲ့ ၃၀ ရာခိုင်နှုန်းအထိ စစ်စရိတ်သုံးစွဲနေခဲ့တာဖြစ်ပါတယ်။
စစ်မတိုက်တတ်တော့ပဲ စီးပွားရေးကိုယ်ကျိုးပဲရှာနေတဲ့အတွက် တိုက်ပွဲ တိုင်းစစ်ရှုံးလာလို့ ကိုယ့်တာဝန် ကိုယ့်အလုပ်ကို မလုပ်တတ်တော့ဘဲ ကိုယ့်ဝမ်းစာကိုယ်ရှာစားနေရတဲ့ပြည်သူ၊ နိုင်ငံအတွက် အခွန်အခထမ်း ပိုးနေရတဲ့ပြည်သူ၊ အနာဂတ်ခေါင်းဆောင်ဖြစ်လာမဲ့ နိုင်ငံရဲ့အညွန့်အဖူး လူငယ်တွေကို စစ်မှုထမ်း ဥပဒေ အသက်သွင်းပြီး သူတို့အကျိုးစီးပွားကို ကာကွယ်ဖို့ ရှေ့တန်းစစ်မြေပြင်ကို စေလွှတ်နေတာ ဖြစ်ပါတယ်။
စစ်တပ်ရဲ့ တိုင်းစစ်ဌာနချုပ် ၁၄ ခုအနက် နေပြည်တော်တိုင်းစစ်ဌာနချုပ်၊ ကချင်အခြေစိုက် မြောက်ပိုင်း တိုင်းစစ်ဌာနချုပ်တို့နောက်က စစ်အင်္ဂါစဉ်အရ တတိယနေရာမှာရှိတဲ့ လားရှိုးအခြေစိုက် အရှေ့မြောက် တိုင်းစစ်ဌာနချုပ်ကို MNDAA က ၂၃ ရက်နဲ့ သိမ်းပိုက်နိုင်ခဲ့တာ တွေ့ရပါတယ်။
စစ်တပ်ဟာ စစ်မတိုက်တတ်တော့ဘဲ တိုက်ပွဲတိုင်းရှုံးနိမ့်ခဲ့တဲ့ဖြစ်စဉ်အနေနဲ့ ဥပမာပြရရင် နမခ နဲ့ မိုင် ၂၀ ခန့် သာ ကွာဝေးတဲ့ ဘုတလင်မြို့နယ်အတွင်း အင်အား ၈၀ ခန့်ပါသည့် စစ်ကောင်စီတပ်စစ်ကြောင်းကို အညာ ဒေသက တော်လှန်ရေးအင်အားစုတွေက ပူးပေါင်းတိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၀ ခန့် ဖမ်းဆီး ရမိပြီး ၂၀ ကျော် သေဆုံးခဲ့ပါတယ်။
ကရင်နီပြည်၊ လွိုင်ကော်မြို့နယ်၊ လင်ဖုံလေးကျေးရွာအနီးမှာ နိုဝင်ဘာ ၂၅ ရက်က စစ်ကောင်စီရဲ့ တပ်မ ၆၆ လက်အောက်ခံ ခလရ ၈၀ က စစ်သား ၈၀ ပါစစ်ကြောင်းကို တိုက်ခိုက်ခဲ့တာ သေဆုံး ၃၀ ကျော်၊ ၅ ဦး ဖမ်းမိပြီး လက်နက် ၂၀ ကျော် သိမ်းဆည်းရမိပါတယ်။
လူသားအရင်းအမြစ် ဆုံးရှုံးလာတဲ့ စစ်ကောင်စီတပ်
စစ်ကောင်စီဟာ နိုင်ငံအနှံ့ စစ်မျက်နှာဖွင့်ကာ တိုက်ခိုက်နေရတာကြောင့် စစ်ပန်းနေတဲ့အပြင် အောက်ခြေ တပ်ဖွဲ့ဝင်တွေ တိုက်ခိုက်လိုစိတ်ကင်းလာပြီး စိတ်ဓါတ်ကျဆင်းလာနေတာကို တွေ့ရပါတယ်။ တိုက်ပွဲတိုင်း လိုလို ရှုံးနိမ့်နေတာ၊ နေရာအနှံ့ ကျရှုံးဆုတ်ခွာထွက်ပြေးနေရတဲ့အပြင် ကျဆုံး၊ ဒဏ်ရာရ၊ စစ်ပြေး စတဲ့ ပြုန်းတီးမှုများနေလို့ လူငယ်တွေအရေးပေါ် လိုအပ်လာနေပါတယ်။ ကျရှုံးသွားတဲ့ နယ်မြေတွေကို ပြန်လည် တိုက်ခိုက်ရယူနိုင်ဖို့နေနေသာသာ ထပ်ပြီးတော့ မြို့၊ ရွာ၊ စစ်တိုင်းတွေ မဆုံးရှုံးမကျဆုံးအောင် ရှိသမျှ အင်အားနဲ့ ထုတ်နှုတ်စုစည်းကာကွယ်နေရတာ တွေ့ရပါတယ်။
စစ်ကောင်စီတပ်ဟာ အင်အားပြုန်းတီးမှုများလာတဲ့အတွက် စစ်အင်အားဖြည့်တင်းရေးအတွက် စစ်သားစု ဆောင်းရေးတပ်တွေကို တပ်သားသစ် ၁ ဦးရရှိပါက သိန်း ၃၀ အထိပေးမယ်လို့ ၂၀၂၃ ခုနှစ်က မက်လုံးပေး ပြီး စုဆောင်းစေခဲ့ပေမဲ့ ဝင်ရောက်လိုသူမရှိလို့ စုဆောင်းမရရှိခဲ့ဘူးလို့ သိရှိရပါတယ်။
ဒါ့ကြောင့် စစ်ကောင်စီက ပြည်သူ့စစ်မှုထမ်းဥပဒေကို အသက်သွင်းပြီး တပ်သားသစ်တွေကို သက်ဆိုင်ရာ နယ်မြေများမှာပဲ လုံခြုံရေး တာဝန်ထမ်းဆောင်စေမှာဖြစ်ကာ ရှေ့တန်းပို့ပြီး စစ်မတိုက်ခိုင်းပါလို့ ပြောဆို ထုတ်ပြန်ခဲ့သော်လည်း စစ်မှုထမ်းအပတ်စဉ် ၁ နဲ့ ၂ ကသင်တန်းဆင်းတွေကို ရခိုင်/ရှမ်းစတဲ့ စစ်မြေပြင် ရှေ့တန်းကို စေလွှတ်တိုက်ခိုက်ခိုင်းနေခဲ့ပါတယ်။ အမှန်က ကိုယ်နေထိုင်ရာတိုင်းမှာပဲ ရပ်ရွာလုံခြုံရေးနဲ့ ကာကွယ်ရေးတာဝန်ထမ်းဆောင်ရမယ်ဆိုပေမဲ့ ပြည်သူ့စစ်မှုထမ်းနည်းဥပဒေ ထွက်ရှိမလာသေးတာကလဲ လိုအပ်ချက်တခုပါပဲ။
ကရင်ပြည်နယ်၊ မြဝတီ-ကော့ကရိတ်လမ်းပိုင်းမှာ အောင်ဇေယျစစ်ကြောင်းကနေ ထွက်ပြေးတဲ့သူ၊ ဖမ်းမိ တဲ့သူတွေက စစ်မှုထမ်းဥပဒေနဲ့အဓမ္မဆင့်ခေါ်ထားတဲ့ တပ်သားသစ်တွေဖြစ်နေတယ်ဆိုတာကို People’s Spring ကရေးသားထားတာကို တွေ့ရပါတယ်။
စစ်မှုထမ်းဥပဒေနဲ့ စုဆောင်းထားတဲ့သူတွေ သင်တန်းဆင်းပြီး ရှေ့တန်းကို စေလွှတ်နေတဲ့အတွက် တော်လှန်ရေးတပ်ဖွဲ့တွေထံကို ဆက်သွယ်ပြီး အလင်းဝင်တာတွေများပြားနေပြီး Ramonya Guerrilla Force ထံကို စစ်မှုထမ်းသင်တန်းဆင်းတဦး လက်နက်ခဲယမ်းတွေနဲ့ ဒီဇင်ဘာလ ၁၀ ရက်မှာ အလင်းဝင် လာခဲ့ပါတယ်။
၂၀၂၄ ခုနှစ် ဇန်နဝါရီလကနေ နိုဝင်ဘာလအထိ ပြည်သူ့ရင်ခွင်ကို ဆက်သွယ်ဝင်လာသူ ခြေလျင်တပ်သား (၃၀၂)ဦး၊ ရေတပ်သား(၁၁)ဦး၊ လေတပ်သား(၁၁) ဦး၊ ရဲတပ်ဖွဲ့ဝင်(၁၃၃)ဦး၊ အကျဉ်းဦးစီးဝန်ထမ်း(၅)ဦး စုစု ပေါင်း (၄၇၅) ဦးရှိခဲ့ပြီး စစ်တပ်က ဒုတိယဗိုလ်မှူးကြီးအဆင့်အထိနဲ့ ရဲတပ်ဖွဲ့ဘက်က ဒုရဲမှူးအဆင့်အထိ ပါဝင်ခဲ့ကာ (၁၉၁)ဦးဟာ လက်နက်နဲ့အတူ ဝင်ရောက်လာသူတွေဖြစ်ပြီး အဓမ္မစစ်သားစုဆောင်းမှုကြောင့် ပါဝင်သွားလို့ ပြည်သူ့ရင်ခွင်ခိုလှုံသူက ၃၃ ဦး ရှိပါတယ်။
“ပြည်သူ့ရင်ခွင်ကော်မတီဖွဲ့စည်းဆောင်ရွက်ခဲ့တဲ့ (၃) နှစ်ကျော်အတွင်း စစ်သား (၃,၇၀၀) ဦးကျော်နဲ့ ရဲတပ် ဖွဲ့ဝင်(၁၁,၀၀၀)ဦးကျော် စုစုပေါင်း ၁၅,၀၀၀ ဦးခန့်ဟာ မိသားစုဝင်တွေနဲ့အတူ ခိုလှုံလာခဲ့တယ်”လို့ NUG ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောပါတယ်။
ပုဂ္ဂလိက အလုပ်ခေါ်သယောင်ဖန်တီးကာ လူသစ်စုဆောင်းနေတဲ့ စစ်တပ်
လက်ရှိမှာ ကြည်း၊ ရေ၊ လေ စစ်မြေပြင်တိုင်း စစ်ရှုံးနေပြီး စစ်ပြေးတွေ တဖြည်းဖြည်းများလာတဲ့အတွက် စစ်သားတွေ အရေးတကြီးလိုအပ်နေပါတယ်၊ ဒါပေမဲ့ စစ်မှုထမ်းဥပဒေကို ပြဌာန်းပြီးတော့ စစ်သား စုဆောင်းကာ အင်အားနဲလာတဲ့ ပြဿနာကို ဖြေရှင်းပေမဲ့လည်း သန္ဓေလို့ခေါ်တဲ့ အမြဲတမ်းစစ်သား လိုအပ် ချက်ကို ဖြည့်ဆည်းဖို့အတွက် တပ်ရင်း/တပ်ဖွဲ့အလိုက် ကြည်း/ရေ/လေ/လက်ရုံးတပ်ဖွဲ့တွေအနေနဲ့ သတ် မှတ်ချက်ပြည့်မှီအောင် စစ်သားစုဆောင်းရေးလုပ်ကြရပါတယ်။
အဲဒီလို့ စုဆောင်းရာမှာ ယခုလည်း စစ်ကောင်စီရေတပ်ကနေ အလုပ်သမား ခေါ်သယောင် ဖန်တီးကာ စစ်သားစုဆောင်းနေတာကို လူငယ်တွေ သတိပြုမိပြီး ရှောင်ရှားနိုင်ဖို့လိုပါတယ်။
အကြမ်းဖက် စစ်တပ်က ဖေ့ဘုတ်စ်စတဲ့ လူမှုကွန်ရက်တွေ၊ လူစည်ကားရာ လမ်းဆုံလမ်းခွတွေမှာ အလုပ် ခေါ်စာအတုတွေ ဖြန့်ဝေပြီး အလုပ်လျှောက်ထားသူတွေကို အင်တာဗျူး ခေါ်တွေ့ကာ တပ်သားသစ်အဖြစ် ခြိမ်းခြောက်ခံဝန်လက်မှတ်ထိုး စုဆောင်းမှုတွေပြုလုပ်နေလို့ အလုပ်လက်မဲ့ဖြစ်နေတဲ့ လူငယ်တွေ သတိပြု ဖို့ လိုအပ်တယ်လို့ ပြည်သူ့ရင်ခွင်တပ်တွင်းသတင်း အရင်းအမြစ်ကို ကိုးကားပြီး CDM ဗိုလ်ကြီး လင်းထက် အောင်က ပြောဆိုပါတယ်။
တပ်သားသစ်စုဆောင်းရာမှာ စစ်ကောင်စီက တပ်အရာရှိများနဲ့ စစ်သည်တွေကို ပုံစံအမျိုးမျိုးနဲ့ လိမ်လည် စုဆောင်းခွင့်ပြုထားပြီး ဘယ်လိုပဲစုလို့ရရ တပ်သားသစ် ရရှိရန်ဖြစ်တယ်လို့ ဆိုပါတယ်။
“အာဏာသိမ်းခဲ့လို့ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုတွေ ထွက်နေတဲ့အချိန် အလုပ်လက်မဲ့ ဖြစ်သွားတဲ့ စက်ရုံအလုပ် ရုံတွေက အခြေခံအလုပ်သမားတွေနဲ့ နယ်ဘက်က အတွေ့အကြုံနုနယ်တဲ့ လူငယ်တွေကို ပစ်မှတ်ထားပြီး စစ်သားစုဆောင်းနေတာပါ” ဟု CDM ဗိုလ်ကြီးလင်းထက်အောင် ရဲ့ပြောကြားချက်ကို ခေတ်သစ်သတင်း ဌာနက ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလက ရေးသားထားပါတယ်။
“တပ်မတော်ကွန်ပျူတာနှင့်နည်းပညာသိပ္ပံသင်တန်းကျောင်း(တကန) အပတ်စဉ် ၁၁ ကျောင်းဆင်း ရေတပ် တပ်ကြပ်ကြီး ထွန်းမင်းအောင်ဆိုရင် ၁၀ တန်း အမှတ်စာရင်း ဆိုပြီး Page ထောင်တယ်၊ သတင်းတွေ ကူး တင်တယ်၊ အလုပ်ခေါ်စာတွေ တစ်ချက်ချက်တင်တယ်၊ မသိနားမလည်တဲ့ လူငယ်တွေ အဲဒီ Page မှာ အမှတ်စာရင်း တောင်းတာ၊ အလုပ်သွားမေးတာဆိုရင် လာတွေ့ဖို့ ခေါ်ယူပြီး လူငယ်တွေကို လိမ်ခေါ်တယ်။ ကလေးတစ်ယောက်ရရင် သူ့အတွက် ငွေကသိန်းချီရတယ်၊ တချို့မသိနားမလည်တဲ့ကလေးတွေ၊ အသက် မပြည့်တဲ့ ကလေးတွေ တပ်ထဲကို ပုံစံမျိုးနဲ့ ရောက်တာရှိတယ်၊ တချို့ ကလေးတွေဆိုရင် မိဘတွေက ငွေ ကျပ် သိန်းဆယ်နဲ့ချီပေးပြီး သူ့ဆီက လိုက်ရွေးရတယ်”လို့ တပ်တွင်းသတင်းတွေအရ သိရတယ်လို့ ခေတ်သစ်က ရေးသားထားပါတယ်။
Thet N Oo- https://archive.ph/oxAv4 / https://archive.ph/mqu1A / https://archive.ph/gruyG
ယန္တရားမောင်းတဲ့လူငယ်က ယာဉ်မောင်းလက်မှတ်လိုချင်လို့ သွားတက်ခဲ့ရာမှာ ယန္တရားမောင်းသင်တန်း မဟုတ်ဘဲ စစ်သင်တန်းတက်ရပြီး တပ်ထဲရောက်သွားတဲ့အတွက် ဖေဖော်ဝါရီလ ၉ ရက်မှာ MDY PDF ကို အလင်းဝင်လာခဲ့တယ်လို့ ပြောဆိုပါတယ်။ ဒါ့ကြောင့် အလုပ်ခေါ်စာတွေတွေ့တိုင်းလဲ မယုံလိုက်ပါနဲ့လို့ အဲဒီအလင်းဝင်လာတဲ့ တပ်သားက အကြံပြုပါတယ်ဆိုပြီး People’s Spring ကရေးသားထားပါတယ်။
စစ်မှုထမ်းဥပဒေအတည်မပြုခင် နည်းလမ်းဟောင်းတခုဖြစ်တဲ့ လူမှုကွန်ရက်ဖေ့စ်ဘုတ်စာမျက်နှာတွေပေါ် မှာ အလုပ်အကိုင်အခွင့်အလမ်း ဂရုတွေကတဆင့် အမျိုးသားလူငယ်တွေကို ပစ်မှတ်ထားပြီး အလုပ် အကိုင်ခေါ်စာအတုတွေနဲ့ တပ်သားသစ်စုဆောင်းခဲ့တဲ့နည်းလမ်းတွေကို စစ်ကောင်စီက အခုတဖန် ပြန်လည် အသုံးပြုလာတာလည်း ဖြစ်ပါတယ်။
“အခုက အလုပ်အကိုင်တွေလည်းရှားနေလို့ ကိုယ့်ပညာအရည်ချင်းနဲ့လည်း ညီတယ်ဆိုပြီး အဲ့ပို့စ်အောက် သွားမန့်တော့ မက်ဆင်ဂျာကို လာခိုင်းတယ်။ အဲ့ဒီလိုနဲ့ပြောရင်းကတဆင့် သူတို့ဘက်က စကားကို ဝေ့လည် ကြောင်ပတ်ပြောနေရင်းကနေ တပ်က ခေါ်တာဆိုပြီးပြောတယ်။ ဒါနဲ့ ကျနော်လည်းကြောက်ပြီး ဘလော့ ပစ်လိုက်ပါတယ်” လို့ လျှောက်ထားမိတဲ့ လူငယ် ၁ယောက်က ပြောပါတယ်။
အခြားလူငယ် ၁ ယောက်ကလည်း “ကျနော် အလုပ်လျှောက်လိုက်တော့ အမျိုးသမီး ၂ ယောက်က အင်တာ ဗျူးမယ်ဆိုပြီး လက်ဖက်ရည်ဆိုင်မှာချိန်းပါတယ်။ နယ်ကလာတဲ့လူငယ်တွေ ဦးစားပေးခေါ်တယ်။ နေ့စား ငြိမ်းပေါ့။ ခေါ်တာက ရေတပ်ကတဲ့။ စစ်မတိုက်ရဘူး၊ သင်တန်း ၄ လ တက်ပြီးတာနဲ့ ကိုယ်ဝါသနာပါတဲ့ အပိုင်းမှာ လုပ်ရုံပဲ ၊ လစာလည်းကောင်းတယ်ဆိုပြီး ဆွယ်ပါတယ်။ အဆင်ပြေရင် ချက်ချင်းခေါ်သွားမယ် လို့တောင် ပြောတာပါ။ ကျနော်လည်း မနည်းငြင်းပြီး ရှောင်ထွက်လာရပါတယ်” လို့ပြောပါတယ်။
” အရင် ကျနော်တို့ ခံခဲ့ရဖူးတယ်။ အခုလိုစစ်မှုထမ်းမရှိခင်ချိန် ၂၀၂၂ လောက်က အလုပ်တွေတော်တော်ရှား လို့ အဲ့လိုခေါ်တာတွေ့လို့ လစာလည်းကောင်းတယ်ပေါ့ဆိုပြီး လျှောက်ကြတာပေါ့။ အဲ့အချိန်က သူတို့ခေါ် တဲ့ပုံစံက အထက်တန်းအောင်(ဆယ်တန်းအောင်) လူငယ်တွေနဲ့ကိုက်တဲ့ ကွန်ပျူတာသုံးတာတွေ၊ စက် ပစ္စည်းကိုင်တွယ်တာတွေဆိုတော့ အဆင်ပြေမယ်ထင်တာ။ အပြင်မှာတွေ့ကြည့်မှ စစ်တပ်ကခေါ်တာဆိုလို့ မနည်းအလိမ္မာသုံးပြီး ရှောင်ထွက်လာရတယ်။ အဲ့ဒီကတည်းက အဲ့လိုအလုပ်ခေါ်စာပုံစံမျိုးတွေ အလွတ်ရ သွားတယ်။ အခြားသူတွေလည်းသတိထားသင့်ပါတယ်”လို့ စစ်တပ်က အလုပ်ခေါ်စာအတုနဲ့ ခေါ်ယူခံခဲ့ရတဲ့ လူငယ် ၁ ယောက်ကလည်း သူကြုံတွေ့ခဲ့ရာတာကိုပြောပြခဲ့ပါတယ်ဆိုပြီး မောင်း ကရေးသားထားပါတယ်။
စစ်ကောင်စီတပ်တွင်းသို့ ဝင်ရောက်မည့်သူမရှိ၍ ဧရာ၀တီတိုင်းရှိ မြို့နယ်အချို့တွင် တပ်သားသစ်စုဆောင်း သူများက လှုမှုကွန်ရက်ပေါ်ရှိ အလုပ်ကိုင်ရှာဖွေရေး Group များတွင် အလုပ်ရမည်ဟု ပိုစ့်တင်ကာ လိမ်လည် ခေါ်ယူမှုများရှိကြောင်း ဒေသတွင်း အလုပ်အကိုင်ရှာဖွေရေးအဖွဲ့များထံက သိရသည်။
“စစ်တပ်ထဲ ဝင်မယ့်သူမရှိတော့ သူခိုးတွေ၊ အရက်သမားတွေကိုပါ စစ်တပ်ထဲခေါ် သွင်းနေရတာ။ ဝါးခယ်မ မြို့သူမြို့သားများ ဆုံစည်းရာ Group ထဲမှာ တွေ့တာတော့ တင်တဲ့သူရဲ့ အကောင့်က ဘွဲ့ရပုံနဲ့။ အလုပ် ရမယ်။ စရိတ်ငြိမ်း ၁ လကို ၁ သိန်း ၈ သောင်းပေးမယ်။ နေစရာအဆောင်ပေးမယ်၊ နောက်ပိုင်းမှာ လစာ တိုးပေးမယ်ဆိုပြီး ခေါ်တာ။ အဟုတ်ထင်ပြီး မေးတော့မှ စစ်တပ်ကခေါ်မှန်းသိတာ” ဟု ဝါးခယ်မမြို့ ဒေသခံ တစ်ဦးက ပြောတယ်လို့ ဧရာဝတီတိုင်းမ် ကရေးထားပါတယ်။
ကမ္ဘာ့ပေါ်က နိုင်ငံအသီးသီးရဲ့ စစ်ရေးအင်အားအကြောင်း လေ့လာနေတဲ့ Global Fire Power အဖွဲ့က ထုတ်ပြန်တဲ့ အညွှန်းကိန်းထဲမှာတော့ မြန်မာနိုင်ငံရဲ့ စစ်ရေးအင်အားဟာ ၂၀၂၄ ခုနှစ်မှာ ကမ္ဘာနိုင်ငံ ၁၄၅ နိုင်ငံ အနက် အဆင့် ၃၅ ရှိတယ်လို့ ထုတ်ပြန်ထားတာကို တွေ့ရပါတယ်။
ဒါပေမဲ့ မြေပြင်မှာ တိုက်တိုင်းရှုံးနိမ့်နေလို့ ပြည်သူ့စစ်မှုထမ်းဥပဒေပြဌာန်းပြီး မြို့နယ်များ၊ တပ်ရင်း/ တပ်ဖွဲ့များ ထပ်မံ မဆုံးရှုံးစေရေး ဆောင်ရွက်နေပေမဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေအရ စုဆောင်းပြီး ၄ လ သင် တန်းပေးထားတဲ့ စစ်သားတွေဟာ အရေအတွက်သာရှိပြီး အရည်အချင်း တိုက်ရည်ခိုက်ရည် တိုက်လိုခိုက် လိုစိတ်မရှိကြပါဘူး။
ရန်ကုန်မြို့မှာ ၂၀၂၄ နိုဝင်ဘာလ ၂၄ ရက်က ပျူစောထီးမောင်းတဲ့ တက္ကစီကိုငှားစီးမိတဲ့ ပန်းတနော်မြို့နယ် က ခရီးသွားလူငယ် ၃ ဦးကို သွားလိုရာကို မပို့ဘဲ စစ်သားစုဆောင်းရေးတပ်ကိုပို့ကာ ရောင်းစားခဲ့လို့ မိသား စုကသိရှိပြီး လိုက်လံထုတ်ယူရန်ကြိုးစားပေမဲ့ မရခဲ့ဘူးလို့ ခေတ်သစ်က ရေးထားတာကို တွေ့ရပါတယ်။
Kixx Jelly- https://ghostarchive.org/archive/iQKPK
စစ်ကောင်စီဟာ စစ်တပ်အတွက် လူသစ်စုဆောင်းတယ်လို့ ထုတ်မပြောဘဲ ဝန်ထမ်းရှာဖွေရေးအတွက် အင်တာနက်လူမှုကွန်ရက်များမှာ အတုအယောင် အလုပ်ကြော်ငြာတွေရေးသားဖြန့်ဝေပြီး တပ်သားသစ် တွေကို စုဆောင်းနေပါတယ်။ ပုဂ္ဂလိလုပ်ငန်းခွင်လို့ထင်ပြီး သွားလျှောက်သူများလဲ တပ်သားသစ်အစုခံရပြီး သင်တန်းတက်ကာ စစ်မြေပြင်ကို ပို့ခံရပါတယ်။
စစ်ကောင်စီက Facebook မှာ ယာဉ်မောင်း၊ စက်ပြင်နဲ့စက်ရုံအလုပ်သမားတွေ လိုနေတယ်ဆိုပြီး ‘ဦးကျော်’ နဲ့ ‘ဗန်ဒိန်း ဗန်ဒိန်း’ အမည်ရှိ Facebook အကောင့်နှစ်ခုက အလုပ်အကိုင်ရှာဖွေရေး Facebook Group များမှာ တင်ခဲ့တာတွေ့ရပါတယ်။ အဲဒီအလုပ်ကို လူတွေ့သွားလျှောက်တဲ့လူငယ်အများအပြားကို အမှတ် ၁ စစ်သားစုဆောင်းရေးတပ်၊ ဒညင်းကုန်းကို ပို့ဆောင်ပြီး ပြန်မလွှတ်တော့ဘဲ စစ်သားစုဆောင်းခံခဲ့ ရတာဖြစ်တယ်လို့ Myanmar Now က မေးမြန်းရေးသားထားတာကို တွေ့ရပါတယ်။
ပြည်သူ့စစ်မှုထမ်းအကြောင်း ဝါဒဖြန့်သည့် ပျိုမေ Vlog
စစ်မှုထမ်းဥပဒေနှင့်ပတ်သက်ပြီး စစ်လော်ဘီတွေနဲ့ မဘသ တွေက YouTube နဲ့ Tik Tok ပေါ်မှာ လူငယ် တွေ စစ်မှုထမ်းလာစေဖို့ ဝါဒဖြန့်တဲ့အနေနဲ့ မေလ အတွင်းမှာ ပျိုမေ Vlog ဆိုတဲ့ ချန်နယ်ပေါ်လာပြီးတော့ စစ်မှုထမ်းနေသည့်သူများကို စစ်သင်တန်းကျောင်းများထိ သွားရောက်ရိုက်ကူးပြီး စစ်ကောင်စီလော်ဘီချန် နယ်များကပါ ပြန်လည်မျှဝေဖြန့်ချီနေတာကိုတွေ့ရပါတယ်။
စစ်မှုထမ်းသင်တန်းသားတွေ နေအိမ်နဲ့ အဆက်အသွယ်ဖြတ်ခိုင်းမှုတွေ၊ ဖုန်းသိမ်းဆည်းထားမှုမရှိဘူးလို့ အင်တာဗျူးဖန်တီးရိုက်ကူးတာ၊ လစာထုတ်ပေးတဲ့ပုံတွေ၊ စစ်မှုထမ်းသင်တန်းသားတွေ ပျော်ရွှင်နေတယ် ဆိုတဲ့ ဝါဒဖြန့်ဗွီဒီယိုဖိုင်များကို ရိုက်ကူးထုတ်လွင့်ပြီး လူငယ်များကို စစ်မှုထမ်းချင်လာစိတ်ရှိအောင် စည်းရုံး မှု ပြုလုပ်နေတာကို တွေ့ရပါတယ်။
စစ်ကောင်စီရဲ့ အဓမ္မစုဆောင်းမှုမခံရစေဖို့ အသိပညာပေးလက်ကမ်းစာစောင်နဲ့ NUG အသိပေး
အကြမ်းဖက်စစ်တပ်ရဲ့ အဓမ္မစစ်သားစုဆောင်းမှုလုပ်ရပ်နဲ့ပတ်သက်ပြီး ပြည်သူလူထုအနေနဲ့ သိထားရမယ့် အချက်တွေပါဝင်တဲ့ လက်ကမ်းစာဆောင်ကို အမျိုးသားညီညွတ်ရေးအစိုးရ၊ မဟာဗျူဟာမြောက်ဆက် သွယ်ရေးနှင့် ပြည်သူ့ဆက်ဆံရေးယူနစ်(SCPRU) က ထုတ်ဝေဖြန့်ချိထားပါတယ်။
အဲဒီစာဆောင်ထဲမှာ ပြည်သူလူထုအနေနဲ့ သိရှိထားသင့်တဲ့အချက်တွေ၊ အချိန်ကာလအလိုက်ဆောင်ရွက် သင့်တဲ့အချက်တွေ၊ ဆက်သွယ်မေးမြန်းအကြံဉာဏ်တောင်းခံနိုင်တဲ့ လင့်ခ်တွေ၊ သတင်းပေးတိုင်ကြား နိုင်တဲ့လင်ခ့်တွေ ပါဝင်တာကို PPTV မှာရေးသားထားကို တွေ့နိုင်ပါတယ်။
လက်ရှိအချိန်မှာဆိုရင် စစ်ကောင်စီတပ်မှာ အမြဲတမ်းစစ်သား(သန္ဓေ)၊ အရန်တပ်ဖွဲ့(စစ်မှုထမ်းဟောင်း)၊ ပြည်သူ့စစ်မှုထမ်း၊ ပြည်သူ့စစ်(ပျူစောထီး)ဆိုပြီး စစ်ခေါင်းဆောင်တွေနဲ့ စစ်တပ်အကျိုးစီးပွား၊ စစ်ခေါင်း ဆောင်မိသားစုတွေရဲ့အကျိုးစီးပွားတွေကိုကာကွယ်နိုင်ဖို့ အကြိတ်အနယ်လုပ်ဆောင်နေတာ တွေ့ရပါတယ်။
ယောက်ျားလေးသီးသန့် ၊ နေစားငြိမ်း ၊ လစာ ၃ သိန်း + ဘော့နပ်စ်ရမယ် ၊ ချက်ချင်းအလုပ်ဆင်းနိုင်မယ်လို့ ရေးသားထားတဲ့ အလုပ်ခေါ်စာတွေကို ၂၀၂၃ ခုနှစ် မတ်လအတွင်းက စပြီး တွေ့ရှိခဲ့ရပေမယ့် စစ်မှုထမ်း ဥပဒေထုတ်ပြန်ပြီးနောက်ပိုင်း ၂၀၂၄ ခုနှစ် အတွင်းမှာတော့ ပိုပြီး ခပ်စိပ်စိပ် အလုပ်ခေါ်စာ ဂရုတွေထဲမှာ တင်လာတာ နိုဝင်ဘာ ၂၃ ရက်နေ့အထိ စစ်ဆေးတွေ့ရှိခဲ့ရပါတယ်။
အလုပ်ခေါ်စာတွေကနေ တဖက်လှည့်နဲ့ စစ်သားစုဆောင်းတာမျိုးတွေကို စစ်အာဏာသိမ်းပြီးကတည်းက ရှိနေခဲ့ဖူးပါတယ်။ စစ်မှုထမ်းဥပဒေ ပြဋ္ဌာန်းပြီးနောက်ပိုင်းမှာတော့ အွန်လိုင်း ဆိုရှယ်မီဒီယာ ဖေ့စ်ဘုတ်တွေ ပေါ်မှာပါ အမျိုးသားသီးသန့် အလုပ်ခေါ်စာပုံစံမျိုး အသွင်ယူပြီး အလုပ်ရှာဖွေနေတဲ့ လူငယ်တွေကို စစ်သား စုဆောင်းနိုင်ဖို့ တဖက်လှည့်နဲ့ လုပ်ဆောင်နေလို့ လူငယ်တွေ သတိထားဖို့ DVB Fact Check ရေးသားထား တာကို တွေ့နိုင်ပါတယ်။
ပြည်သူ့စစ်မှုထမ်းထဲမပါဖို့ ကြိုးစားရုန်းထွက်ကြပါစို့
စစ်ကောင်စီက လူငယ်တွေကို မတရားစုဆောင်းဖမ်းဆီးပြီး စစ်မှုထမ်းခိုင်းနေလို့ မတရားစစ်မှုထမ်းခံရသူ အနေနဲ့ ကိုယ်တိုင်ဖြစ်စေ ၊ မိသားစုဝင်တွေကတဆင့်ဖြစ်စေ စစ်တပ်ကနေ စွန့်ခွာနိုင်ရေးအတွက် ကူညီ ဆောင်ရွက်ပေးမယ်လို့ ပြည်သူ့ရင်ခွင် (People’s Embrace)က ဒီဇင်ဘာလ ၁၂ ရက်မှာ ကြေညာချက် ထုတ်ပြန်ထားလို့ လူငယ်တွေသိမှတ်ထားဖို့ လိုအပ်မှာဖြစ်ပါတယ်။
စစ်ကောင်စီထိပ်ပိုင်းခေါင်းဆောင်တွေရဲ့အကျိုးစီးပွားနဲ့ စစ်တပ်ရဲ့အကျိုးစီးပွားကို ကာကွယ်ဖို့အတွက် ပြည်သူ့စစ်မှုထမ်းဥပဒေကို အသက်သွင်းပြီးတော့ လူငယ်အများအပြားကို အတင်းအကြပ် ခေါ်ယူပြီး စစ်မှု ထမ်းနေစေခဲ့ကာ အရေးပေါ်စစ်သားအရင်းအမြစ်ကို ဖြည့်ဆည်းနေသလို အမြဲတမ်းစစ်သား(ခ)သန္ဓေ တပ်ဖွဲ့ဝင်ရဖို့အတွက်လဲ ရရာနည်းလမ်းနဲ့ ပေါ်တာဆွဲတာ၊ ပြစ်မှုကျူးလွန်သူတွေကို စစ်သားစုဆောင်းတာ၊ ပြင်ပအလုပ်အကိုင်ပုံစံမျိုးနဲ့အလုပ်ရှာဖွေနေသူတွေကို လိမ်ညာစုဆောင်းတာတွေ ပြုလုပ်နေတာဖြစ်လို့ လူငယ်တွေ သတိပြုရှောင်ရှားနိုင်ဖို့ လိုအပ်တဲ့အပြင် အဓမ္မစုဆောင်းခိုင်းစေခံရရင်လဲ ပြည်သူ့ရင်ခွင်အဖွဲ့ကို ဆက်သွယ်ပြီး လွတ်မြောက်အောင်ကြိုးစားရုန်းထွက်ကြပါလို့ အကြံပြုအသိပေးလိုက်ပါတယ်။