ထားဝယ် ရှင်မုတ္ထီးရွာတွင် စစ်ကောင်စီလက်နက်ကြီးကြောင့် အရပ်သားသေဆုံးမှုအပေါ် စိစစ်ချက်
Share:FacebookX

ထားဝယ် ရှင်မုတ္ထီးရွာတွင် စစ်ကောင်စီလက်နက်ကြီးကြောင့် အရပ်သားသေဆုံးမှုအပေါ် စိစစ်ချက်

ထားဝယ်မြို့နယ်၊ ရှင်မုတ္ထီးရွာတွင် နိုဝင်ဘာလ ၁၆ရက်ညက စစ်ကောင်စီတပ် ပစ်ခတ်တဲ့လက်နက်ကြီး ကျည်စထိမှန်ပြီး အမျိုးသမီးငယ်တစ်ဦး သေဆုံးခဲ့ပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ “FactCheck” အမည်နဲ့ ဖွင့်လှစ်ထားတဲ့ စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်ကတော့ ရှင်မုတ္ထီး ရွာမှာ စစ်ကောင်စီလက်နက်ကြီးကြောင့် လူသေဆုံးတဲ့ ဖြစ်စဉ် လုံးဝမရှိဘူးလို့ ရေးသားဖြန့်ချိခဲ့ပါတယ်။ ဒါ့အပြင် သတင်းမီဒီယာ တချို့မှာတော့ ဒီဖြစ်စဉ်မှာ အရပ်သားနှစ်ဦး သေဆုံးတယ်လို့ ဖော်ပြကြပါတယ်။

အထက်ပါ ဖော်ပြမှုတွေနဲ့ပတ်သက်လို့ Myanmar Factchecking Network အဖွဲ့ဝင်ဖြစ်တဲ့ Dawei Watch က အချက်အလက် စိစစ်ကြည့်ရာမှာတော့ အချက်အလက်လွဲမှားတာ၊ ဖြစ်စဉ်ကို ဖုံးကွယ်ဖို့ ကြိုးပမ်းတာတွေ တွေ့ရှိရပါတယ်။

Subscriber တစ်သောင်းရှစ်ထောင်ကျော်ရှိခဲ့တဲ့ “FactCheck” အမည်နဲ့ တယ်လီဂရမ်ချန်နယ်က ဖော်ပြထားတဲ့ ဖော်ပြချက်ကိုတော့ မြင့်တွေ့ထားသူတစ်ထောင့်ကိုးရာကျော်က ရှိပါတယ်။ အဲဒီချန်နယ်ရဲ့ ဖော်ပြချက်ကို အောက်ဖော်ပြပါလင့်မှာ ကြည့်နိုင်ပါတယ်။ https://t.me/factcheckmm/7388

ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ ဒေသတွင်းအဖွဲ့တစ်ရဲ့ လူမှုကွန်ရက်စာမျက်နှာနဲ့ သတင်းမီဒီယာနှစ်ခုမှာတော့ လက်နက်ကြီးကြောင့် အမျိုးသမီးနှစ်ဦး သေဆုံးပြီး လေးဦးဒဏ်ရာရတယ်လို့ ရေးသားဖော်ပြခဲ့ကြတာ တွေ့ရပါတယ်။

အလုပ်သမားတန်းလျား လက်နက်ကြီးထိ

ထားဝယ်-မြိတ်ကားလမ်းပေါ်ရှိ ရွှေဂူတံတားမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

နိုဝင်ဘာ ၁၅ ရက် ညနေပိုင်းမှာ ကော်သူးလေတပ်မတော်-KTLA တပ်ဖွဲ့ဝင်တွေက ရောင်းမော်နဲ့ ရှင်မုတ္ထီးရွာဘက်ကို ဝင်ရောက်ခဲ့ပြီး နောက်တစ်ရက် နိုဝင်ဘာလ ၁၆ ရက် ည ၈နာရီကျော်မှာတော့ စစ်ကောင်စီတပ်က ရွာဘက်ကို လက်နက်ကြီးဖြင့် ပစ်ခတ်တာလို့ ဒေသခံတွေနဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက ဆိုပါတယ်။

လက်နက်ကြီးကျည်ဟာ ရှင်မုတ္ထီးကျေးရွာမှာရှိတဲ့ လုပ်ငန်းခွင်တစ်ခုက ရွေ့ပြောင်းအလုပ်သမားတွေနေထိုင်တဲ့ တန်းလျားပေါ်ကို ကျရောက်ပေါက်ကွဲတယ်လို့ ဒေသခံတွေက ပြောဆိုပါတယ်။

အထက်မြန်မာပြည်ကနေ ရှင်မုတ္ထီးရွာမှာ လာရောက်အလုပ်လုပ်ကိုင်နေတဲ့ အသက် ၁၉ နှစ်ခန့်အရွယ် မချစ်မိုးဆွေ စစ်ကောင်စီတပ် ပစ်ခတ်တဲ့ လက်နက်ကြီးကျည်စ ထိမှန်သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

လက်နက်ကြီး ပစ်ခတ်တဲ့ညက နှစ်ဖက်ထိတွေ့ပစ်ခတ်မှုတွေ မရှိဘဲ ပစ်ခတ်ခဲ့တာလို့လည်း ဒေသခံတွေက ပြောဆိုကြ ပါတယ်။

ဒီဖြစ်စဉ်မတိုင်ခင် နိုဝင်ဘာလ ၃ ရက်၊ ၉ ရက်၊ ၁၀ ရက်တွေမှာတော့ ရွှေဂူတံတားစစ်ဆေးရေးဂိတ်ကို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့က ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သရက်ချောင်းမြို့နယ် (ပကဖ) တပ်ဖွဲ့ရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ရှင်မုတ္ထီးရွာမှာ လက်နက်ကြီးထိမှန်ပြီး အရပ်သားသေဆုံးတာနဲ့ပတ်သက်လို့ Dawei Watch က သတင်းဖော်ပြထားတာကု အောက်ဖော်ပြပါလင့်မှာကြည့်နိုင်ပါတယ်။ – https://www.facebook.com/share/p/18KPKcYdtG/

ထိခိုက်သေဆုံးမှု အခြေအနေ

နိုဝင်ဘာလ ၁၆ ရက်ညက လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် အမျိုးသမီးငယ်တစ်ဦး သေဆုံးခဲ့သလို နောက်ထပ် ငါးဦးလည်း ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက အတည်ပြုပါတယ်။ ဒဏ်ရာရသူတွေကတော့ ထားဝယ်မြို့ပေါ်က ဆေးရုံမှာ ဆေးကုသမှု ခံယူနေရတယ်လို့ ရှင်မုတ္ထီးရွာသားတစ်ဦးက ဆိုပါတယ်။

လက်နက်ကြီး ထိမှန်သေဆုံးတဲ့ အမျိုးသမီးငယ်နာရေးကိစ္စနဲ့ ထိခိုက်ဒဏ်ရာရသူတွေကို ကူညီပေးနေတဲ့ ရွာသားတစ်ဦးကလည်း လက်နက်ကြီးထိမှန်ပြီး သေဆုံးသူဟာ တစ်ဦးတည်း ဖြစ်ကြောင်း အတည်ပြုပါတယ်။

ရှင်မုတ္ထီးရွာခံ နောက်ထပ် နှစ်ဦးကို Dawei Watch က ဆက်လက်မေးမြန်းအတည်ပြုရာမှာလည်း သေဆုံးသူတစ်ဦးတည်းဖြစ်ကြောင်း ပြောဆိုကြပါတယ်။

“အစက နှစ်ယောက်သေတယ်ပဲ သတင်းထွက်တယ်။ အသုဘချတဲ့နေ့မှ တစ်လောင်းပဲဆိုတာသိတယ်။ ကျန်တဲ့ ငါးယောက်က ဆေးကုနေကြတယ်။ အခုလက်နက်ကြီးကျတဲ့နေရာက နယ်ခံတွေနေတဲ့နေရာ မဟုတ်တော့ စစချင်း အဲဒီလိုပဲ သတင်းပျံ့သွားတယ် ” ဟု ရှင်မုတ္ထီးရွာခံ အမျိုးသမီးကြီးတစ်ဦးက ပြောပါတယ်။

စိစစ်တွေ့ရှိချက်

နိုဝင်ဘာလ ၁၆ရက်ညက စစ်ကောင်စီတပ် ပစ်ခတ်တဲ့လက်နက်ကြီးကျည်ထိမှန်ပြီး ရှင်မုတ္ထီးရွာမှာ အရပ်သား ထိခိုက် သေဆုံးဒဏ်ရာမှုဖြစ်စဉ်တွေ အမှန်တကယ်ဖြစ်ပွားခဲ့တာကို ဒေသခံတွေနဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေကို မေးမြန်းချက်တွေအရ အတည်ပြုနိုင်ခဲ့ပါတယ်။

ဒါကြောင့် “FactCheck” အမည်နဲ့ တယ်လီဂရမ်ချန်နယ်ရဲ့ဖော်ပြချက်ဟာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးကြောင့် အရပ်သားထိခိုက်သေဆုံးမှုဖြစ်ရပ်ကို ဖုံးကွယ်ဖို့ကြိုးပမ်းတဲ့ လုပ်ရပ်အဖြစ် စိစစ်တွေ့ရပါတယ်။

သေဆုံးသူ၊ ထိခိုက်ဒဏ်ရာရသူ အရေအတွက်နဲ့ပတ်သက်လို့ သတင်းမီဒီယာတချို့က ကနဦးသတင်းဖော်ပြချိန်မှာ အရေအတွက် ကွဲလွဲမှုရှိခဲ့တာ တွေ့ရပါတယ်။

စာဖတ်သူတွေအနေနဲ့ သတင်းတု၊ သတင်းမှားတွေ၊ စစ်ဆေးပေးစေလိုတဲ့ သံသယဖြစ်ဖွယ် သတင်းအချက်အလက်တွေ ရှိလာရင်ဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ် မဟုတ်အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ် Myanmar Fact Checking Network နဲ့ Myanmar Fact Checking Network အဖွဲ့ဝင်ဖြစ်တဲ့ Dawei Watch ရဲ့ မက်ဆင်ဂျာကနေတစ်ဆင့် ဆက်သွယ်ပြီး အချက်အလက်စစ်ဆေးပေးဖို့ အကူအညီတောင်းနိုင်ပါတယ်။

Share:FacebookX

Follow @meksdemo

Instagram has returned empty data. Please authorize your Instagram account in the plugin settings .