ရခိုင်ပြည်နယ်၊ မောင်တောဒေသရှိ အမှတ် ၁၅ စစ်ဆင်ရေးကွပ်ရေးဌာနချုပ်က စစ်ဆင်ရေးကွပ်ကဲမှူးရေးမှူး ဗိုလ်မှူးချုပ် သူရိန်ထွန်းကို အခြားအရာရှိ၊ တပ်သားတွေနဲ့အတူ အာရက္ခတပ်တော် (အေအေ) က ဖမ်းမိခဲ့တယ်လို့ ဒီဇင်ဘာလ ၁၁ ရက်မှာ ထုတ်ပြန်ပါတယ် ။
စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်တစ်ခုဖြစ်တဲ့ Kyaw Swar တယ်လီဂရမ် ချန်နယ်မှာတော့ ဗိုလ်မှူးချုပ်သူရိန်ထွန်း အဖမ်းခံရတာ မဟုတ်ဘူးဆိုတာကို ဒီဇင်ဘာလ ၁၀ ရက်က စဖြန့်ချိပြီး ဒီဇင်ဘာလ ၁၁ ရက်အထိ ဖြန့်ချိထားဆဲဖြစ်တာကို တွေ့ရပါတယ်။
အဲဒီဖော်ပြချက်ကို Myanmar Factchecking Network အဖွဲ့ဝင်တွေ ဖြစ်တဲ့ Dawei Watch နဲ့ The Arakan Express News က အချက်အလက်စိစစ်ကြည့်ရာမှာ သတင်းအမှား ဖြစ်တာကို စိစစ်တွေ့ရှိရပါတယ် ။
Suscriber တစ်သိန်းကိုးသောင်းကျော်ရှိတဲ့ Kyaw Swar ချန်နယ် ရဲ့ အဲဒီဖော်ပြချက်ကို မြင်တွေ့ထားသူ လေးသောင်းခြောက်ထောင်ကျော် ၊ Reaction ပြုလုပ်ထားသူ တစ်ထောင့်လေးရာကျော်နဲ့ မှတ်ချက်ပေးထားသူ နှစ်ရာ့ရှစ်ဆယ်ကျော် ရှိပါတယ်။ အဲဒီချန်နယ်က ဖော်ပြချက်ကို အောက်ဖော်ပြပါလင့်မှာ ကြည့်နိုင်ပါတယ်။ https://shorturl.at/a409L
မောင်တော နခခ-၅ စခန်းသိမ်းတိုက်ပွဲမှာ ဗိုလ်မှူးချုပ်သူရိန်ထွန်း ဖမ်းဆီးခံရ
ယခုနှစ် အောက်တိုဘာလ ၁၄ ရက်ကစပြီး ၅၅ ရက်ကြာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တဲ့ မောင်တောမြို့၊ မြို့သူကြီးရပ်ကွက်မှာ ရှိတဲ့ အမှတ် ၅ နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ (နခခ-၅) စခန်းသိမ်းတိုက်ပွဲမှာ ဘူးသီးတောင် အခြေစိုက် စကခ ၁၅ က ဗိုလ်မှူးချုပ် သူရိန်ထွန်းနဲ့ သူရဲ့ ကိုယ်ရေးအရာရှိ ဗိုလ်ကြီးဝေလင်းအောင် အပါအဝင် စစ်ကောင်စီ အရာရှိ ၊ တပ်ကြပ် ၊ စစ်သည်တွေကို ဖမ်းဆီးရမိခဲ့တယ်လို့ ဒီဇင်ဘာလ ၁၁ ရက်မှာ ရုပ်သံနဲ့ တကွ အာရက္ခတပ်တော် (အေအေ) က ထုတ်ပြန်ပါတယ်။
အာရက္ခတပ်တော်ရဲ့ ထုတ်ပြန်ချက်နှင့် ရုပ်သံကို အောက်ဖော်ပြပါ လင့်တွေမှာ ကြည့်ရှူနိုင်ပါတယ်။
ရုပ်သံ link – https://shorturl.at/0vkui
ဓာတ်ပုံမှတ်တမ်း link – https://shorturl.at/M8ZSW
ထုတ်ပြန်ချက် link – https://bit.ly/3VBlC8G
ရခိုင်အခြေစိုက် မီဒီယာတွေနဲ့ လွတ်လပ်တဲ့ ပြည်တွင်းမီဒီယာတွေကလည်း အာရက္ခတပ်တော်ရဲ့ ထုတ်ပြန်ချက်ကို ကိုးကားပြီး နခခ ၅ စခန်းသိမ်းတိုက်ပွဲမှာ ဗိုလ်မှူးချုပ် သူရိန်ထွန်း အဖမ်းခံရတယ်လို့ ဖော်ပြကြပါတယ် ။
အာရက္ခတပ်တော် (အေအေ) က နခခ-၅ ကို အပြီးသတ်တိုက်ခိုက်နိုင်ခဲ့တဲ့ ဒီဇင်ဘာလ ၈ ရက်နေ့ ညမှာ ဗိုလ်မှူးချုပ်သူရိန်ထွန်းကို အခြားစစ်ကောင်စီတပ်ဖွဲ့ဝင် တစ်ဆယ်နီးပါးနဲ့ နခခ-၅ အနီးမှာပဲ ဖမ်းဆီးနိုင်ခဲ့တယ်လို့ ဒေသခံ စစ်ရေးသတင်းရင်းမြစ်ကို ကိုးကားပြီး ဒီဇင်ဘာလ ၉ ရက်ကတည်းက BBC သတင်းဌာနက ဖော်ပြခဲ့ပါတယ် ။
ဗိုလ်မှူးချုပ်သူရိန်ထွန်းဟာ တိုက်ပွဲကနေ ထွက်ပြေးလာကြတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့အတူ မြန်မာ – ဘင်္ဂလားဒေ့ရှ်နယ်စပ်က နတ်မြစ်ဘက်ကိုဖြတ်ပြီး ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးဖို့ ကြိုးပမ်းခဲ့တယ်လို့လည်း အဲဒီသတင်းမှာ ဖော်ပြထားပါတယ် ။
BBC ရဲ့ သတင်းဖော်ပြချက်ကို အောက်ဖော်ပြပါလင့်မှာ ကြည့်ရှူနိုင်ပါတယ်။ – https://www.facebook.com/share/v/1EKyH3kL3m/
အလားတူ ဗိုလ်မှူးချုပ်သူရိန်ထွန်း အဖမ်းခံရတာနဲ့ ပတ်သက်ပြီး အာရက္ခတပ်တော်က မထုတ်ပြန်မီကတည်းက မြေပြင်စစ်ရေးသတင်းရင်းမြစ်တွေကို ကိုးကားပြီး DVB နဲ့ မဇ္စျိမ သတင်းဌာနတွေအပြင် ရခိုင်အခြေစိုက်သတင်းဌာနဖြစ်တဲ့ Western News က ဖော်ပြခဲ့တာတွေလည်းရှိပါတယ်။ ဒီဇင်ဘာ ၉ ရက်မှာ ဖော်ပြခဲ့တဲ့ သတင်းတွေကို အောက်ဖော်ပြပါလင့်တွေမှာ ကြည့်ရှူနိုင်ပါတယ် ။
DVB သတင်း link –https://burmese.dvb.no/post/681246
Western News သတင်း link – https://www.facebook.com/share/p/1WwE8JnCjd/
မဇ္စျိမသတင်း link – https://www.facebook.com/share/p/183SqDJjLs/
စိစစ်တွေ့ရှိချက်
ဗိုလ်မှူးချုပ်သူရိန်ထွန်းကို အေအေက ဒီဇင်ဘာလ ၈ရက် ညမှာ ဖမ်းဆီးရမိတဲ့အကြောင်း ဒေသစစ်ရေး သတင်းရင်းမြစ်တွေကို ကိုးကားပြီး ရခိုင်ပြည်နယ်အခြေစိုက် မီဒီယာတွေနဲ့ ပြည်တွင်းသတင်းဌာနတွေက ဖော်ပြခဲ့ကြပါတယ်။
စစ်ကောင်စီ ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေကတော့ နခခ-၅ ကျဆုံးတာ မရှိသလို စကခမှူး ဗိုလ်မှူးချုပ်သူရိန်ထွန်း အဖမ်းခံရတာလည်း မရှိဘူးလို့ ဒီဇင်ဘာလ ၁၀ ရက်နေ့အထိ ဖော်ပြခဲ့ပါတယ်။
ဒီဇင်ဘာလ ၁၁ ရက်မှာ ထုတ်ပြန်တဲ့ အာရက္ခတပ်တော်ရဲ့ ထုတ်ပြန်ချက်နဲ့ ရုပ်သံတွေမှာတော့ ဖမ်းဆီးခံထားရတဲ့ ဗိုလ်မှူးချုပ်သူရိန်ထွန်း အပါအဝင် အခြားစစ်သုံ့ပန်းတွေ ဖမ်းဆီးရမိထားကို တွေ့ရှိရပါတယ်။ ဒါကြောင့် ဗိုလ်မှူးချုပ် သူရိန်ထွန်း အဖမ်းခံရတာဟာ မှန်ကန်ပါတယ်။
စစ်ကောင်စီ ဝါဒဖြန့်တယ်လီဂရမ်ချန်နယ်က ဖော်ပြနေသလို နခခ-၅ မကျဆုံးသေးဘူးဆိုတာနဲ့ ဗိုလ်မှူးချုပ်သူရိန်ထွန်း အဖမ်းမခံရဘူးဆိုတာကို သတင်းအမှားအဖြစ် စိစစ်တွေ့ရှိရပါတယ် ။
ဒါကြောင့် အခုလို သတင်းအမှားတွေ၊ စစ်ဆေးပေးစေလိုတဲ့ သံသယဖြစ်ဖွယ်ရာ သတင်းအချက်အလက်တွေ ရှိလာရင် Myanmar Fact Checking Network အဖွဲ့ဝင်တွေဖြစ်တဲ့ Dawei Watch နဲ့ Arakan Express News ရဲ့ မက်ဆင်ဂျာကနေတစ်ဆင့် ဆက်သွယ်ပြီး အချက်အလက်စစ်ဆေးပေးဖို့ အကူအညီတောင်းနိုင်ပါတယ်။