နိုဝင်ဘာလ၊ ၂၃ရက်။
(Fact Check) DNA+The Red Flag
ဆဒုံးမှာ စစ်ကောင်စီတပ်က လေကြောင်းကနေပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ကချင်လွတ််မြောက်ရေးတပ်မတော် KIA အရာရှိအများအပြားသေဆုံးခဲ့ပြီး လက်နက်များစွာလည်း မီးလောင်ပေါက်ကွဲခဲ့တယ်ဆိုတဲ့ သတင်းမှားတခုလူမှုကွန်ရက်စာမျက်နှာမှာ ပျံ့နှံံ့နေပါတယ်။
အဲ့ဒီ့သတင်းမှားကို စစ်ကောင်စီလော်ဘီချန်နယ်တခုဖြစ်တဲ့ Truth Media တယ်လီဂရန်ချန်နယ်ကနေ မနေ့က ညနေလေးနာရီဝန်းကျင်မှာ စတင်ဖြန့်ဝေခဲ့ပြီး တခြားချန်နယ်တွေနဲ့ လူမှုကွန်ရက်စာမျက်နှာတွေမှာ ပြန်လည်မျှဝေနေကြတာကြောင့် ပျံ့နှံ့မှုအားကောင်းနေတာပါ။
သတင်းမှားလင့်ခ်များ-
Truth Media – https://archive.ph/YBTh7
Kyaw Swar – https://archive.ph/hwhie
Ye Yint Htet (#yyh) – https://archive.ph/XYFGj
နေပြည်တော်👌👌- https://archive.ph/DPBVG
အဲ့ဒီ့ပျံ့နှံ့လာတဲ့သတင်းမှားကို MFCN အဖွဲ့ဝင်ဖြစ်တဲ့ DNA Fact Check Team ကနေ အချက်အလက်စစ်ဆေးခဲ့ရာမှ ဆဒုံးမြို့ကို စစ်ကောင်စီလေကြောင်းတိုက်ခိုက်ခဲ့တယ်ဆိုတဲ့ အကြောင်းအရာကမှန်ကန်နေပေမယ့် KIA တပ်သားရာချီသေဆုံးပြီး လက်နက်များစွာ မီးလောင်ပေါက်ကွဲခဲ့တယ်ဆိုတဲ့အကြောင်းအရာမှာ မှားယွင်းနေပြီး သတင်းမှားဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့ပါတယ်။
☑️ သတင်းစိစစ်ချက်
ကချင်ပြည်နယ်၊ ဆဒုံးမြို့ကို ကချင်လွတ်မြောက်ရေးတပ်မတော် KIAက ပြီးခဲ့တဲ့ ဇွန်လ ၁၁ရက် ၂၀၂၄မှာ တိုက်ခိုက်သိမ်းပိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီဘက်က နိုဝင်ဘာလ ဒုတိယပါတ်က စတင်ကာ လေကြောင်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
ဆဒုံးမြို့ကို လေယာဥ်နဲ့ မနေ့က မနက်သုံးနာရီဝန်းကျင်မှာဗုံးကြဲခဲ့တာကြောင့် မြို့အုပ်ချုပ်ရေးရုံးပေါ်ကို ကျရောက်ပေါက်ကွဲခဲ့ပြီး အရပ်သားတဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ People’s Spring သတင်းဌာနကရေးသားတဲ့ သတင်းကို ဒီနေရာမှာ ( https://shorturl.at/AgSn6 )ဖတ်နိုင်ပါတယ်။
စစ်ကောင်စီတပ်က Y12အမျိုးစားယာဥ်ကို အသုံးပြုပြီး ဗုံးသီးချတိုက်ခိုက်ခဲ့လို့ ထွေအုပ်ရုံး၊ ဟိုတယ်တလုံး၊ ဘုရားကျောင်းတခုလည်း ထိခိုက်ပျက်ဆီးခဲ့တယ်လို့ ကချင်ပြည်နယ်အခြေစိုက်မီဒီယာတခုဖြစ်တဲ့ The 74 Media ကလည်းရေးသားထားပါသေးတယ်။
The 74 Media သတင်းလင့်ခ် – https://shorturl.at/00HNc
The Kachin Sub-State Media ကလည်း စစ်ကောင်စီတပ်ဘက်ကလေကြောင်းနဲ့ တိုက်ခိုက်ဗုံးကြဲခဲ့တာကြောင့် အရပ်သားတဦးထိခိုက်ဒဏ်ရာရခဲ့ပြီး အဆောက်အဦးတချို့ထိခိုက်ပျက်ဆီးမှုရှိခဲ့တယ်လို့ ရေသားထားပါတယ်။
The Kachin Sub-State Media – https://shorturl.at/MDhR6
☑️သုံးသပ်ချက်
လွတ်လပ်ပြီး အမှီခိုကင်းတဲ့ ဒေသအခြေစိုက်သတင်းဌာနတွေရဲ့ ဖော်ပြထားတဲ့ သတင်းတွေမှာလည်း KIA အရာရှိတွေနဲ့ တပ်သားတွေ ရာချီသေဆုံးခဲ့တယ်လို့ရေးသားဖော်ပြထားတာ မရှိသလို အရပ်သားပြည်သူတွေကလည်း ပြောဆိုထားတာမျိုးမတွေ့ရပါဘူး။
ဒါ့ကြောင့် လော်ဘီချန်နယ်တွေမှာ ဖော်ပြသလို စစ်ကောင်စီတပ်ဘက်က လေကြောင်းနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့တယ်ဆိုတဲ့ ဖြစ်စဥ်က မှန်ပေမယ့် KIA တပ်သားရာချီထိခိုက်သေဆုံးခဲ့တယ်ဆိုတဲ့ အကြောင်းအရာက မှားယွင်းနေကာ တစိတ်တပိုင်းမှားယွင်းနေတဲ့ သတင်းမှားဖြစ်တာကိုတွေ့ရပါတယ်။
ဒီကနေ့ခေတ်ဟာ ဆိုရှယ်မီဒီယာခေတ်ဖြစ်တဲ့အတွက် အဲဒီဆိုရှယ်မီဒီယာတွေပေါ်မှာ အကြောင်းအရာ တခုခုကို ပုံဖျက်ဖို့၊ ဝါဒဖြန့်ဖို့၊ ကိုယ်ကျိုးရှာဖို့ ရည်ရွယ်ပြီး သတင်းအတု၊ သတင်းအမှားတွေကို ရည်ရွယ် ချက်ရှိရှိ ဖြန့်ဝေနေကြတာကြောင့် အလွယ်တကူ မယုံကြည်ဖို့၊ ပြန်ပြီး မမျှဝေကြဖို့ အကြံပြုလိုပါတယ်။
စာဖတ်သူတွေအနေနဲ့ သတင်းတု/သတင်းမှား ဖြစ်တယ်လို့ သံသယရှိရင်ပဲဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ်၊ မဟုတ်အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ်၊ Fact Checking ပြုလုပ်ပေးတဲ့ သတင်းဌာန/အဖွဲ့ အစည်းတွေရဲ့ Chat Box ကနေ သွားရောက်မေးမြန်းကြဖို့ တိုက်တွန်းလိုပါတယ်။
Myanmar Fact-checking Network အဖွဲ့ဝင်ဖြစ်တဲ့ DNA Fact Check ကို ဒီနေရာ (dnafactcheck@gmail.com)က ဝင်ရောက်ဆက်သွယ်ပြီး အချက်အလက်စစ်ဆေးပေးဖို့ မေးမြန်းနိုင်ပါတယ်။Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
Web – https://myanmarfactcheckingnetwork.org/
Fb – https://www.facebook.com/myanmarfactcheckingnetwork