ဒီဇင်ဘာ ၁၆၊ Arakan Express News/ The Red Flag
ရခိုင်ပြည်၊ တောင်ကုတ်မြို့ (၃၄၆) အား စစ်တပ်က အပြည့်အဝပြန်လည်ထိန်းချုပ်လိုက်ပြီလို့ ဒီဇင်ဘာ ၁၂ ရက်နေ့မှာ စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေက သတင်းအမှားဖြန့်ခဲ့ကြပါတယ်။
Subscriber ၃၃,၅၀၀ ကျော်ရှိတဲ့ နေပြည်တော် အမည်ရှိ တယ်လီဂရမ်ချန်နယ်ဟာ “ရခိုင်ပြည်၊ တောင်ကုတ်မြို့ (၃၄၆) အား စစ်တပ်က အပြည့်အဝပြန်လည်ထိန်းချုပ်လိုက်ပြီ” ဆိုပြီး ဝါဒဖြန့်ချိရေးသားခဲ့ပါတယ်။
နေပြည်တော် တယ်လီဂရမ်ချန်နယ်ရဲ့ အဲ့ဒီဖော်ပြချက်ဟာ ဒီဇင်ဘာလ ၁၄ ရက် ညနေပိုင်းအထိ ကြည့်ရှုသူ ၁၃,၂၀၀ ကျော်၊ like and react လုပ်သူ ၁၉၇ ကျော်ရှိပါတယ်။
သတင်းအမှားလင့်ခ် https://archive.md/hLTo3
တယ်လီဂရမ်ချန်နယ်မှာ ပျံ့နှံ့နေတဲ့ အဆိုပါသတင်းအကြောင်းအရာနဲ့ ပတ်သက်ပြီး Myanmar Fact- Checking Network ရဲ့ အဖွဲ့ဝင်ဖြစ်တဲ့ Arakan Express News က အချက်အလက်စစ်ဆေးခဲ့ရာ သတင်းအမှားဖြစ်ကြောင်း စိစစ်ဖော်ထုတ်နိုင်ခဲ့ပါတယ်။
သတင်းအမှားဖြစ်ကြောင်းသက်သေပြစိစစ်ချက်
ရခိုင်ဒေသတွင်း သတင်းဌာနများနှင့် လွတ်လပ်သည့် သတင်းဌာနတွေရဲ့ ဖော်ပြချက်အရ တောင်ကုတ်မြို့ကို အေအေက ထိန်းချုပ်ပြီးတဲ့နောက် ခမရ (၃၄၆) နှင့် ခမရ (၅၄၄)ကို ထိုးဖောက်ဝင်ရောက် တိုက်ခိုက်ခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောထားပါတယ်။ အေအေ အနေနဲ့ တောင်ကုတ်မြို့ထဲက စစ်ကောင်စီ စစ်စခန်း ၁၀ ခုကို သိမ်းပိုက်ပြီး နောက် တောင်ကုတ်မြို့တစ်ခုလုံးကို နိုဝင်ဘာလ ၂၄ ရက်နေ့မှာပဲ ထိန်းချုပ်နိုင်ခဲ့တယ်လို့ ဒီဇင်ဘာ ၁၁ ရက်နေ့မှာ အေအေ ကလည်း ထုတ်ပြန်ထားပါတယ်။
“ တောင်ကုတ်မြို့ပတ်ဝန်းကျင်ရှိ စစ်ကောင်စီ၏ စခန်းများအားလုံးကို သိမ်းပိုက်ရယူပြီးနောက် တောင်ကုတ်မြို့အခြေစိုက် အဓိကစခန်းကြီးများဖြစ်ကြသော စကခ (၅) တပ်မဌာနချုပ် နှင့် စကခ (၅) လက်အောက်ခံတပ်ရင်းများဖြစ်ကြသော ခမရ (၃၄၆) နှင့် ခမရ (၅၄၄) တပ်ရင်းဌာနချုပ် စခန်းများကို မိမိတို့မှ တစ်ပြိုင်နက်တည်းထိုးစစ်ဆင်တိုက်ခိုက်နေပြီဖြစ်သည်။” လို့ အေအေက နို၀င်ဘာ ၂၉ မှာ ထုတ်ပြန်ထားပါတယ်
မူရင်းသတင်းလင့်ခ် – https://t.me/aainfodesk/1150
“မနေ့ကအထိ တပ်မထဲကို ဝင်ရောက်တိုက်ခိုက်နေပြီလို့ သိရတယ်။ ခမရ (၅၄၄) ၊ (၃၄၆) တို့ ကို AA က သိမ်းပိုက်လိုက်ပြီလို့ သိရတယ်။ အခု တပ်မထဲမှာ အားလုံး စုပုံ ခုခံတိုက်ခိုက်နေကြတယ်။ ခမရ ဘက်တွေမှာ တိုက်ပွဲက မရှိတော့ဘူး။ တပ်မထဲမှာပဲ ဖြစ်နေကြတာ။ တပ်မ နဲ့ သရက်တောင်ကုန်းမှာလည်း ဖြစ်နေကြပါတယ်။ စစ်ကောင်စီဘက်ကတော့ လေကြောင်းပစ်ကူက တောက်လျှောက်ပစ်ပေးနေတယ်။” လို့ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက Western News သတင်းဌာနကို ပြောထားပါတယ်။
မူရင်းသတင်းလင့်ခ် – https://www.facebook.com/share/p/1BRWUBLqoE/
“နိုဝင်ဘာ ၂၉ ရက်နောက်ပိုင်းတိုက်ပွဲများတွင် ခမရ (၃၄၆) နှင့် ခမရ (၅၄၄)ကို AAက ထပ်မံသိမ်းယူခဲ့သည်ဟု စုံစမ်းသိရသည်။ ထိုကြောင့်စကခ (၅)မှာနောက်ဆုံးကျန်ရှိနေခြင်းဖြစ်သည်။” ဟု မြေပြင်စစ်ရေးသတင်းရင်းမြစ်များ၏ အတည်ပြု ပြောကြားချက်ကို People’s Spring သတင်းဌာနက ဖော်ပြထားပါတယ်။
မူရင်းသတင်းလင့်ခ် – https://www.ludunwayoo.com/news-mm/2024/12/14/106449/
သုံးသပ်ချက်
အေအေအနေနဲ့ စကခ (၅) ကို သိမ်းပိုက်ပြီးနောက် ရခိုင်ပြည်နယ် တောင်ဘက်က ခရိုင်မြို့တစ်ခု ဖြစ်တဲ့ တောင်ကုတ်ကို အပြီးသတ် ထိန်းချုပ်လိုက်ပြီလို့ စစ်ရေးသတင်းရင်းမြစ်တွေရဲ့ ပြောကြားချက်ကို ရခိုင်ဒေသတွင်း သတင်းဌာနတွေနဲ့ လွတ်လပ်တဲ့ သတင်းဌာနတွေမှာ ဖော်ပြထားကြပါတယ်။
တောင်ကုတ်မြို့ထဲက စစ်ကောင်စီ စစ်စခန်း ၁၀ ခုကို သိမ်းပိုက်ပြီးနောက် တောင်ကုတ်မြို့တစ်ခုလုံးကို နိုဝင်ဘာလ ၂၄ ရက်နေ့မှာ ထိန်းချုပ်နိုင်ခဲ့ပြီလို့လည်း အေအေကလည်း ထုတ်ပြန်ထားပါတယ်။
အေအေအနေနဲ့ တောင်ကုတ်မြို့နဲ့ ကပ်လျက်ရှိတဲ့ စကခ (၅( တပ်မနှင့် ခမရ (၅၄၄) ၊ ခမရ (၃၄၆) တပ်ရင်းတို့ကို ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေရဲ့ ပြောဆိုချက်တွေကိုလည်း တွေ့ရပါတယ်။
ဒါကြောင့် တောင်ကုတ်မြို့ (၃၄၆) ကို စစ်တပ်က အပြည့်အဝပြန်လည်ထိန်းချုပ်လိုက်ပြီလို့ ဖြန့်ချိနေတဲ့ အကြောင်းအရာဟာ သတင်းအမှားသာ ဖြစ်ပါတယ်။
အေအေအနေနဲ့ နခခ (၅) ကို တိုက်ခိုက်သိမ်းပိုက်ပြီးတဲ့နောက် တောင်ကုတ်မြို့ အခြေစိုက် စကခ (၅) ကိုလည်း ဒီဇင်ဘာ ၉ ရက်နေ့ နံနက်က စတင်ဝင်ရောက် စီးနင်း တိုက်ခိုက်ခဲ့ရာ နေရာအချို့ကို သိမ်းပိုက်ရရှိထားတယ်လို့ တောင်ကုတ်ဒေသခံ စစ်ရေးသတင်းရင်းမြစ်ထံကနေ သိရပါတယ်။
သံတွဲ-တောင်ကုတ်ကားလမ်း တောင်ကုတ်မြို့ တောင်ဘက် အထွက်မှာ တည်ရှိတဲ့ စကခ (၅) နဲ့ အနီးဝန်းကျင်နေရာ အတော်တော်များများကို စစ်ကောင်စီဘက်က အရေးနိမ့်နေတဲ့အတွက် ဒီဇင်ဘာလ ၉ ရက်နေ့က လေကြောင်းကနေ ပြင်းပြင်းထန်ထန် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသတွင်း သတင်းဌာနတွေက ဖော်ပြထားပါတယ်။
အဖက်ဖက်က စစ်ရေးရှုံးနိမ့်နေတဲ့ စစ်ကောင်စီဟာ အခြေအနေအမှန်တွေကို သတင်းအမှားတွေနဲ့ ဖုံးလွှမ်းချင်တာကြောင့် စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေကတဆင့် သတင်းတု၊ သတင်းမှားတွေ ဖန်တီးကာ သတင်းအမှောင်ချဖို့ ဝါဒဖြန့်ချိရေးသားနေတာပဲ ဖြစ်ပါတယ်။
ဒါကြောင့် အခုလို သတင်းအမှားတွေ၊ စစ်ဆေးပေးစေလိုတဲ့ သံသယဖြစ်ဖွယ်ရာ သတင်းအချက်အလက်တွေ ရှိလာရင် Myanmar Fact Checking Network အဖွဲ့ဝင်တွေဖြစ်တဲ့ Arakan Express News ရဲ့ မက်ဆင်ဂျာကနေတစ်ဆင့် ဆက်သွယ်ပြီး အချက်အလက်စစ်ဆေးပေးဖို့ အကူအညီတောင်းနိုင်ပါတယ်။
Myanmar Fact-Checking Network အဖွဲ့ဝင်တွေရဲ့ အချက်အလက် စစ်ဆေးထားတဲ့ သတင်းတွေကိုလည်း အောက်မှာ ဖော်ပြထားတဲ့ လင့်တွေမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
ဝက်ဘ်ဆိုဒ်လင့် – https://myanmarfactcheckingnetwork.org/
Facebook လင့် – https://www.facebook.com/myanmarfactcheckingnetwork