18 Dec 2024 Myanmar Pressphoto Agency(MPA)/ Delta News Agency/ The Red Flag
ရန်ကုန်တွင် စစ်ကောင်စီတပ်က PDF များကို ဖမ်းဆီးနေခြင်းဖြစ်ပြီး ပေါ်တာဆွဲခြင်းမရှိဟု စစ်ကောင်စီတပ် ဝါဒဖြန့်တယ်လီဂရမ်ချန်နယ်များက သတင်းအမှားများ ဖြန့်ဝေလျက်ရှိသည်။
“ဘညွန့်” တယ်လီဂရမ်ချန်နယ်က ဒီဇင်ဘာ ၁၆ ရက် မနက်အစောပိုင်းတွင် “ရန်ကုန်မှာ ပဒက်အသိုက်တွေကို ဝင်စီးနင်းနေတော့ ပေါ်တာဆွဲပါတယ်ဆိုပြီး နီပိန်းတွေဖွဖို အစီအစဥ်ဆွဲနေကြတယ်။ new year ကလဲ နီးနေပြီဆိုတော့ ပြည်သူတွေ အပြင်မထွက်အောင် မပျော်ရအောင် ဖွကြလိမ့်မယ်”ဟု (မူရင်းရေးသားချက်) ဖြန့်ဝေထားခြင်းဖြစ်သည်။
အဆိုပါသတင်းအမှားဖြန့်ဝေမှုကို ဒီဇင်ဘာ ၁၈ ရက် ညနေပိုင်းအထိ ကြည့်ရှုသူ ၂၈၀၀၀ ကျော်၊ like and react လုပ်သူ ၄၈၀ ကျော်ရှိကာ အခြားတယ်လီဂရမ်ချန်နယ်များကလည်း ကူးယူဖော်ပြခဲ့ကြသည်။
သတင်းအမှားလင့်ခ်များ
ဘညွန့် – https://archive.md/2I6hc
Snow Queen – https://archive.ph/r3oR0
နီပိန်းတိုက်ဖျက်ရေး – https://archive.ph/VfVbq
တယ်လီဂရမ်တွင် ပျံ့နှံ့နေသော သတင်းအကြောင်းအရာနှင့်ပတ်သက်၍ Myanmar Fact-Checking Network ၏ အဖွဲ့ဝင်ဖြစ်သော MPAက အချက်အလက် စစ်ဆေးရာ သတင်းအမှားဖြစ်ကြောင်း စိစစ်ဖော်ထုတ်နိုင်ခဲ့သည်။
သတင်းအမှားဖြစ်ကြောင်းသက်သေပြစိစစ်ချက်
Google တွင် “ ရန်ကုန်မြို့ရှိလူငယ်များဖမ်းဆီးခံနေရ “ ဆိုသည့် စာသားဖြင့်ရှာဖွေကြည့်ရာ BBC,The Irrawaddy , Mizzima သတင်းမီဒီယာတို့က သတင်းရေးသားဖော်ပြထားကြသည်။
BBC သတင်းမီဒီယာတွင် ၂၀၂၄ နိုဝင်ဘာနှင့် ဒီဇင်ဘာလအတွင်း ရန်ကုန်မြို့ သာကေတ၊ ဒေါပုံ၊ လှိုင်၊ ကော့မှူး စသည့်မြို့နယ်တွင် ပေါ်တာဆွဲခံရသည့်ဖြစ်စဥ်များရှိပြီး ဒီဇင်ဘာ လဆန်းပိုင်းတွင် လှိုင်မြို့နယ် ၁ ရပ်ကွက်သို့ ည ၈ နာရီကျော်ခန့် က စက်ဘီးနှင့် အလုပ်ကပြန်လာသူ လူငယ်နှစ်ဦး ဖမ်းဆီးခံခဲ့ရပြီး သတင်းအစအန ပျောက်နေကြောင်း ရေးသားဖော်ပြထားသည်။ BBC – https://shorturl.at/kJ17l
The Irrawaddy သတင်းမီဒီယာတွင် ဒီဇင်ဘာလ ၁၀ ရက်နေ့ ည ၁၁ နာရီခန့်တွင် စစ်သားများနှင့် ရဲများသည် ရန်ကုန်မှ သင်္ဃန်းကျွန်းမြို့နယ်၊ ဦးစံဖေလမ်းတွင် အသက် ၂၅ နှစ်မှ ၂၇ ခုနှစ်အတွင်း လူ ရှစ်ဦးကို ဖမ်းဆီးသည်။
စစ်ကောင်စီ၏ ဖမ်းဆီးရေးအဖွဲ့များသည် ရပ်ကွက်အတွင်းမှ အခြားအိမ် သုံးအိမ်ကို ဝင်ရောက်စီးနင်းပြီး နောက် ထပ်လူငယ် လေးဦးကို ဖမ်းဆီးသည်။ ထိုသူများကို စစ်သားစုဆောင်းရန် ဖမ်းဆီးကြောင်း မိသားစုများကို အ ကြောင်းကြားပြီး မိသားစုများသည် ထိုသူများ ပြန်လည်လွတ်မြောက်ရန် မည်သို့မှ မလုပ်နိုင်ကြောင်း ဒေသခံ များ၏ ပြောကြားချက်ဖြင့် သတင်းရေးထားသည်။ The Irrawaddy – https://shorturl.at/jP1FT
Mizzima သတင်းမီဒီယာတွင် ရန်ကုန်တိုင်းရှိ မြို့နယ်များမှ အမျိုးသားလူငယ်များ မဖြစ်မနေ စစ်မှုထမ်းရမည် ဆိုသည့် သတင်းထွက်လာပြီးနောက် ရန်ကုန်တွင် လူငယ်များ ဖမ်းဆီးခံရမှုများလာကြောင်း ရန်ကုန်တိုင်းအတွင်း ဧည့်စာရင်းစစ်ခြင်း၊ လမ်းဆုံလမ်းခွများတွင် စစ်ဆေးမှုများ ခပ်စိပ်စိပ် ပြုလုပ်လာပြီး ပုံစံမျိုးစုံဖြင့် ဖမ်းဆီးခံရသည့် လူငယ်များရှိကြောင်း ရေးသားဖော်ပြထားသည်။ Mizzima – https://shorturl.at/nE6Jv
သုံးသပ်ချက်
ရန်ကုန်တွင် စစ်ကောင်စီတပ်များက နိုဝင်ဘာလမှစတင်ကာ ဒီဇင်ဘာလအထိ မြို့တွင်းရှိလူငယ်များကို ပုံစံမျိုးစုံ ဖြင့် စစ်ဆေးဖမ်းဆီးနေသည့်အပြင် စစ်တပ်ဖမ်းဆီးခြင်းကိုခံရသူများနှင့်မိသားစုဝင်များ သတင်းအဆက် အသွယ်များမရရှိကြောင်းသိရသည်။
ရန်ကုန်မြို့တွင် စစ်ကောင်စီတပ်ဖမ်းဆီးမှုများခပ်စိပ်စိပ် ဖြစ်လာပြီးနောက် ညပိုင်းတွင် လူသွားလူလာခြောက် ကပ်ခြင်း၊ အထည်ချုပ်စက်ရုံများမှ အလုပ်သမားများ အလုပ်ပြန်ချိန်အခက်အခဲဖြစ်နေကြောင်း လွတ်လပ်သည့် သတင်းမီဒီယာများက ရေးသားဖော်ပြထားကြသည်။
ရန်ကုန်မြို့တွင်း လူငယ်များဖမ်းဆီးခံရမှုအခြေနေကို ဒီဇင်ဘာ ၁၈ ရက်တွင် Myanmar Fact checking network မှ လူငယ်တစ်ဦးကိုဆက်သွယ်မေးမြန်းရာ “ ဒီရက်ပိုင်း ရန်ကုန်မှာ ပေါ်တာဆွဲတာ ပြန်စိပ်လာတယ်။ စာရင်းနဲ့လာခေါ်တာထက် အရပ်ဝတ်တွေ တချို့ဆိုယူနီဖောင်းတွေနဲ့ လမ်းမှာတွေ့တဲ့သူကောက်တင်သွားတာ။ မြောက်ဒဂုံ၊ မြောက်ဥက္ကလာ အစွန်အဖျားတွေဆို အခု တော်တော်ဆိုးနေတယ်။ မနေ့ညက( ဒီဇင်ဘာ ၁၇ ) ညကဆို တာမွေမှာ ဘီယာဆိုင်တွေများတော့ ရှောင်တခင် ဝင်ဖမ်းသလို ခေါ်တင်သွားတယ်။” ဟုဖြေဆိုသည်။
ထို့ကြောင့် ရန်ကုန်တွင် PDF များကို ဖမ်းဆီးနေခြင်းဖြစ်ပြီး ပေါ်တာဆွဲမှုမရှိဆိုသော အကြောင်းအရာသည် သတင်းအမှားဖြစ်သည်။
ဆိုရှယ်မီဒီယာများတွင် သတင်းအတု၊ သတင်းအမှားများ ပျံ့နှံ့လျက်ရှိ သည်။ သတင်းအကြောင်း အရာတစ်ခုခုကို တွေ့၊ မြင်၊ ကြား၊ သိလျှင် အလွယ်တကူ လက်ခံ၊ ယုံကြည်၊ မျှဝေခြင်းများ အလျင်စလို မပြုလုပ်ရန် လိုအပ်ပေသည်။
ပျံ့နှံ့နေသောအကြောင်းအရာများကို သတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်း အဆင့်ဆင့် အတည်ပြုရေးသား ဖော်ပြနေသော သတင်းမီဒီယာများတွင် ရှာဖွေဖတ်ရှုသင့်သည်။
Myanmar Fact-Checking Network အဖွဲ့ဝင်များ အချက်အလက် စစ်ဆေးထားသော သတင်းများကို အောက်ဖော်ပြပါ လင့်ခ်များမှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။
ဝက်ဘ်ဆိုဒ်လင့် – https://myanmarfactcheckingnetwork.org/
Facebook လင့် – https://www.facebook.com/myanmarfactcheckingnetwork
#MFCN #MPA #FactCheck #Mis_Disinformation #ပေါ်တာဆွဲ #Haythar