၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၃ရက်
(Fact Check) Delta News Agency/ The Red Flag
အာရက္ခတပ်တော် AAကနေ အဓမ္မလူသစ်စုဆောင်းပြီး အသေခံတိုက်ပွဲဝင်ခိုင်းနေလို့ ရခိုင်ကနေ ထွက်ပြေးလာတဲ့ ရခိုင် လူငယ်တွေ ထိုင်းမှာ အဖမ်းခံရတယ်ဆိုပြီး ထိုင်းရဲအဖမ်းခံနေရတဲ့ ဓါတ်ပုံတွေနဲ့အတူ ရေးသားဖြန့်ဝေနေ လို့ လူမှုကွန်ယက်စာမျက်နှာမှာ ပျံ့နှံ့နေတာတွေ့ရပါတယ်။
စစ်ကောင်စီလော်ဘီချန်နယ်တခုဖြစ်တဲ့ မင်းဗာကြီး တယ်လီဂရန်ချန်နယ်ကနေ ဒီဇင်ဘာလ ၁၃ ရက်မှာ “AA အကြမ်းဖက်အဖွဲ၏ အတင်းအဓမ္မ လူသစ်စုဆောင်းပြီး အသေခံတိုက်ပွဲဝင်ခိုင်းနေသောကြောင့် ထွက် ပြေးကြသော ရခိုင်လူငယ်များ ထိုင်းတွင်အဖမ်းခံရ”လို့ရေးသားပြီး ဓါတ်ပုံ ၃ ပုံနဲ့အတူစတင် ဖြန့်ဝေခဲ့တာကို တွေ့ရပါတယ်။
အဲဒီသတင်းကို တခြားလော်ဘီတယ်လီဂရန်ချန်နယ်တွေဖြစ်တဲ့ Kyaw Swar, ကိုလှရွှေ(သတင်းမှန်), Snow Queen, Ye Yint Htet,Western 24 News,May Yu Htar Nay ချန်နယ်တွေကနေ ထပ်ဆင့်ရေး သားမျှဝေတာတွေ ပြုလုပ်ခဲ့ကြလို့ ပျံ့နှံ့နေခဲ့ပါတယ်။
အဲဒီသတင်းနဲ့ပတ်သက်လို့ Myanmar Fact-checking Network အဖွဲ့ဝင်ဖြစ်တဲ့ DNA Fact Check Team က စစ်ဆေးကြည့်တဲ့အခါ တရားမဝင် ဝင်လာတဲ့ မြန်မာနိုင်ငံက ၈၄ ဦးဆိုတာ ထိုင်းမှာ ဖမ်းမိတယ် ဆိုတာမှန်ပေမဲ့ AA လူသစ်စုဆောင်းတိုက်ပွဲဝင်ခိုင်းလို့ ထွက်ပြေးလာတဲ့ ရခိုင်လူငယ်တွေဖြစ်တယ် ဆိုတာ မှားယွင်းနေပြီး မလေးရှားကို သွားမဲ့ ရိုဟင်ဂျာတွေဖြစ်တယ်ဆိုတာကို စိစစ်သိရှိရပါတယ်။
စစ်ကောင်စီထောက်ခံတဲ့ မီဒီယာအမည်ခံ MT News ကနေ “မလေးရှားနိုင်ငံကို သွားရောက်မဲ့ ရခိုင်က ဘင်္ဂါလီ ၈၄ ဦးကို ထိုင်းနိုင်ငံမှာ ဒီဇင်ဘာ ၁၁ ရက်က ကန်ချနဘူရီခရိုင်၊ Thong Pha Phum ခရိုင်ခွဲ၊ ဟွေ့ခယိန်ကျေးရွာအုပ်စု၊ ခနွန်ခိကျေးရွာအနီးမှာ ထိုင်းတပ်မတော်နဲ့ Thong Pha Phum ခရိုင်အုပ်ချုပ်ရေး အဖွဲ့တွေပါတဲ့ ပူးပေါင်းအဖွဲ့က ဖမ်းမိခဲ့တယ်” လို့ ရေးသားထားတာကို တွေ့ရပါတယ်။
☑️ သတင်းစိစစ်ချက်
ထိုင်းသတင်းဌာနတွေက “၂၀၂၄ ဒီဇင်ဘာ ၁၁ ရက်မှာ အိတ်တွေတင်ပြီး ရပ်ထားတဲ့ ပစ်ကပ်ကားကို တွေ့လို့ ရှာဖွေရာမှာ လူကုန်ကူးသူကို တဦး ဘတ်ငွေ ၇၅၀၀၀ ပေးကာ မလေးရှားနိုင်ငံကို အလုပ်သွားလုပ်မဲ့ မြန်မာ နိုင်ငံက တရားမဝင် ဝင်ရောက်လာတဲ့ အမျိုးသားနဲ့အမျိုးသမီး ၈၄ ဦးကိုတွေ့ရှိပြီး ယာဉ်မောင်းကိုလဲ ဖမ်းမိ ပြီး အရေးယူဖို့ ရဲတပ်ဖွဲ့ထံလွှဲပေးထားတယ်” လို့ The Pattaya News, TPN National News, Thaiger တွေက ရေးသားထားတာ တွေ့ရပါတယ်။
ထိုင်းနိုင်ငံ၊ ကန်ချနဘူရီခရိုင်ထဲမှာ မြန်မာကနေ နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာတဲ့ ရိုဟင်ဂျာ ၈၄ ဦးကို ဒီဇင်ဘာ ၁၁ ရက်မှာဖမ်းမိပြီး ထောင်ပါဘူရဲစခန်းမှာ ထိန်းသိမ်းထားကာ တရားမဝင် နယ်စပ်ဖြတ်ကျော်မှု၊ လူကုန်ကူးမှုတွေနဲ့ အရေးယူခံရနိုင်ပါတယ်။
သူတို့ဟာ ရခိုင်ကနေ ဘုရားသုံးဆူလမ်းက ထိုင်းနိုင်ငံထဲကိုဖြတ်ပြီး မလေးရှားအထိ ပွဲစားကို တဦး ဘတ် ၇ သောင်းခွဲပေးကာ လာတဲ့သူတွေဖြစ်တယ်လို့ ထိုင်းနိုင်ငံအခြေစိုက်မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှား မှုကော်မတီ (JACBA) ဥက္ကဋ္ဌ ဦးမိုးကြိုးရဲ့ ပြောဆိုချက်ကို RFA ကရေးသားထားတာ ဖတ်ရှုနိုင်ပါတယ်။
ထိုင်း-မြန်မာနယ်စပ် ကန်ချနဘူရီခရိုင်မှာ ဒီဇင်ဘာ ၁၁ ရက်က လမ်းဘေးမှာ မသင်္ကာဖွယ် ကားတစီးကို ကျောပိုးအိတ်၊ အသုံးအဆောင်ပစ္စည်းများတင်ထားလျက်နဲ့တွေ့လို့ တာဝန်ရှိသူတွေကရှာဖွေရာ တောထဲက ထင်းပုံတွေမှာ ပုန်းနေတဲ့ မလေးရှားကို သွားမဲ့ ရိုဟင်ဂျာ ၈၄ ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ Dawei Watch က ရေးသားထားတာကို ဖတ်ရှုနိုင်ပါတယ်။
ထိုင်း-မြန်မာနယ်စပ် ကန်ချနပူရီမြို့မှာ စွန့်ပစ်ထားတာလို့ထင်ရတဲ့ ပစ်ကပ်ထရပ်ကားမှာ ခရီးဆောင်အိတ် တွေ တွေ့လို့ ရှာဖွေရာ တောအတွင်းပုန်းနေသော တရားမဝင် ဝင်ရောက်လာတဲ့ ရိုဟင်ဂျာ ၈၄ ဦးကို ဖမ်းဆီး ရမိတယ်” လို့ Myanmar Now က ရေးသားထားပါတယ်။
ဒေသတွင်းသတင်းဌာနတွေဖြစ်တဲ့ Western News နဲ့ Narinjara တို့ကနေ “မြန်မာ-ထိုင်းနယ်စပ် ဆန်ခလ ဘူရီမြစ်ဆိပ်ကမ်းကို စက်လှေနဲ့လာကာ တောအတွင်းခြေကျင်လျောက်ပြီး မလေးရှားနယ်စပ်ကို ထရပ် ကားနဲ့သွားဖို့ရောက်လာချိန် ထိုင်းနိုင်ငံ ကန်ချနပူရီမြို့မှာ ရခိုင်ကလာတဲ့လူ ၈၄ ဦးကို ဖမ်းမိတယ်လို့ ထိုင်း သတင်းတွေကရေးပြီး ရခိုင်ပြည်နယ် ဘယ်မြို့ကဆိုတာရေးမထားဘူးလို့ ရေးထားတာကိုဖတ်ရှုနိုင်ပါတယ်။
☑️သုံးသပ်ချက်
ထိုင်းနိုင်ငံ၊ ကန်ချနပူရီမြို့မှာ တရားမဝင်မြန်မာက ဝင်ရောက်လာတဲ့ ၈၄ ဦးဖမ်းမိတယ်ဆိုတာမှန်ကန်ပေမဲ့ အေအေ ကနေ အဓမ္မလူသစ်စုဆောင်းပြီး အသေခံတိုက်ပွဲဝင်ခိုင်းနေလို့ ရခိုင်ကနေ ထွက်ပြေးလာတဲ့ ရခိုင် လူငယ်တွေဆိုတာ မမှန်ကန်ပါဘူး။
ဒါ့အပြင် ဖမ်းမိတဲ့ ကျား/မ ၈၄ ဦးဟာ ရခိုင်ကလာတဲ့သူတွေလို့ ထိုင်းသတင်းတွေမှာ ရေးသားတာမှန်ပေမဲ့ ရခိုင်ပြည်နယ်မှာ စစ်ကောင်စီနဲ့အေအေ နှစ်ဘက်တိုက်ပွဲတွေ ပဋိပက္ခတွေကြောင့် မလေးရှားကို ရွှေ့ပြောင်း လုပ်သားတွေအနေနဲ့ သွားရောက်အလုပ်လုပ်ကိုင်ကြမဲ့ ရိုဟင်ဂျာ ၈၄ ဦးဖြစ်တယ်ဆိုတာကို တွေ့ရပါတယ်။
ဒါကြောင့် AA ကအဓမ္မလူသစ်စုဆောင်းပြီး အသေခံတိုက်ပွဲဝင်ခိုင်းလို့ ထွက်ပြေးလာတဲ့ ရခိုင်လူငယ် တွေကို ထိုင်းမှာ ဖမ်းမိတယ်လို့ ရေးသားဖြန့်ဝေထားမှုဟာ မမှန်ကန်ပဲ AAနဲ့ ရခိုင်လူထုကို အထင်အ မြင်လွဲမှားအောင် ဝါဒဖြန့်ရေးသားမှုသာ ဖြစ်ပါတယ်။
ရခိုင်မှာ ရိုဟင်ဂျာတွေကို စစ်သားအဖြစ် အတင်းအကျပ် စုဆောင်းနေတယ်ဆိုတာ မမှန်ဘဲ အေအေ က ဘေးလွတ်ရာသွားနိုင်အောင် အကူအညီပေးနေတာတွေရှိလို့ AA ရဲ့ လုပ်ရပ်ကို ကြိုဆိုတယ်ဆိုပြီး ဘူးသီး တောင်အခြေစိုက် လူ့အခွင့်အရေးလှုပ်ရှားနေတဲ့ ရိုဟင်ဂျာလူငယ် ကိုဇာနည်စိုးက ပြောပါတယ်။
“AA ဘက်က မွတ်ဆလင်တွေအတင်းအကျပ် စစ်မှုထမ်းခိုင်းတာလည်းမရှိသလို အာရက္ခတပ်တော်က ဘယ်သူတဦးတယောက်ကိုမှ အတင်းအကျပ် စစ်မှုထမ်းဖို့ လူသစ်စုဆောင်းတာမျိုးလုံးဝကို မရှိပါဘူး” လို့ AA ပြောခွင့်ရ ခိုင်သုခက ပြောတယ်ဆိုပြီး ဗွီအိုအေ ကရေးထားတာကိုလဲ ဖတ်ရှုနိုင်ပါတယ်။
ဒီကနေ့ခေတ်ဟာ ဆိုရှယ်မီဒီယာခေတ်ဖြစ်တဲ့အတွက် အဲဒီဆိုရှယ်မီဒီယာတွေပေါ်မှာ အကြောင်းအရာ တခုခုကို ပုံဖျက်ဖို့၊ ဝါဒဖြန့်ဖို့၊ ကိုယ်ကျိုးရှာဖို့ ရည်ရွယ်ပြီး သတင်းအတု၊ သတင်းအမှားတွေကို ရည်ရွယ် ချက်ရှိရှိ ဖြန့်ဝေနေကြတာကြောင့် အလွယ်တကူ မယုံကြည်ဖို့၊ ပြန်ပြီး မမျှဝေကြဖို့ အကြံပြုလိုပါတယ်။
စာဖတ်သူတွေအနေနဲ့ သတင်းတု/သတင်းမှား ဖြစ်တယ်လို့ သံသယရှိရင်ပဲဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ်၊ မဟုတ်အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ်၊ Fact Checking ပြုလုပ်ပေးတဲ့ သတင်းဌာန/အဖွဲ့ အစည်းတွေရဲ့ Chat Box ကနေ သွားရောက်မေးမြန်းကြဖို့ တိုက်တွန်းလိုပါတယ်။
Myanmar Fact-checking Network အဖွဲ့ဝင်ဖြစ်တဲ့ DNA Fact Check ကို ဒီနေရာ ကနေ ဝင်ရောက်ဆက်သွယ်မေးမြန်းနိုင်ပါတယ်။
Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
Web – https://myanmarfactcheckingnetwork.org/
Fb – https://www.facebook.com/myanmarfactcheckingnetwork