ဒီဇင်ဘာလ ၂ ရက်
– Federal FM/ The Red Flag
လွိုင်လင်လေးမြို့နယ်ရှိ ထီးစဲခါးကျောင်းတိုက်ဆရာတော်အား အကြမ်းဖက် KNDF/PDF များမှ ရက်ရက်စက်စက် သတ်ဖြတ်ဆိုပြီးတော့ ပြီးခဲ့တဲ့ နိုဝင်ဘာ၃၀ ရက် က စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်မှာ ပျံ့နှံ့ခဲ့ပါတယ်။ Subscriber ၁၃၇,၃ ကျော်ရှိတဲ့ KO Thet အမည်ရှိ တယ်လီဂရမ်ချန်နယ်ဟာ ” လွိုင်လင်လေးမြို့နယ်ရှိ ထီးစဲခါးကျောင်းတိုက်ဆရာတော်အား အကြမ်းဖက် KNDF/PDF များမှ ရက်ရက်စက်စက် သတ်ဖြတ်လိုက်ကြောင်း သိရှိရပါသည်။ လွိုင်လင်လေးမြို့နယ်ရှိ ထီးစဲခါးကျောင်းတိုက်ဆရာတော်သည် စေတီတော် တည်ရန်အတွက် မန္တလေးသို့ လိုအပ်သောပစ္စည်းများဝယ်ရန် ထီးစဲခါးကျောင်းတိုက်ပိုင် မော်တော်ယာဉ်ဖြင့် ထွက်ခွာလာစဉ် အောင်ကလပ်ကျေးရွာအနီးသို့အရောက် အသင့်စောင့်ဆိုင်းနေသော အကြမ်းဖက် KNDF/PDF များမှ လက်နက်ငယ်များနှင့် ဝိုင်းဝန်းပစ်ခတ်သည့်အတွက် ကားပေါ်တွင်ပါရှိတဲ့ ထီးစဲခါးကျောင်းတိုက်မှ ဆရာတော်တစ်ပါးပျံလွန်တော်မူပြီး အခြား ဆရာတော် ၂ ပါးလည်း ပြင်းထန်စွာဒဏ်ရာရရှိခဲ့။” ဆိုပြီး ဝါဒဖြန့်ချိရေးသားခဲ့ပါတယ်။ မှိုင်းဝေ တယ်လီဂရမ်ချန်နယ်ရဲ့ အဲ့ဒီဖော်ပြချက်ဟာ နိုဝင်ဘာလ 30ရက်ကနေ ဒီဇင်ဘာ ၁ရက်နေ့ညအထိ ကြည့်ရှုသူ ၃ထောင်နီးပါး၊ like and react လုပ်သူ ၄၅၃ ဦး ကျော်ရှိပါတယ်။ သတင်းအမှားလင့်ခ် – https://t.me/kothetjournalist9000/74978?single တယ်လီဂရမ်ချန်နယ်မှာ ပျံ့နှံ့နေတဲ့အဆိုပါသတင်းအကြောင်းအရာနဲ့ ပတ်သက်ပြီး Myanmar Fact- Checking Network ရဲ့ အဖွဲ့ဝင်ဖြစ်တဲ့ Federal FM က အချက်အလက်စစ်ဆေးခဲ့ရာ တစ်စိတ်တစ်ပိုင်း သတင်းအမှားဖြစ်ကြောင်း စိစစ်ဖော်ထုတ်နိုင်ခဲ့ပါတယ်။ သတင်းအမှားဖြစ်ကြောင်းသက်သေပြစိစစ်ချက် “ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်ထဲက ထီးစဲခါးဆရာတော် ပါလာတဲ့ကားကို စစ်ကောင်စီတပ်က အကြောင်းမဲ့ပစ်ခတ်တာကြောင့် ထီးစဲခါးရေတံခွန်ကျောင်းဆရာတော် ပျံလွန်တော်မူခဲ့ပြီး တခြားဆရာတော် ၂ ပါးလည်း ဒဏ်ရာပြင်းထန်ခဲ့ပြီး အောင်ကလပ်ကျေးရွာက စစ်ကောင်စီစိုးမိုးထားတဲ့နေရာ ဖြစ်ပါတယ်။ ဘာအကြောင်းကြောင့် ပစ်တာလဲတော့ မသိဘူးပေါ့လေ။ စစ်ကောင်စီက ကိုယ်တိုင်ပစ်ခတ်ပြီး KNDF က လုပ်သလိုလို PDF က လုပ်သလိုလို သတင်းပြန်လွှင့်ထားတာလည်းရှိတယ်။ ဒါပေမယ့် အဲဒီနေရာက စစ်ကောင်စီ တပ်စခန်းရှိတဲ့နေရာဖြစ်ပါတယ် “ ဆိုပြီးတော့ DVB သတင်းဌာနမှာ ဖော်ပြထားပါတယ်။ မူရင်းသတင်းလင့်ခ် – https://www.facebook.com/share/p/pbSJLiWg4Zz4r5RA/ “ ပအိုဝ်းရဟန်း သံဃာတော်များ၏ မေတ္တာရပ်ခံချက်ကို လျစ်လျူရှုပြီး ပအိုဝ်းဒေသကို ထိုးစစ်ဆင်နေသည့် စစ်ကောင်စီနှင့်စစ်ကောင်စီလက်အောက်ခံPNOပြည်သူ့စစ်သည် ပအိုဝ်းကျေးရွာများအား ဖျက်ဆီးခြင်း ၊ပြည်သူများအားသတ်ဖြတ်ခြင်း၊ ရဟန်းသံဃာတော်များအား ပစ်ခတ်သတ်ဖြတ်ခြင်းများကို ကျူးလွန်နေလျက်ရှိပြီး ပြီးခဲ့တဲ့ နိုဝင်ဘာ ၃၀ ရက်နေ့ နေ့လည် ၂ နာရီအချိန်တွင် ဆီဆိုင်မြို့နယ် ဆီဆိုင်-လွိုင်ကော်လမ်းမကြီးပေါ် အောင်ကလပ်ကျေးရွာတွင်တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့များသည် ထီးစဲခါးရေတံခွန်ကျောင်းမှ ဆရာတော်၏ကားကို ဝိုင်းဝန်း ပစ်ခတ်ခဲ့ခြင်းကြောင်း ထီစဲးခါးကျောင်းဆရာတော်သည် အပစ်ခံရသည့် နေရာတွင်ပင် ပျံလွန်တော်မူခဲ့ပြီး ယာဉ်ပေါ်ပါ အခြားဆရာတော် ၂ ပါးသည်လည်း ပြင်းထန်ဒဏ်ရာရရှိခဲ့သည်။” ဆိုပြီးတော့ ပအိုဝ့်အမျိုးသားလွတ်မြောက်ရေးတပ်မတော် PNLA က ထုတ်ပြန်ထားပါတယ်။ သတင်းလင့် – https://www.facebook.com/share/p/wU7hBdWeHjyp7Yxr/ ဒါ့အပြင် နောက်ထပ်လွတ်လပ်တဲ့ သတင်းဌာနဖြစ်တဲ့ Karenni People’s Voices သတင်းဌာနမှာတော့ “ ရှမ်းပြည်နယ် တောင်ပိုင်း၊ ဆီဆိုင်မြို့နယ် ဆီဆိုင် – လွိုင်ကော်လမ်းမကြီးပေါ် အောင်ကလပ်ကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်က ပစ်ခတ်မှုကြောင့် နိုဝင်ဘာလ (၃၀)ရက်နေ့တွင် ထီးစဲခါး ဆရာတော် ပျံလွန်တော်မူခဲ့ပြီး ဆရာတော် (၂)ပါး ပြင်းထန်ရရှိခဲ့ကြောင်း PNLA က ထုတ်ပြန်ထားသည်။ စစ်ကောင်စီနှင့် PNO ပြည်သူ့စစ် တပ်ဖွဲ့များသည် နိုဝင်ဘာလ (၃၀)ရက်နေ့ နေ့လည် (၂)နာရီ အချိန်တွင် ထီးစဲခါး ရေတံခွန်ကျောင်းမှ ဆရာတော်၏ ကားကို ဝိုင်းဝန်းပစ်ခတ်ခြင်းကြောင့် ဆရာတော် ပျံတော်မူခဲ့ပြီး ဆရာတော် (၂)ပါး ဒဏ်ရာရရှိခဲ့သည်။” ဆိုပြီးတော့ Karenni People’s Voices သတင်းဌာမှာ ဖော်ပြခဲ့ပါတယ်။ မူရင်းသတင်းလင့်ခ် – https://www.facebook.com/share/p/DTTFkGGH7MGVjmYf/ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် PNLA ကို ဖက်ဒရယ် FM က ဆက်သွယ်မေးမြန်းကြည့်လိုက်တဲ့ အခါမှာတော့ “ အရင်တုန်းက စစ်ကောင်စီလက်နက်ကြီးပစ်တာ ထီစဲးခါးကျောင်းကိုထိဖူးပါတယ် အဲ့ဒါကို ကျောင်းကိုမပစ်ဖို့ ဆရာတော်က စကစတပ်ကို သွားပြီးမေတ္တာရပ်ခံဖူးပါတယ် အဲ့ဒါကိုမကျေနပ်လို့ စစ်ကောင်စီက အညိုးနဲ့ လုပ်ကြံတာဖြစ်နိုင်ပါတယ်” ဆိုပြီး ပြန်လည် ဖြေကြားခဲ့ပါတယ်။ သုံးသပ်ချက် – ဒါကြောင့် လွိုင်လင်လေးမြို့နယ်ရှိ ထီးစဲခါးကျောင်းတိုက်ဆရာတော်အား အကြမ်းဖက် KNDF/PDF များမှ ရက်ရက်စက်စက် သတ်ဖြတ်ဆိုတဲ့ အကြောင်းအရာဟာ သတင်းအမှားဖြစ်ပြီး စစ်ကောင်စီ လော်ဘီ ချန်နယ်ဟာ ပြည်သူတွေရဲ့ စိတ်ကို ထင်ယောင်ထင်မှားဖြစ်အောင် စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေက သတင်းတု၊ သတင်းမှားတွေ ဖန်တီးကာ သတင်းအမှောင်ချဖို့ ဝါဒဖြန့်ချိရေးသားနေတာပဲ ဖြစ်ပါတယ်။ ဒါကြောင့် အခုလို သတင်းအမှားတွေ၊ စစ်ဆေးပေးစေလိုတဲ့ သံသယဖြစ်ဖွယ်ရာ သတင်းအချက်အလက်တွေ ရှိလာရင် Myanmar Fact Checking Network ရဲ့ မက်ဆင်ဂျာကနေတစ်ဆင့် ဆက်သွယ်ပြီး အချက်အလက်စစ်ဆေးပေးဖို့ အကူအညီတောင်းနိုင်ပါတယ်။ Myanmar Fact-Checking Network အဖွဲ့ဝင်တွေရဲ့ အချက်အလက် စစ်ဆေးထားတဲ့ သတင်းတွေကိုလည်း အောက်မှာ ဖော်ပြထားတဲ့ လင့်တွေမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။ ဝက်ဘ်ဆိုဒ်လင့် – https://myanmarfactcheckingnetwork.org/ Facebook လင့် – https://www.facebook.com/myanmarfactcheckingnetwork