တော်လှန်ရေးလှုပ်ရှားမှုတွေမှာ ပါဝင်လေ့ရှိတဲ့ သရုပ်ဆောင်မြနှင်းရည်လွင် ထိုင်းနိုင်ငံမှာ ပြီးခဲ့တဲ့ နိုဝင်ဘာလ နောက်ဆုံးအပတ်က အဖမ်းခံခဲ့ရတယ်လို့ YouTube ၊ Facebook နဲ့ Telegram စတဲ့ လူမှုကွန်ရက်စာမျက်နှာတွေမှာ ဖြန့်ချိနေကြတာတွေ့ရပါတယ် ။
အဲဒီဖော်ပြချက်တွေကို Myanmar Factchecking Network အဖွဲ့ဝင်တွေဖြစ်တဲ့ Dawei Watch နဲ့ People’s Spring က အချက်အလက်စိစစ်ကြည့်ရာမှာတော့ သတင်းအမှားဖြစ်တာကို စိစစ်တွေ့ရှိရပါတယ်။
■ YouTube ချန်နယ်တစ်ခုက သတင်းအမှားစဖြန့်ချိ
သရုပ်ဆောင် မြနှင်းရည်လွင် ထိုင်းနိုင်ငံမှာ အဖမ်းခံရပြီး ထိုင်းအစိုးရက သူ့ကို မြန်မာနိုင်ငံပြန်ပို့ဖို့လုပ်နေတယ်လို့ subscriber ပြုလုပ်ထားသူ နှစ်သောင်းလေးထောင်ကျော်ရှိတဲ့ “Toot Pe” ဆိုတဲ့ အမည်နဲ့ YouTube ချန်နယ်က နိုဝင်ဘာလ ၂၇ရက်က စတင်ဖြန့်ချိခဲ့တာဖြစ်ပါတယ် ။
အဲဒီ YouTube ချန်နယ်က သရုပ်ဆောင် မြနှင်းရည်လွင်အကြောင်း သတင်းအမှားဖော်ပြထားတဲ့ ရုပ်သံဖိုင်ဟာ ကြည့်ရှူသူ ငါးသောင်းလေးထောင်ကျော်ရှိပြီး ဖြန့်ချိထားဆဲဖြစ်ပါတယ်။ အဲဒီရုပ်သံဖိုင်ကို အောက်ဖော်ပြပါလင့်မှာ ကြည့်နိုင်ပါတယ်။ – https://youtu.be/D7be6RazGmQ?si=gyHeQtj7350jYp1q
အဲဒီချန်နယ်ကို ဆက်လက်စိစစ်ကြည့်ရာမှာတော့ ၂၀၂၄ ခုနှစ် စက်တင်ဘာလမှာ စဖွင့်ထားတဲ့ ချန်နယ်ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည် ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ သရုပ်ဆောင်တွေ စတဲ့ လူသိများသူတွေရဲ့ သတင်းအမှားတွေ ဆက်တိုက်ဖြန့်ချိနေတဲ့ ချန်နယ်တစ်ခု ဖြစ်တာကို စိစစ်တွေ့ရှိရပါတယ်။
■ တယ်လီဂရမ်ချန်နယ်တွေက ထပ်ဆင့်သတင်းအမှားဖြန့်
အထက်ပါ “Toot Pe” YouTube ချန်နယ်က သတင်းအမှားကို ကိုးကားပြီး စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ် တွေက သတင်းအမှား ထပ်ဆင့်ဖြန့်ချိပြန်ပါတယ်။
သရုပ်ဆောင် မြနှင်းရည်လွင်နဲ့ ပတ်သက်လို့ ပုဂ္ဂိုလ်ရေးတိုက်ခိုက်တဲ့ အသုံးအနှုန်းတွေနဲ့ ရေးသားပြီး Radio Free Myanmar ဆိုတဲ့ အမည်နဲ့ တယ်လီဂရမ် ချန်နယ်က ဒီဇင်ဘာလ ၃ ရက်နေ့မှာ သတင်းအမှား ဖြန့်ချိခဲ့တာတွေ့ရပါတယ်။ RFA သတင်းဌာနနဲ့ ဆင်တူတဲ့အမည်ကို သုံးထားတဲ့ Radio Free Myanmar ချန်နယ်ရဲ့ သတင်းဖြန့်ချိမှုကို အောက်ဖော်ပြပါလင့်မှာ ကြည့်နိုင်ပါတယ်။ https://t.me/radiofreemyanmar1/1544
အလားတူ ပုလဲမြေဆိုတဲ့ စစ်ကောင်စီ ဝါဒဖြန့်တယ်လီဂရမ်ချန်နယ်ကလည်း ပုံစံတူ သတင်းအမှား ဖြန့်ချိခဲ့ပါတယ်။ ပုလဲမြေချန်နယ်ရဲ့ ဖြန့်ချိမှုကိုအောက်ဖော်ပြပါလင့်မှာ ကြည့်နိုင်ပါတယ်။ https://t.me/welovetatmataw/40615
အဲဒီ အကြောင်းအရာကိုပဲ Facebook မှာလည်း ကူးယူဖော်ပြပြီး သတင်းအမှားထပ်ဆင့်ဖြန့်ချိခဲ့တာတွေလည်း တွေ့ရှိရပါတယ်။ အောက်ဖော်ပြပါလင့်မှာ ကြည့်နိုင်ပါတယ်။ https://www.facebook.com/share/p/15JQq8Dxio/
■ သရုပ်ဆောင်မြနှင်းရည်လွင် အဖမ်းခံရတာမရှိ
အထက်ဖော်ပြပါ သတင်းအမှားနှင့် ပတ်သက်၍ ကာယကံရှင်ဖြစ်သူ သရုပ်ဆောင် မြနှင်းရည်လွင်ထံ Myanmar Factchecking Network အဖွဲ့ဝင်ဖြစ်တဲ့ People’s Spring က ဆက်သွယ်မေးမြန်းအတည်ပြုရာမှာ သတင်းအမှားသာဖြစ်တယ်လို့ ပြန်လည်ဖြေကြားပါတယ် ။
“အခုဒီသတင်းနဲ့ပတ်သက်ပြီး တော်လှန်ရေးအစတုန်းကလို အရမ်းထွေထွေထူးထူးတော့ မတုန်လှုပ်ပါဘူး။ ခံစားမှုကလည်း ပုံမှန်ပါပဲ။ ဟာသတစ်ပုဒ်ဖတ်ရသလောက်ပဲရှိပါတယ်။ ဒီထက်ဆိုးရွားတာတွေတောင် ဟိုးအရှေ့မှာ ပြောခံနေရတာပဲလေ။ ကျမဘေးပတ်ဝန်းကျင်က လုပ်ဖော်ကိုင်ဖက်ရဲဘော်ရဲဘက်တွေ အထင်လွဲမှာလည်း မပူပါဘူး။ သူတို့ကို ကျွန်မအကြောင်း လိုက်ရှင်းပြနေရာမလိုအောင် အကုန်သိကြလို့ပါ။ ဒါမျိုး case တွေက တော်လှန်ရေးမှာ ထဲထဲဝင်ဝင်ပါနေတဲ့ သူတွေကို အထူး target ထားတိုက်ခိုက်တာကတော့ စကစရဲ့ ထုံးစံပါပဲလေ ။ ရန်သူက သူ့အလုပ်သူလုပ်နေတဲ့သဘောပါ” ဟု သရုပ်ဆောင်မြနှင်းရည်လွင်က တုံ့ပြန်ဖြေကြားပါတယ်။
သရုပ်ဆောင်မြနှင်းရည်လွင် ရဲ့ Blue Mark ရရှိထားတဲ့ တရားဝင်လူမှုကွန်ရက်စာမျက်နှာလည်း ဒီဇင်ဘာလ ၅ ရက်နေ့အထိ ပို့စ်တင်တာတွေနဲ့ share တာတွေ ဆက်လက်လုပ်ဆောင်နေသေးတာကိုလည်း တွေ့ရှိရပါတယ်။ သရုပ်ဆောင် မြနှင်းရည်လွင်ရဲ့ လူမှုကွန်ရက်စာမျက်နှာကို အောက်ဖော်ပြပါလင့်မှာ ကြည့်နိုင်ပါတယ်။ – https://www.facebook.com/share/p/18JXrKZoKk/
■ စိစစ်တွေ့ရှိချက်
သရုပ်ဆောင်မြနှင်းရည်လွင် ထိုင်းနိုင်ငံမှာ အဖမ်းခံရတယ်ဆိုတဲ့ သတင်းဖော်ပြချက်ဟာ သတင်းအမှားပဲ ဖြစ်တယ်ဆိုတာကို Dawei Watch နဲ့ People’s Spring က အချက်အလက်ရှာဖွေအတည်ပြုမှုနဲ့ ကာယကံရှင်ကို ဆက်သွယ်မေးမြန်း အတည်ပြုနိုင်မှုတို့အရ သိရှိရပါတယ်။
တော်လှန်လှုပ်ရှားမှုတွေမှာ ပါဝင်ဖြစ်ပြီး လူသိထင်ရှား သရုပ်ဆောင်လည်းဖြစ်တဲ့ သရုပ်ဆောင်မြနှင်းရည်လွင်နဲ့ ပတ်သက်လို့ သတင်းအမှားဖြန့်ချိတာဟာ တော်လှန်ရေးလှုပ်ရှားမှုမှာ ပါဝင်သူတွေကို ပုံဖျက်ဖို့ ကြိုးပမ်းမှုတွေထဲက တစ်ခုအဖြစ် သုံးသပ်ရပါတယ်။
စာဖတ်သူတွေအနေနဲ့ သတင်းတု၊ သတင်းမှားတွေ၊ စစ်ဆေးပေးစေလိုတဲ့ သံသယဖြစ်ဖွယ် သတင်းအချက်အလက်တွေ ရှိလာရင်ဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ် မဟုတ်အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ် Myanmar Fact Checking Network နဲ့ Myanmar Fact Checking Network အဖွဲ့ဝင်ဖြစ်တဲ့ Dawei Watch နဲ့ People’s Spring ရဲ့ မက်ဆင်ဂျာကနေတစ်ဆင့် ဆက်သွယ်ပြီး အချက်အလက်စစ်ဆေးပေးဖို့ အကူအညီတောင်းနိုင်ပါတယ်။