(Fact Check) – DNA/ The Red Flag
နိုဝင်ဘာလ၊ ၂၂ရက်။
စစ်ကိုင်းတိုင်း၊ ကန့်ဘလူ၊ ပေကြီးကျေးရွှာအနီးကိုဖြတ်သန်းသွာလာတဲ့ ကသာ-မန္တလေးခရီးစဥ်ကို ပြေးဆွဲနေတဲ့ ခရီးသည်တင်ယဥ်ကို ပြည်သူ့လက်နက်ကိုင်တပ်ဖွဲ့တွေက ဒရော့ဗုံးနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တယ်ဆိုတဲ့သတင်းမှားတခု လူမှုကွန်ရက်စာမျက်နှာမှာ ပျံ့နှံ့နေပါတယ်။
အဲ့ဒီသတင်းမှားကို စစ်ကောင်စီအားပေးထောက်ခံ တယ်လီဂရမ်ချန်နယ်တခုဖြစ်တဲ့ Myanmar Focus – MF ချန်နယ်ကနေ ပြီးခဲ့တဲ့နိုဝင်ဘာ ၁၉ရက်ကနေစတင်ဖြန့်ဝေခဲ့တာဖြစ်ပြီး “ပေကြီးကျေးရွာ အနီးအရောက် PDF အမည်ခံအကြမ်းဖက် အဖွဲ့က Drone အသုံးပြု၍ Drop Bomb များဖြင့် ပစ်ချတိုက်ခိုက်ခဲ့ရာ မော်တော်ယာဉ်အနီးသို့ Drop Bomb တစ်လုံး ကျရောက် ပေါက်ကွဲခဲ့မှုကြောင့် ယာဉ်ပေါ်တွင် လိုက်ပါလာသည့် ခရီးသွားပြည်သူ ၄ ဦး ဗုံးသီးပေါက်ကွဲစ ထိမှန်ဒဏ်ရာများ ရရှိခဲ့ပြီး အသက်(၄) နှစ်အရွယ် ကလေးငယ် ၁ ဦး သေဆုံးခဲ့ကြောင်း သိရှိရသည်”လို့ (မူရင်းအတိုင်း)ရေးသားဖြန့်ဝေခဲ့ပြီး တခြားချန်နယ်များတွင်လည်း ပြန်လည်မျှဝေနေကာ ပျံ့နှံ့မှုများပြားနေတာပါ။
သတင်းမှားလင့်ခ်များ –
Myanmar Focus – MF – https://archive.ph/vOp14
Snow Queen – https://archive.ph/auds7
ကျွန်းလှမီးအိမ်ရှင် – https://archive.ph/SJcOe
PAN – https://archive.ph/VGBHI
MT News _ Myanmar Transparency – https://archive.ph/yhpZf
People Media – https://archive.ph/5xw82
ပျံ့နှံ့လာတဲ့သတင်းမှားတွေကို MFCN အဖွဲ့ဝင်ဖြစ်တဲ့ DNA Fact Check Team ကနေ အချက်အလက်စစ်ဆေးကြည့်ရမှာ PDFတွေက ဒရော့ဗုံးအသုံးပြုပြီးတိုက်ခိုက်ခဲ့တယ်ဆိုတဲ့ အကြောင်းရာမှာ မှားယွင်းနေပြီး သတင်းမှားဖြစ်ကြောင်းအတည်ပြုနိုင်ခဲ့ပါတယ်။
သတင်းစိစစ်ချက်
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ဇီးကုန်းသကြားတိုက်မှာအထိုင်ချတဲ့ စစ်ကောင်စီလက်အောက်ခံ ပျူစောထီးတွေက ပြီးခဲ့တဲ့ နိုဝင်ဘာ၁၈ရက်နေ့ မနက် ၇နာရီခွဲမှာ တကြိမ်၊ နောက်ထပ်တနာရီအကြာမှာ တကြိမ် စုစုပေါင်း ဒရုန်းဗုံးသီး၅လုံးချပြီးတိုက်ခိုက်ခဲ့တယ်လို့ လွတ်လပ်ပြီး အမှီခိုကင်းတဲ့သတင်းဌာနတွေရဲ့ဖော်ပြချက်အရသိရပါတယ်။
အဲ့ဒီဒရုန်းပေါ်ကကြဲတဲ့ ဗုံးသီးအချို့က ငွေတိုးမန်းခရီးသည်တင်ယဥ်ဘေးကို ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ကားပေါ်မှာပါလာတဲ့ သံဃာတပါးပျံလွန်တော်မူခဲ့သလို အမျိုးသား၂နှစ်ဦးနဲ့ အမျိုးသမီးတဦးလည်း သေဆုံးခဲ့ပြီး အခြားခရီးသည်တွေလည်းထိခိုက်ဒဏ်ရာရခဲ့တယ်လို့ DNAကရေးသားထားတဲ့ ဒီ (https://shorturl.at/2rbFI )သတင်းမှာ ဖတ်လို့ရပါတယ်။
RFA သတင်းဌာနမှာလည်း တိုက်ပွဲထိတွေ့တာမျိုးမရှိဘဲ ပျူစောထီးတပ်တွေကဒရော့ဗုံးနဲ့တိုက်ခိုက်ခဲ့တာကြောင့် ခရီးသည်တင်ယာဥ်တစီးထိခိုက်ခဲ့သလို ဘုန်းကြီးတပါးပျံလွန်တော်မူခဲ့သလို အရပ်သား၃ဦးထိခိုက်သေဆုံးခဲ့ပြီး ဆယ်ဦးဒဏ်ရာရရှိခဲ့တယ်ဆိုတဲ့သတင်းကို ဒီနေရာမှာ( https://shorturl.at/VmuZ0 ) ဖတ်နိုင်ပါတယ်။
ကန့်ဘလူမြို့နယ်၊ မြစ်ကြီးနား – ရွှေဘိုလမ်းပိုင်မှာ စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေက ခရီးသည်တင်ယဥ်တစီးကို ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့တယ်ဆိုတဲ့အကြောင်း People’s Spring ကရေးထားတဲ့ သတင်းမှာလည်းဖတ်လို့ရပါတယ်။
People’s Spring – https://shorturl.at/Pfbi4
သုံးသပ်ချက်
စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတပ်သားတွေက ဒရော့ဗုံးနဲ့တိုက်ခိုက်ခဲ့တာကြောင့် အရပ်သားပြည်သူတွေထိခိုက်သေဆုံးခဲ့တာဖြစ်ပေမယ့် စစ်ကောင်စီလက်ဝေခံချန်နယ်တွေမှာတော့ တော်လှန်ရေးတပ်သားတွေအပေါ် စွပ်စွဲပြောဆိုနေကြတာပါ။
ဒါ့အပြင် စစ်ကောင်စီချန်နယ်တွေမှာရေးသားထားတဲ့ ဒရော့ဗုံးတိုက်ခိုက်ခံရတဲ့နေရာမှာ ကန့်ဘလူမြို့နယ် ပေကြီးကျေးရွာနားမှာဖြစ်ပွားခဲ့တယ်ဆိုတဲ့ အကြောင်းအရာကိုလည်း စစ်ဆေးခဲ့ပေမယ့်ရွှေ ဘို-မြစ်ကြီးနားဗျူဟာလမ်းပိုင်းမှာသာ ဒရော့ဗုံးထိခိုက်မှုဖြစ်စဥ်ဖြစ်ပွားခဲ့တာဖြစ်ပြီး သတင်းမှားဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့ပါတယ်။
ဒီကနေ့ခေတ်ဟာ ဆိုရှယ်မီဒီယာခေတ်ဖြစ်တဲ့အတွက် အဲဒီဆိုရှယ်မီဒီယာတွေပေါ်မှာ အကြောင်းအရာ တခုခုကို ပုံဖျက်ဖို့၊ ဝါဒဖြန့်ဖို့၊ ကိုယ်ကျိုးရှာဖို့ ရည်ရွယ်ပြီး သတင်းအတု၊ သတင်းအမှားတွေကို ရည်ရွယ် ချက်ရှိရှိ ဖြန့်ဝေနေကြတာကြောင့် အလွယ်တကူ မယုံကြည်ဖို့၊ ပြန်ပြီး မမျှဝေကြဖို့ အကြံပြုလိုပါတယ်။စာဖတ်သူတွေအနေနဲ့ သတင်းတု/သတင်းမှား ဖြစ်တယ်လို့ သံသယရှိရင်ပဲဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ်၊ မဟုတ်အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ်၊ Fact Checking ပြုလုပ်ပေးတဲ့ သတင်းဌာန/အဖွဲ့ အစည်းတွေရဲ့ Chat Box ကနေ သွားရောက်မေးမြန်းကြဖို့ တိုက်တွန်းလိုပါတယ်။Myanmar Fact-checking Network အဖွဲ့ဝင်ဖြစ်တဲ့ DNA Fact Check ကို ဒီနေရာ (dnafactcheck@gmail.com)က ဝင်ရောက်ဆက်သွယ်ပြီး အချက်အလက်စစ်ဆေးပေးဖို့ မေးမြန်းနိုင်ပါတယ်။Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
Web – https://myanmarfactcheckingnetwork.org/
Fb – https://www.facebook.com/myanmarfactcheckingnetwork