နို၀င်ဘာ ၂၀ – Arakan Express News/ The Red Flag
ရခိုင်ပြည်၊ ဂွနဲ့ တောင်ကုတ်မြို့ကို စစ်တပ်က လေကြောင်းကနေ တိုက်ခိုက်ခဲ့တာကြောင့် အေအေစစ်သည် (၁၁) ဦး သေဆုံးပြီး အများအပြားဒဏ်ရာရရှိတယ်လို့ နို၀င်ဘာ ၁၅ ရက်နေ့မှာ စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေက သတင်းအမှားဖြန့်ခဲ့ကြပါတယ်။
Subscriber ၃၂,၃၀၀ ကျော်ရှိတဲ့ နေပြည်တော် အမည်ရှိ တယ်လီဂရမ်ချန်နယ်ဟာ “ဂွနှင့် တောင်ကုတ် လေကြောင်းဗုံးကြဲ၍ အီအီ၁၁ဦးသေဆုံးပြီး အများအပြားဒဏ်ရာရ” ဆိုပြီး ဝါဒဖြန့်ချိရေးသားခဲ့ပါတယ်။
နေပြည်တော် တယ်လီဂရမ်ချန်နယ်ရဲ့ အဲ့ဒီဖော်ပြချက်ဟာ နို၀င်ဘာလ ၁၈ ရက် ညနေပိုင်းအထိ ကြည့်ရှုသူ ၁၆,၉၀၀ ကျော်၊ like and react လုပ်သူ ၈၉ ကျော်ရှိပါတယ်။
သတင်းအမှားလင့်ခ် https://archive.ph/fqw5M
တယ်လီဂရမ်ချန်နယ်မှာ ပျံ့နှံ့နေတဲ့ အဆိုပါသတင်းအကြောင်းအရာနဲ့ ပတ်သက်ပြီး Myanmar Fact- Checking Network ရဲ့ အဖွဲ့ဝင်ဖြစ်တဲ့ Arakan Express News က အချက်အလက်စစ်ဆေးခဲ့ရာ သတင်းအမှားဖြစ်ကြောင်း စိစစ်ဖော်ထုတ်နိုင်ခဲ့ပါတယ်။
သတင်းအမှားဖြစ်ကြောင်းသက်သေပြစိစစ်ချက်
ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေမှာဖော်ပြထားတဲ့ ဓာတ်ပုံတွေဟာ အမှန်တကယ် အေအေစစ်သည်တွေ သေဆုံးခြင်း ဟုတ်၊ မဟုတ် ရှာဖွေကြည့်ရာမှာ သတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်း အဆင့်ဆင့် စိစစ်အတည်ပြု ရေးသားနေတဲ့ သတင်းဌာနတွေက အရပ်သားတွေ ဗုံးထိမှန်ပြီး သေဆုံးတာ ဖြစ်ကြောင်း သတင်းရေးသားဖော်ပြထားတာ တွေ့ရပါတယ်။
ရခိုင်ဒေသတွင်း သတင်းဌာနတွေနဲ့ လွတ်လပ်တဲ့ သတင်းဌာနတွေရဲ့ ဖော်ပြချက်အရ တောင်ကုတ် ခမရ(၃၄၆) နဲ့ ကပ်လျက်တည်ရှိတဲ့ ဂျိုင်ကောက်ရွာကို စစ်ကောင်စီက နိုဝင်ဘာလ၁၄ ရက်၊ ညဥ့် ၃ နာရီမှာ လေကြောင်းကနေ ဗုံးကြဲခဲ့တဲ့အတွက် မိန်းကလေးငယ်နှစ်ဦးအပါအဝင် ခုနစ်ဦးသေဆုံးပြီး ငါးဦးဒဏ်ရာရရှိခဲ့ရတယ်လို့ သိရပါတယ်။
“ဂွမြို့နယ်အတွင်းက ဂျိုင်ကောက်ကျေးရွာကို ဒီရက်ပိုင်းအတွင်းမှာပဲ စစ်ကောင်စီ လေကြောင်းက ဗုံးကြဲခဲ့ တာကြောင့် ကလေးနှစ်ဦးအပါအဝင် အရပ်သား (၇) ဦးထက် မနည်း သေဆုံးပြီး (၅) ဦးထက်မနည်း ဒဏ်ရာရရှိခဲ့တယ်” လို့ ဒေသခံတဦးက ဗွီအိုအေသတင်းဌာနကို အတည်ပြုပြောပါတယ်။
မူရင်းသတင်းလင့်ခ် – https://www.facebook.com/share/p/1DZwKRe9Wh/
” ၉ နှစ်နဲ့ ၁၄ နှစ်ကလေး နှစ်ယောက်လည်းဆုံးတယ်။ အသက်ကြီးပိုင်း အမျိုးသမီးတစ်ဦးလည်း ဆုံးတယ်။ ဒဏ်ရသူတွေကတော့ အများကြီးပဲ။ ဂျိုင်ကောက်ရွာထဲမှာ အေအေရှိတယ် အထင်နဲ့ ပစ်တာလေ” လို့ ဒေသခံတစ်ဦးရဲ့ ပြောကြားချက်ကို နိရဉ္စရာ သတင်းဌာနက ဖော်ပြထားပါတယ်။
မူရင်းသတင်းလင့်ခ် – https://www.facebook.com/share/p/1JzrLEEUNQ/
“သေဆုံးသူများမှာ ဂျိုင်ကောက်ရွာမှ အသက် ၉ နှစ်အရွယ် မသဲသဲ အသက် ၁၅ နှစ်အရွယ် မယွန်းရတီလှိုင်၊ အသက် ၂၈ နှစ်အရွယ် ကိုရီချမ်း၊ အသက် ၅၄ နှစ်အရွယ် ဦးဘမ်ဒို၊ ဦးမိုးညို၊ အသက် ၆၀ အရွယ် ဒေါ်ခင်သက်မူ၊ အသက် ၆၅ နှစ်အရွယ် ဦးဆန်းလှိုင် တို့ဖြစ်ကြတယ်” လို့ Western News က ရေးသားထားပါတယ်။
မူရင်းသတင်းလင့်ခ် – https://www.facebook.com/share/p/1CiHNLJEHE/
သုံးသပ်ချက်
ရခိုင်ဒေသတွင်း သတင်းဌာနတွေရဲ့ ဖော်ပြချက်အရ စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား မိန်းကလေးငယ်နှစ်ဦးအပါအဝင် ခုနစ်ဦးသေဆုံးပြီး ငါးဦးဒဏ်ရာရရှိခဲ့တဲ့အပြင် လူနေအိမ်များစွာ မီးလောင်ကျွမ်းသွားခဲ့ကြောင်း ဖော်ပြထားပါတယ်။ ဖြန့်ချိရာမှာ ပါဝင်တဲ့ ဓာတ်ပုံတွေအရ သေဆုံးသူတွေဟာ အေအေစစ်သည်တွေနဲ့မတူဘဲ အရပ်သား ၀တ်စုံတွေနဲ့သာ တွေ့ရပြီး လက်နက်မတွေ့ရှိတာ ၊ စစ်သည်ဝတ်စုံတွေ ဝတ်ဆင်ထားခြင်း မရှိတာကို တွေ့ရှိရပြီး အမျိုးသမီးတွေပါ ပါဝင်နေတာကို တွေ့ရှိရပါတယ်။ ဒါကြောင့် ဂွနဲ့ တောင်ကုတ်မြို့ကို စစ်တပ်က လေကြောင်းကနေ တိုက်ခိုက်ခဲ့တာကြောင့် အေအေစစ်သည် (၁၁) ဦး သေဆုံးတယ် ဆိုတဲ့ အကြောင်းအရာဟာ သတင်းအမှားသာ ဖြစ်ပါတယ်။
ဒါ့အပြင် နိုဝင်ဘာ ၁၃ ရက်က ဂွမြို့နယ်၊ ဂျိုင်ကောက်ကျေးရွာအတွင်း စစ်ကောင်စီရဲ့ လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲခဲ့ပြီး ဒေသခံတစ်ဦးသေဆုံးကာ အမျိုးသမီးငယ်တစ်ဦး ဒဏ်ရာရရှိခဲ့တဲ့အပြင် တောင်ကုတ်မြို့နယ် ရန်ခိုကျေးရွာကိုလည်း နိုဝင်ဘာလ ၁၄ ရက် နံနက် ၃ နာရီအချိန်ခန့်က စစ်ကောင်စီမှ လေကြောင်းကနေ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်မှုတို့ပြုလုပ်ခဲ့တာကြောင့် အရပ်သား ၄ ဦးထက်မနည်း သေဆုံးသွားခဲ့ရပါတယ်။
ဒေသတွင်း သတင်းအချက်အလက် ကောက်ယူတဲ့ သတင်းဌာနတွေက ပြုစုထားတဲ့ စာရင်းတွေအရ စစ်ကောင်စီဟာ စစ်ရေးနဲ့ မသက်ဆိုင်တဲ့ အရပ်သားတွေ နေထိုင်ရာ နေရာတွေကို လေကြောင်းရော မြေပြင်ကပါ လက်နက်ကြီးတွေနဲ့ ရည်ရွယ်ချက်ရှိရှိတိုက်ခိုက်မှုတွေကြောင့် ရခိုင်ပြည်တိုက်ပွဲ တစ်နှစ်တာကာလအတွင်း သေဆုံးသူတွေအပါအ၀င် ဒဏ်ရာရရှိသူ အရပ်သား ၁,၆၀၀ ကျော် ရှိကြောင်း သိရပါတယ်။
စစ်ကောင်စီအနေနဲ့ နိုင်ငံအနှံ့ ဖြစ်ပွားနေတဲ့ စစ်မျက်နှာအဘက်ဘက်မှာ ဆိုးရွားစွာ စစ်ရေးရှုံးနိမ့်နေရတဲ့ အခြေအနေတွေနဲ့ ရခိုင်ဒေသအတွင်းက စစ်ရာဇ၀တ်မှု ကျူးလွန်နေတဲ့ အခြေအနေအမှန်တွေကို သတင်းအမှားတွေနဲ့ ဖုံးလွှမ်းချင်တာကြောင့် စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေက သတင်းတု၊ သတင်းမှားတွေ ဖန်တီးကာ သတင်းအမှောင်ချဖို့ ဝါဒဖြန့်ချိရေးသားနေတာပဲ ဖြစ်ပါတယ်။
ဒါကြောင့် အခုလို သတင်းအမှားတွေ၊ စစ်ဆေးပေးစေလိုတဲ့ သံသယဖြစ်ဖွယ်ရာ သတင်းအချက်အလက်တွေ ရှိလာရင် Myanmar Fact Checking Network အဖွဲ့ဝင်တွေဖြစ်တဲ့ Myanmar Pressphoto Agency နဲ့ Arakan Express News ရဲ့ မက်ဆင်ဂျာကနေတစ်ဆင့် ဆက်သွယ်ပြီး အချက်အလက်စစ်ဆေးပေးဖို့ အကူအညီတောင်းနိုင်ပါတယ်။
Myanmar Fact-Checking Network အဖွဲ့ဝင်တွေရဲ့ အချက်အလက် စစ်ဆေးထားတဲ့ သတင်းတွေကိုလည်း အောက်မှာ ဖော်ပြထားတဲ့ လင့်တွေမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
ဝက်ဘ်ဆိုဒ်လင့် – https://myanmarfactcheckingnetwork.org/
Facebook လင့် – https://www.facebook.com/myanmarfactcheckingnetwork