ဒီဇင်ဘာ ၇၊ Arakan Express News/ The Red Flag
ရခိုင်ပြည်၊ တောင်ကုတ်မှာ တပ်မဌာနချုပ်ကျဆုံးခြင်း၊ လက်နက်ချခြင်းများမရှိဘဲ သတင်းမှားများစွာ ပျံ့နှံ့နေတယ်လို့ နို၀င်ဘာ ၂၇ ရက်နေ့မှာ စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေက သတင်းအမှားဖြန့်ခဲ့ကြပါတယ်။
Subscriber ၅၆,၇၀၀ ကျော်ရှိတဲ့ Min Chit Oo အမည်ရှိ တယ်လီဂရမ်ချန်နယ်ဟာ “တောင်ကုတ်သတင်းတွေ တက်နေတာရှိတယ်။ လက်နက်ချတာတို့ ပေါင်းသွားတာတို့ တပ်မဌာနချုပ်ကျတို့ဆိုတဲ့သတင်းတွေဟာ အားလုံးအမှားတွေပါ” ဆိုပြီး ဝါဒဖြန့်ချိရေးသားခဲ့ပါတယ်။
Min Chit Oo တယ်လီဂရမ်ချန်နယ်ရဲ့ အဲ့ဒီဖော်ပြချက်ဟာ ဒီဇင်ဘာလ ၅ ရက် ညနေပိုင်းအထိ ကြည့်ရှုသူ ၅၇,၆၀၀ ကျော်၊ like and react လုပ်သူ ၅၁၁ ကျော်ရှိပါတယ်။
သတင်းအမှားလင့်ခ် https://archive.md/oRXxT
တယ်လီဂရမ်ချန်နယ်မှာ ပျံ့နှံ့နေတဲ့ အဆိုပါသတင်းအကြောင်းအရာနဲ့ ပတ်သက်ပြီး Myanmar Fact- Checking Network ရဲ့ အဖွဲ့ဝင်ဖြစ်တဲ့ Arakan Express News က အချက်အလက်စစ်ဆေးခဲ့ရာ သတင်းအမှားဖြစ်ကြောင်း စိစစ်ဖော်ထုတ်နိုင်ခဲ့ပါတယ်။
သတင်းအမှားဖြစ်ကြောင်းသက်သေပြစိစစ်ချက်
အေအေ အနေနဲ့ တောင်ကုတ်မြို့သိမ်းတိုက်ပွဲတွေ အဖြစ် စစ်ကောင်စီရဲ့ တောင်ကုတ်မြို့ပြင်ပရှိ စခန်း (၁၀) ခုကို ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ (၄) ရက် မှ (၂၀) ရက်အတွင်း (၁၇) ရက်ကြာ ထိုးစစ်အပြီးမှာ သိမ်းပိုက်ရရှိခဲ့ပြီး တောင်ကုတ်မြို့တစ်ခုလုံးကို ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ (၂၄) ရက်နေ့မှာပဲ အလုံးစုံထိန်းချုပ်ထားနိုင်ခဲ့ပြီဖြစ်ကြောင်း အေအေက အသေးစိတ် ထုတ်ပြန်ထားပါတယ်။ တောင်ကုတ်မြို့နယ်ထဲက စစ်ကောင်စီတပ်ရဲ့ ပန်းမြောက်တောင် အမြောက်ကုန်း အထိုင်စခန်းကိုလည်း အေအေက သိမ်းယူနိုင်ရန် တိုက်ခိုက်နေတာကြောင့် နို၀င်ဘာလ ၃ ရက်နေ့ မနက် ၁၀ နာရီဝန်းကျင် ကစပြီး တိုက်ပွဲပြင်းထန်နေတယ်လို့ ဒေသတွင်းသတင်းဌာနတွေမှာ စစ်ရေးသတင်းအရင်းအမြစ်တွေက အတည်ပြု ပြောဆိုထားကြပါတယ်။
“တောင်ကုတ်မြို့ပတ်ဝန်းကျင်ရှိ ဖက်ဆစ်စစ်ကောင်စီ၏ စခန်းများအားလုံးကို သိမ်းပိုက်ရယူပြီးနောက် ဖက်ဆစ် စစ်ကောင်စီ၏ တောင်ကုတ်မြို့အခြေစိုက် အဓိကစခန်းကြီးများဖြစ်ကြသော စကခ (၅) တပ်မဌာနချုပ် နှင့် စကခ (၅) လက်အောက်ခံတပ်ရင်းများဖြစ်ကြသော ခမရ (၃၄၆) နှင့် ခမရ (၅၄၄) တပ်ရင်းဌာနချုပ် စခန်းများကို မိမိတို့မှ တစ်ပြိုင်နက်တည်းထိုးစစ်ဆင်တိုက်ခိုက်နေပြီဖြစ်သည်” ဟု အေအေမှ ထုတ်ပြန်ထားပါတယ်။
အေအေရဲ့ ထုတ်ပြန်ချက် အပြည့်အစုံ – https://t.me/aainfodesk/1150
“စကခ ၅ ဆိုတာလည်း နေရာစုံမှာ ပြုတ်ပါပြီ။ ကျန်တဲ့တပ်ရင်းနှစ်ရင်းကလည်း နောက်ချန်အင်အားတွေပဲ ရှိတာပေါ။ အဲဒါကြောင့် သူတို့ သုံးတပ်ပေါင်းပြီး နောက်ဆုံး ခံစစ်ဆင်နေတဲ့ အနေအထားလို့ ပြောရမှာပါဗျ။ ပထမကတည်းက တောင်ကုတ် စကခ ၅ အတွင်းသတင်းတွေအရ တကယ်သာ AA လာတိုက်ရင် သူတို့တွေ လက်နက်ချရင်ချ မချရင် အညံ့ခံရမယ်ပေါ့။ သူတို့ ကြာကြာတောင့်မခံနိုင်ဘူးဆိုတဲ့ အရာရှိစစ်သည်တွေရဲ့ စိတ်ထဲမှာ ဖြစ်ပေါ်ခံစားနေရတာ စုံစမ်းသိရှိရပါတယ်” လို့ CDM ဗိုလ်ကြီး တစ်ဦးက ဧရာ၀တီ သတင်းဌာနကို ပြောထားပါတယ်။
မူရင်းသတင်းလင့်ခ် – https://burma.irrawaddy.com/news/2024/11/29/393970.html
“စစ်တပ်ရဲ့ တောင်ကုတ်မြို့အခြေစိုက် အမှတ် ၅ စစ်ဆင်ကွပ်ကဲရေးဌာနချုပ်(စကခ ၅)တပ်မနဲ့ ခမရ ၅၄၄၊ ခမရ ၃၄၆ တပ်ရင်းတွေက မြေပြင်လက်နက်ကြီးတွေနဲ့ ပစ်ကူနေပါတယ်။ တောင်ကုတ်မြို့ ကောင်းကင်မှာလည်း ဂျက်တိုက်လေယာဥ် အနိမ့်ဆုံးအဆင့် ပျံသန်းပြီး ဗုံးအလုံးပေါင်း ၄၀ ကျော်ထိ ပစ်ခတ် တိုက်ခိုက်နေပါတယ်’’ လို့ စစ်ရေးအခြေအနေသိသူတစ်ဦးရဲ့ ပြောကြားချက်ကို BBC သတင်းဌာနက ဖော်ပြထားပါတယ်။
မူရင်းသတင်းလင့်ခ် – https://www.bbc.com/burmese/articles/cy0gyqxqz2jo
သုံးသပ်ချက်
အေအေအနေနဲ့ ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့ပြင်က စစ်ကောင်စီ တပ်စွဲထားသောနေရာတွေနဲ့ စစ်စခန်းတွေကို နိုဝင်ဘာ ၄ ရက်နေ့ကနေ ၂၀ ရက်အတွင်း ထိုးစစ်အပြီး တောင်ကုတ်မြို့တခုလုံးကို အလုံးစုံ ထိန်းချုပ်ထားနိုင်ပြီဖြစ်ကြောင်း အေအေရဲ့ နိုဝင်ဘာ ၂၄ ရက်နေ့ ထုတ်ပြန်ကြေညာချက်အရ သိရပါတယ်။
ဒါ့အပြင် ကျန်ရှိနေသေးတဲ့ တောင်ကုတ်မြို့အခြေစိုက် အဓိက စခန်းကြီးတွေဖြစ်တဲ့ စကခ ၅ တပ်မဌာနချုပ်နဲ့ စကခ ၅ လက်အောက်ခံ တပ်ရင်းတွေဖြစ်တဲ့ ခြေမြန်တပ်ရင်း ခမရ ၃၄၆ နဲ့ ခမရ ၅၄၄ တပ်ရင်းဌာနချုပ်စခန်းတွေကိုပါ တပြိုင်နက်တည်း ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ အေအေက အသိပေးထားပါတယ်။
ဒါကြောင့် အေအေအနေနဲ့ တောင်ကုတ်မြို့ပြင်က စစ်ကောင်စီ တပ်စွဲထားသောနေရာတွေနဲ့ စစ်စခန်းတွေကို ထိန်းချုပ်ထားပြီးဖြစ်သလို ကျန်ရှိနေသေးတဲ့ တောင်ကုတ်မြို့အခြေစိုက် အဓိက စခန်းကြီးတွေကို ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်လို့ စစ်ကောင်စီရဲ့ လော်ဘီချန်နယ်တွေက ရေးသားထားသလို တောင်ကုတ် စစ်ကောင်စီရဲ့ တပ်မဌာနချုပ်ကျဆုံးတာ၊ လက်နက်ချတာတွေမရှိဘဲ သတင်းမှားများစွာ ပျံ့နှံ့နေတယ်ဆိုတာမျိုး ဝါဒဖြန့်ချိနေတဲ့ အကြောင်းအရာဟာ သတင်းအမှားသာ ဖြစ်ပါတယ်။
အေအေက တောင်ကုတ်မြို့ကို အလုံးစုံမထိန်းချုပ်နိုင်စဉ်ကာလအတွင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ မြို့အတွင်းက ပြည်သူပိုင်ပစ္စည်းတွေကို ခိုးယူတာ၊ ဖျက်ဆီးတာတွေအပြင် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခြင်းတွေ ပြုလုပ်ခဲ့တာကြောင့် ပြည်သူပိုင်ပစ္စည်းတွေ လူနေအိမ်နဲ့ တိုက်တာအဆောက်အအုံအချို့ ပျက်စီးသွားခဲ့တယ်လို့ အေအေရဲ့ ထုတ်ပြန်ချက်တွေက ဆိုပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၅ ရက်နေ့ ၊ နေ့လယ် ၁၂ နာရီအချိန်မှာလည်း ရခိုင်ပြည် တောင်ဘက်အစွန်ဆုံး ဂွ မြို့နယ်က ရွှေဦးကွင်းရွာ၊ ဇီးကုန်း ကျေးရွာနဲ့ ကျိန္တလီမြို့ အနီးရှိ ရမ္မာကျွန်းကျေးရွာတို့ကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် ဒေသခံ အရပ်သားပြည်သူ ၇ ဦး သေဆုံးသွားရတယ်လို့ ဒေသခံတွေက သတင်းမီဒီယာတွေမှာ ပြောဆိုချက်အရ သိရပါတယ်။
စစ်ကောင်စီအနေနဲ့ နိုင်ငံအနှံ့ ဖြစ်ပွားနေတဲ့ စစ်မျက်နှာအဘက်ဘက်မှာ ဆိုးရွားစွာ စစ်ရေးရှုံးနိမ့်နေရတဲ့ အခြေအနေတွေနဲ့ ရခိုင်ဒေသအတွင်းက စစ်ရာဇ၀တ်မှု ကျူးလွန်နေတဲ့ အခြေအနေအမှန်တွေကို သတင်းအမှားတွေနဲ့ ဖုံးလွှမ်းချင်တာကြောင့် စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေက သတင်းတု၊ သတင်းမှားတွေ ဖန်တီးကာ သတင်းအမှောင်ချဖို့ ဝါဒဖြန့်ချိရေးသားနေတာပဲ ဖြစ်ပါတယ်။
ဒါကြောင့် အခုလို သတင်းအမှားတွေ၊ စစ်ဆေးပေးစေလိုတဲ့ သံသယဖြစ်ဖွယ်ရာ သတင်းအချက်အလက်တွေ ရှိလာရင် Myanmar Fact Checking Network အဖွဲ့ဝင်တွေဖြစ်တဲ့ Myanmar Pressphoto Agency နဲ့ Arakan Express News ရဲ့ မက်ဆင်ဂျာကနေတစ်ဆင့် ဆက်သွယ်ပြီး အချက်အလက်စစ်ဆေးပေးဖို့ အကူအညီတောင်းနိုင်ပါတယ်။
Myanmar Fact-Checking Network အဖွဲ့ဝင်တွေရဲ့ အချက်အလက် စစ်ဆေးထားတဲ့ သတင်းတွေကိုလည်း အောက်မှာ ဖော်ပြထားတဲ့ လင့်တွေမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
ဝက်ဘ်ဆိုဒ်လင့် – https://myanmarfactcheckingnetwork.org/
Facebook လင့် – https://www.facebook.com/myanmarfactcheckingnetwork