တောင်ကုတ်မြို့မှာ အေအေ အဖွဲ့က နေအိမ်တွေကို ဖောက်ထွင်းပြီး ပစ္စည်းတွေကို ခိုးယူနေတယ်လို့ သတင်းအမှားဖြန့်နေ
Share:FacebookX

တောင်ကုတ်မြို့မှာ အေအေ အဖွဲ့က နေအိမ်တွေကို ဖောက်ထွင်းပြီး ပစ္စည်းတွေကို ခိုးယူနေတယ်လို့ သတင်းအမှားဖြန့်နေ

ဒီဇင်ဘာ ၂ – Arakan Express News/ The Red Flag
ရခိုင်ပြည်နယ် တောင်ကုတ်မြို့မှာ အေအေ အဖွဲ့က နေအိမ်တွေကို ဖောက်ထွင်းပြီး ပစ္စည်းတွေကို ခိုးယူနေတယ်လို့ နို၀င်ဘာ ၂၉ ရက်နေ့မှာ စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေက သတင်းအမှားဖြန့်ခဲ့ကြပါတယ်။
Subscriber ၇၀,၄၀၀ ကျော်ရှိတဲ့ Snow Queen အမည်ရှိ တယ်လီဂရမ်ချန်နယ်ဟာ “တောင်ကုတ်မြို့တွင် AA အဖွဲ့က နေအိမ်များကိုဖောက် ထွင်း၍ ပစ္စည်းများခိုးကာ Tipper Truck ကားဖြင့် သယ်ယူပြီး မော်တော်ဘုတ်များဖြင့် ဒေသပြောင်းရွှေ့မှုများ လုပ်ဆောင်နေ” ဆိုပြီး ဝါဒဖြန့်ချိရေးသားခဲ့ပါတယ်။
Snow Queen တယ်လီဂရမ်ချန်နယ်ရဲ့ အဲ့ဒီဖော်ပြချက်ဟာ ဒီဇင်ဘာလ ၃၀ ရက် ညနေပိုင်းအထိ ကြည့်ရှုသူ ၁၁,၁၀၀ ကျော်၊ like and react လုပ်သူ ၁၅၀ ကျော်ရှိပါတယ်။
သတင်းအမှားလင့်ခ် https://archive.ph/eV1Lu
တယ်လီဂရမ်ချန်နယ်မှာ ပျံ့နှံ့နေတဲ့ အဆိုပါသတင်းအကြောင်းအရာနဲ့ ပတ်သက်ပြီး Myanmar Fact- Checking Network ရဲ့ အဖွဲ့ဝင်ဖြစ်တဲ့ Arakan Express News က အချက်အလက်စစ်ဆေးခဲ့ရာ သတင်းအမှားဖြစ်ကြောင်း စိစစ်ဖော်ထုတ်နိုင်ခဲ့ပါတယ်။
သတင်းအမှားဖြစ်ကြောင်းသက်သေပြစိစစ်ချက်
တောင်ကုတ်မြို့မှာ အေအေ အဖွဲ့က နေအိမ်တွေကို ဖောက်ထွင်းပြီး ပစ္စည်းတွေကို ခိုးယူနေမှု ရှိ မရှိ သိရှိရန် Google မှာ “အေအေ အဖွဲ့က ပစ္စည်း ခိုး”ဆိုတဲ့ စာသားနဲ့ ရှာဖွေကြည့်ရာ သတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်း အဆင့်ဆင့် စိစစ်အတည်ပြု ရေးသားနေတဲ့ သတင်းဌာနတွေက တောင်ကုတ်မြို့ တိုက်ပွဲအတွင်း စစ်ကောင်စီ တပ်ဖွဲ့၀င်တွေထံက ဖမ်းဆီးရမိတဲ့ ခိုးရာပါပစ္စည်း တွေကို ပိုင်ရှင်တွေထံ ပြန်လည် ပေးအပ်သွားမယ်လို့ အာရက္ခ တပ်တော် (AA) က ဖမ်းမိတဲ့ သူခိုးတွေရဲ့ ရုပ်ပုံတွေနဲ့အတူ သတင်းရေးသားဖော်ပြထားတာကိုသာ တွေ့ရပါတယ်။
အာရက္ခတပ်တော် တပ်ဖွဲ့ဝင်တွေအနေနဲ့ လုံခြုံရေးဆောင်ရွက် နေတဲ့ကြားထဲမှာပင် သူခိုးတွေကို ခိုးရာပါပစ္စည်းတွေနဲ့အတူ နေ့စဉ် ဖမ်းဆီးရမိလျက်ရှိနေကြောင်း၊ အာရက္ခတပ်တော်က တောင်ကုတ်မြို့အား အလုံးစုံမ သိမ်းပိုက်နိုင်သေးဘဲ တိုက်ပွဲတွေ ပြင်းထန် နေတဲ့ အချိန် ကာလအတောအတွင်းမှာ အခွင့်ကောင်းယူပြီး အခုလို ခိုးယူမှုတွေ ဖြစ်ပွားခဲ့တယ်လို့ အေအေရဲ့ ထုတ်ပြန်ချက်မှာ ကျူးလွန်သူတွေရဲ့ ဓာတ်ပုံနဲ့တကွ ဖော်ပြထားပါတယ်။
အေအေရဲ့ ထုတ်ပြန်ချက် အပြည့်အစုံ – https://t.me/aainfodesk/1150
“စစ်ဖြစ်တာ၊ ဆင်းရဲမွဲတည်မှုနဲ့ အဆင်မပြေတာတွေကို အကြောင်းပြပြီး ခိုးချင်တဲ့လူက သပ်သပ်ရှိတယ်။ အဲဒီဂွင်ကိုချောင်းပြီး လုပ်နေကြတဲ့သူတွေရှိတယ်။ ဒီအပေါ်မှာ AA က အခုလို ဖမ်းဆီးတာတွေ၊ မြို့တွေကို စနစ်တကျထိန်းသိမ်းပြီး မပျောက်မရှရအောင် ကိုင်တွယ်လာတွေက ကောင်းတယ်။ ကျန်တဲ့မြို့တွေကိုလည်း ဒီပုံစံမျိုးပဲ ဆက်ပြီးလုပ်ဆောင်သင့်တယ်” လို့ ရခိုင်စာရေးဆရာ ဝေဟင်အောင်က DMG သတင်းဌာနကို အတည်ပြုပြောပါတယ်။
မူရင်းသတင်းလင့်ခ် – https://www.facebook.com/share/p/1FC2QZn2K2/
“အဲဒီသူခိုးတွေ သောင်းကျန်းလို့ပဲ ကိုယ့်ပစ္စည်းတွေ အခိုးမခံ ရအောင် တော်တော်များများက ယောကျာ်းသား အိမ်စောင့် တွေထားခဲ့ပြီး ကျန်တဲ့သူတွေက ရှောင်ကြတာ။တကယ် တိုက်ပွဲပြင်းထန်ချိန်ကျတော့ စစ်တပ်က ထင်ရာမြင်ရာ ပစ် တာတို့၊လေကြောင်းပစ်တာတို့ လုပ်တော့ အိမ်စောင့်ကျန်ခဲ့တဲ့ တချို့ သေရရှာတယ်။မြို့တွေသိမ်းပြီး ရင် အဲဒီတောကြောင် သူခိုးတွေကို အပြတ်ရှင်းဖို့လိုတယ်” လို့ ရခိုင်အမျိုးသား စာရေးဆရာတစ်ဦးရဲ့ ပြောကြားချက်ကို Myanmar Pressphoto Agency သတင်းဌာနက ဖော်ပြထားပါတယ်။
မူရင်းသတင်းလင့်ခ် – https://www.facebook.com/share/p/1EUf2Bas6Y/
သုံးသပ်ချက်
အေအေအနေနဲ့ တောင်ကုတ်မြို့ပတ်ဝန်းကျင်ရှိ စစ်ကောင်စီစခန်းများအားလုံးကို သိမ်းပိုက်ရယူပြီးနောက် လက်ကျန်စစ်စခန်းများကို ဆက်လက်ထိုးစစ်ဆင်နေတဲ့အချိန်မှာ တောင်ကုတ်မြို့အတွင်းကနေ စစ်ဘေးရှောင်နေခဲ့ရတဲ့ ဒေသခံတွေကို ဘေးကင်းစေရန်ရည်ရွည်ပြီး မအီဘက်ကို ကူညီပို့ဆောင်ကာ camp တွေပါ ပြုလုပ်ဆောင်ရွက် ပေးထားတယ်လို့ တောင်ကုတ်မြို့ခံ စစ်ဘေးရှောင်တွေက ဒေသတွင်း မီဒီယာတွေမှာ ပြောဆိုထားကြပါတယ်။
ဒါ့အပြင် အေအေ အနေနဲ့ ပြီးခဲ့တဲ့ မြောက်ဦး၊ ကျောက်တော်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း စတဲ့ မြို့သိမ်းတိုက်ပွဲတွေ အတွင်း ဒေသခံအချို့ရဲ့ ရွှေ၊ ငွေ၊ လက်ဝတ်ရတနာတွေကို ခိုးယူသူခဲ့သူတွေကို AA က ဖမ်းဆီးအရေးယူခဲ့ပြီး အခိုးခံရတဲ့ ပစ္စည်းတွေကိုလည်း ပိုင်ရှင်တွေဆီ ပြန်လည်ပေးအပ်ခဲ့တဲ့ ဖြစ်စဉ်တွေလည်း ရှိခဲ့ပါတယ်။
ဒါကြောင့် တောင်ကုတ်မြို့မှာ အေအေ အဖွဲ့က နေအိမ်တွေကို ဖောက်ထွင်းပြီး ပစ္စည်းတွေကို ခိုးယူနေတယ် ဆိုတဲ့ အကြောင်းအရာဟာ သတင်းအမှားသာ ဖြစ်ပါတယ်။
အေအေက တောင်ကုတ်မြို့ကို အလုံးစုံမထိန်းချုပ်နိုင်စဉ်ကာလအတွင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ မြို့အတွင်းက ပြည်သူပိုင်ပစ္စည်းတွေကို ခိုးယူတာ၊ ဖျက်ဆီးတာတွေအပြင် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခြင်းတွေ ပြုလုပ်ခဲ့တာကြောင့် ပြည်သူပိုင်ပစ္စည်းတွေ လူနေအိမ်နဲ့ တိုက်တာအဆောက်အအုံအချို့ ပျက်စီးသွားခဲ့တယ်လို့ အေအေရဲ့ ထုတ်ပြန်ချက်တွေက ဆိုပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၅ ရက်နေ့ ၊ နေ့လယ် ၁၂ နာရီအချိန်မှာလည်း ရခိုင်ပြည် တောင်ဘက်အစွန်ဆုံး ဂွ မြို့နယ်က ရွှေဦးကွင်းရွာ၊ ဇီးကုန်း ကျေးရွာနဲ့ ကျိန္တလီမြို့ အနီးရှိ ရမ္မာကျွန်းကျေးရွာတို့ကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် ဒေသခံ အရပ်သားပြည်သူ ၇ ဦး သေဆုံးသွားရတယ်လို့ ဒေသခံတွေက သတင်းမီဒီယာတွေမှာ ပြောဆိုချက်အရ သိရပါတယ်။
ဒါကြောင့် စစ်ကောင်စီအနေနဲ့ နိုင်ငံအနှံ့ ဖြစ်ပွားနေတဲ့ စစ်မျက်နှာအဘက်ဘက်မှာ ဆိုးရွားစွာ စစ်ရေးရှုံးနိမ့်နေရတဲ့ အခြေအနေတွေနဲ့ ရခိုင်ဒေသအတွင်းက စစ်‌ရာဇ၀တ်မှု ကျူးလွန်နေတဲ့ အခြေအနေအမှန်တွေကို သတင်းအမှားတွေနဲ့ ဖုံးလွှမ်းချင်တာကြောင့် စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေက သတင်းတု၊ သတင်းမှားတွေ ဖန်တီးကာ သတင်းအမှောင်ချဖို့ ဝါဒဖြန့်ချိရေးသားနေတာပဲ ဖြစ်ပါတယ်။
ဒါကြောင့် အခုလို သတင်းအမှားတွေ၊ စစ်ဆေးပေးစေလိုတဲ့ သံသယဖြစ်ဖွယ်ရာ သတင်းအချက်အလက်တွေ ရှိလာရင် Myanmar Fact Checking Network အဖွဲ့ဝင်တွေဖြစ်တဲ့ Myanmar Pressphoto Agency နဲ့ Arakan Express News ရဲ့ မက်ဆင်ဂျာကနေတစ်ဆင့် ဆက်သွယ်ပြီး အချက်အလက်စစ်ဆေးပေးဖို့ အကူအညီတောင်းနိုင်ပါတယ်။
Myanmar Fact-Checking Network အဖွဲ့ဝင်တွေရဲ့ အချက်အလက် စစ်ဆေးထားတဲ့ သတင်းတွေကိုလည်း အောက်မှာ ဖော်ပြထားတဲ့ လင့်တွေမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
ဝက်ဘ်ဆိုဒ်လင့် – https://myanmarfactcheckingnetwork.org/
Share:FacebookX

Follow @meksdemo

Instagram has returned empty data. Please authorize your Instagram account in the plugin settings .