လောင်းလုံးမြို့နယ်ကို ဒီဇင်ဘာလ ဒုတိယအပတ်အတွင်း စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ပစ်ခတ်မှုကြောင့် ဒေသခံအမျိုးသမီးတစ်ဦး သေဆုံးခဲ့ပါတယ်။
စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တစ်ခုဖြစ်တဲ့ Truth Media ချန်နယ်ကတော့ အထက်ပါဖြစ်စဥ်မှာ သေဆုံးခဲ့တဲ့ အမျိုးသမီးဟာ PDF ဖြစ်တယ်လို့ ဒီဇင်ဘာလ ၁၄ ရက်ညက ရေးသားဖြန့်ချိခဲ့ပါတယ်။
ဒါ့အပြင် စစ်ကောင်စီစစ်ကြောင်းက ဖမ်းဆီးခဲ့တဲ့ ရွာသားတွေကိုလည်း PDF တွေ ဖြစ်တယ်လို့ ထပ်မံဖော်ပြထား ပါသေးတယ်။
အဲဒီဖော်ပြချက်တွေနဲ့ ပတ်သက်ပြီး Myanmar Factchecking Network အဖွဲ့ဝင်ဖြစ်တဲ့ Dawei Watch က အချက်အလက်စိစစ် ကြည့်ရာမှာတော့ ပုံဖော်သတင်းအမှားဖြန့်တာအဖြစ် စိစစ်တွေ့ရှိရပါတယ်။
Suscriber နှစ်သောင်းခွဲကျော်ရှိတဲ့ Truth Media တယ်လီဂရမ်ချန်နယ်ရဲ့ အဲဒီဖော်ပြချက်ကို တယ်လီဂရမ်အသုံးပြုသူ ကိုးထောင်ကျော်က မြင်တွေ့ထားပါတယ်။ အဲဒီချန်နယ်ရဲ့ဖော်ပြချက်ကို အောက်ဖော်ပြပါလင့်မှာ ကြည့်နိုင်ပါတယ်။ https://archive.ph/2024.12.16-094109/https://t.me/Snowqueen1111233/32833
ဒေသခံအမျိုးသမီးတစ်ဦး ပစ်သတ်ခံရ
လောင်းလုံးမြို့နယ်ကို ဒီဇင်ဘာလ ၁၂ရက်က စစ်ကြောင်းထိုးလာခဲ့တဲ့ စစ်ကောင်စီတပ်ဟာ ဒီဇင်ဘာလ ၁၃ ရက် မနက်စောစော ၅နာရီလောက်မှာအင်းဇောက်ရွာက အမျိုးသမီးတစ်ဦးကို ပစ်သတ်ခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်ကို ကိုးကားပြီး ဒေသတွင်းအဖွဲ့အစည်းတွေနဲ့ သတင်းဌာနတွေက ဖော်ပြခဲ့ကြပါတယ်။
ပစ်သတ်ခံရတဲ့ အမျိုးသမီးဟာ အင်းဇောက်ရွာခံ အသက် ၅၀အရွယ် ဒေါ်နွှဲ့သန်းဖြစ်ပြီး ရွာစျေးကို နွားနို့ပို့ဖို့ သွားတဲ့ချိန်မှာ စစ်ကောင်စီတပ်သားတွေက သေနတ်နဲ့ ပစ်ခတ်ခဲ့ကြတာလို့ ဒေသခံတွေက ပြောပါတယ်။
အင်းဇောက်ရွာသူ စျေးသို့ နွားနို့သွားပို့ချိန် ပစ်သတ်ခံရတဲ့အကြောင်း ဒီဇင်ဘာလ ၁၃ရက်မှာ Dawei Watch က သတင်းဖော်ပြခဲ့တာကို အောက်ဖော်ပြပါလင့်မှာ ကြည့်နိုင်ပါတယ်။ https://www.facebook.com/share/p/1Fgvxm5in7/
အင်းဇောက်ရွာသူတစ်ဦးကို စစ်ကောင်စီတပ်က ပစ်သတ်ခဲ့တဲ့အကြောင်း နောက်ထပ် ဒေသတွင်း သတင်းဌာနတစ်ခုဖြစ်တဲ့ The Tanintharyi Times က သတင်းဖော်ပြထားကိုလည်း အောက်ဖော်ပြပါလင့်မှာ ကြည့်နိုင်ပါတယ်။ https://www.facebook.com/share/p/1EfPLu7fsC/
စျေးသို့ နွားနို့သွားပို့တဲ့ ဒေါ်နွှဲ့သန်းကို စစ်ကောင်စီတပ်က ပစ်သတ်ခဲ့တာနဲ့ပတ်သက်ပြီး ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ (DDMSC) ကလည်း သတင်းထုတ်ပြန်ထားပါတယ်။ သပိတ်ကော်မတီရဲ့ သတင်းထုတ်ပြန်ချက်ကို အောက်ဖော်ပြပါလင့်မှာ ကြည့်နိုင်ပါတယ်။
https://www.facebook.com/share/p/1BEKYwPQRc/
အသုံးပြုထားတဲ့ ဓာတ်ပုံနဲ့ ဖော်ပြတဲ့အချက်အလက်အပေါ်စိစစ်ချက်
စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ် Truth Media က ဖော်ပြချက်မှာ အင်းဇောက်မှာ PDF တစ်ဦးကို အသေပစ်ခတ် ဖမ်းမိပြီး ၁၀ဦးကျော်ကို အရှင်ဖမ်းမိတယ်လို့ ဖြန့်ချိခဲ့တာပါ။
အဲဒီလိုဖြန့်ချိရာမှာ ဦးခေါင်းကျည်ထိမှန် သွေးထွက်ဒဏ်ရာနဲ့ အမျိုးသမီးတစ်ဦး ဆိုင်ကယ်နံဘေးမှာ လဲကျနေတဲ့ ဓာတ်ပုံကို ဖော်ပြချက်မှာ အသုံးပြုထားတာတွေ့ရပါတယ်။
အဲဒီဓာတ်ပုံဟာ ဒေါ်နွှဲ့သန်း ပစ်သတ်ခံရတဲ့ဖြစ်စဥ်သတင်းမှာ Dawei Watch နဲ့ ခေတ်သစ်မီဒီယာတို့က ဖော်ပြခဲ့တဲ့ ဓာတ်ပုံနဲ့ တူတာကို တွေ့ရပါတယ်။ ဒါကြောင့် အင်းဇောက်ရွာသူ ဒေါ်နွှဲ့သန်းပစ်ခတ်ခံရတဲ့ဖြစ်စဉ်ကို PDF ပစ်ခတ် ခံရတယ်ဆိုပြီး ပုံဖော်သတင်းမှား ဖြန့်ချိမှုအဖြစ် တွေ့ရပါတယ်။
Truth Media က ဖြန့်ချိခဲ့တဲ့ အချက်အလက်ကို စိစစ်ကြည့်ရာမှာလည်း ခေတ်သစ်သတင်းဌာနက ဖော်ပြချက်ကို ပြင်ဆင်ရေးသားပြီး ဖြန့်ချိထားတာကို တွေ့ရပါတယ်။
ခေတ်သစ်မီဒီယာရဲ့ သတင်းဖော်ပြချက်မှာ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်က ပြန်ကြားရေးတာဝန်ခံ ရဲဘော် ရှဲဒိုးရဲ့ ဖြေကြားချက်ကိုကိုးကားထားတာတွေ့ရပါတယ်။ အရပ်သားအမျိုးသမီးတစ်ဦး ပစ်သတ်ခံရပြီး စစ်ကြောင်းထိုးရာ လမ်းတစ်လျှောက်မှာတွေ့တဲ့ ရွာသား ၁၀ ကျော်လည်း ဖမ်းဆီးခံရတယ်လို့ ရဲဘော်ရှဲဒိုးက ဖြေကြားထားတာ တွေ့ရပါတယ်။
ဒီဖော်ပြချက်ကို Truth Media က အင်းဇောက်မှာ PDF တစ်ဦးကို အသေပစ်ခတ်ဖမ်းမိပြီး ၁၀ဦးကျော်ကို အရှင်ဖမ်းမိတယ်လို့ ပြင်ဆင်ရေးသား ဖြန့်ချိခဲ့တာ တွေ့ရပါတယ်။
ဖမ်းဆီးခံရသူတွေထဲက တချို့ကို ပြန်လွှတ်ပေးပြီး အများစုကိုတော့ ဖမ်းခေါ်သွားတယ်လို့လည်း ရဲဘော် ရှဲဒိုးက ခေတ်သစ်မီဒီယာမှာ ပြောဆိုထားပါတယ်။ ခေသစ်မီဒီယာရဲ့ သတင်းဖော်ပြချက်ကို အောက်ဖော်ပြပါလင့်မှာ ကြည့်နိုင်ပါတယ်။
https://www.facebook.com/share/p/1EW1757gdA/
လောင်းလုံး ဒေသခံတွေထံ Dawei Watch က ဆက်သွယ်မေးမြန်းချက်တွေအရ စစ်ကောင်စီ စစ်ကြောင်းဟာ ဒီဇင်ဘာလ ၁၄ရက် ညနေပိုင်းမှာလောင်းလုံးမြို့ ဘက်သို့ တပ်ပြန်ဆုတ်သွားပြီး ဖမ်းဆီးထားသူအများစုကို ပြန်လွှတ်ပေးခဲ့တယ်လို့ သိရပါတယ်။ စစ်ကြောင်းက ဆက်ဖမ်းသွားတဲ့ ရွာသားတွေရှိပေမယ့် အသေးစိတ်အချက်အလက်ကိုတော့ အတည်ပြုနေဆဲ ဖြစ်ပါတယ်။
ဒါ့ကြောင့် ဖမ်းဆီးခံရသူတွေဟာလည်း စစ်ကောင်စီ စစ်ကြောင်းနဲ့ လမ်းတစ်လျှောက်မှာ ထိပ်တိုက်တွေ့တဲ့ ဒေသခံတွေ ဖြစ်တယ်ဆိုတာကို သတင်းဌာနတွေရဲ့ဖော်ပြချက်တွေ၊ ဒေသခံတွေရဲ့ ပြောဆိုချက်တွေအရ အတည်ပြုနိုင်ခဲ့ပါတယ်။ ပြန်လွှတ်ပေးတာတွေ ရှိတာကလည်း အရပ်သားတွေဖြစ်တာကြောင့်လို့ ကောက်ချက်ချနိုင်ပါတယ်။
သုံးသပ်ချက်
လောင်းလုံးကို စစ်ကောင်စီ စစ်ကြောင်းထိုးဝင်ရောက်ရာမှာ ဒေသခံအမျိုးသမီးတစ်ဦး ပစ်သတ်ခဲ့တာနဲ့ ရွာသားတချို့ကို စစ်ကြောင်းနဲ့အတူ ဖမ်းခေါ်တာတွေ ရှိခဲ့ပါတယ်။ အဲဒီလို အရပ်သားပြည်သူတွေအပေါ် စစ်ကောင်စီတပ် ကျူးလွန်မှုကို ဖုံးဖိဖို့အတွက် ဝါဒဖြန့်ချန်နယ်က အရပ်သား PDF လို့ တံဆိပ်ကပ်ပြီး အချိန်ကိုက် ပုံဖော်သတင်းအမှား ဖြန့်ခဲ့တာလို့ သုံးသပ်ရပါတယ်။
စာဖတ်သူတွေအနေနဲ့ သတင်းတု၊ သတင်းမှားတွေ၊ စစ်ဆေးပေးစေလိုတဲ့ သံသယဖြစ်ဖွယ် သတင်းအချက်အလက်တွေ ရှိလာရင်ဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ် မဟုတ်အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ် Myanmar Fact Checking Network နဲ့ Myanmar Fact Checking Network အဖွဲ့ဝင်ဖြစ်တဲ့ Dawei Watch ရဲ့ မက်ဆင်ဂျာကနေတစ်ဆင့် ဆက်သွယ်ပြီး အချက်အလက်စစ်ဆေးပေးဖို့ အကူအညီတောင်းနိုင်ပါတယ်။