နို၀င်ဘာ ၁၄ – Myanmar Pressphoto Agency/ Arakan Express News/ The Red Flag
ရခိုင်ပြည်၊ အမ်းမြို့ကိုလာတဲ့ စစ်တပ်ရဟတ်ယာဉ်ကို အေအေက ပစ်ခတ်ခဲ့တဲ့သတင်းဟာ မမှန်ကန်ဘဲ ဖြစ်စဉ်ပင်မရှိခဲ့တဲ့ အပြင် မီဒီယာတွေက လိမ်လည်သတင်းတင်ဆက်နေတယ်ဆိုပြီး နို၀င်ဘာ ၁၂ ရက်နေ့က စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေက သတင်းအမှားဖြန့်ခဲ့ကြပါတယ်။
Subscriber ၁၃,၇၀၀ ကျော်ရှိတဲ့ Ko Thet အမည်ရှိ တယ်လီဂရမ်ချန်နယ်ဟာ
အမ်းမှာ အမ်အိုင် ၁၈ ရဟတ်ယာဉ်ကို အေအေ ပစ်ချခဲ့တယ်ဆိုတာဟာ ဘယ်တုန်းကမှ မရှိခဲ့တဲ့ ဖြစ်စဉ်ကို ဖြတ်ညှပ်ကတ် လုပ်ထားတာဆိုပြီး
ဝါဒဖြန့်ချိရေးသားခဲ့ပါတယ်။
Ko Thet တယ်လီဂရမ်ချန်နယ်ရဲ့ အဲ့ဒီဖော်ပြချက်ဟာ နို၀င်ဘာလ ၁၄ရက် ညနေပိုင်းအထိ ကြည့်ရှုသူ ၂၈,၀၀၀ ကျော်၊ like and react လုပ်သူ ၅၀၀ ကျော်ရှိပါတယ်။
သတင်းအမှားလင့်ခ် https://archive.ph/Vctic
တယ်လီဂရမ်ချန်နယ်မှာ ပျံ့နှံ့နေတဲ့ အဆိုပါသတင်းအကြောင်းအရာနဲ့ ပတ်သက်ပြီး Myanmar Fact- Checking Network ရဲ့ အဖွဲ့ဝင်ဖြစ်တဲ့ Myanmar Pressphoto Agency နဲ့ Arakan Express News က အချက်အလက်စစ်ဆေးခဲ့ရာ သတင်းအမှားဖြစ်ကြောင်း စိစစ်ဖော်ထုတ်နိုင်ခဲ့ပါတယ်။
သတင်းအမှားဖြစ်ကြောင်းသက်သေပြစိစစ်ချက်
ရဟတ်ယာဉ် ပစ်ခတ်ခံရမှု ရှိ မရှိ သိရှိရန် Google မှာ “အမ်းတွင် ရဟတ်ယာဉ် ပစ်ချခံရ”ဆိုတဲ့ စာသားနဲ့ ရှာဖွေကြည့်ရာ သတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်း အဆင့်ဆင့် အတည်ပြု ရေးသားနေတဲ့ သတင်းဌာနတွေက သတင်းရေးသားဖော်ပြထားတာတွေ့ရပါတယ်။
ရခိုင်ဒေသတွင်း သတင်းဌာနတွေနဲ့ လွတ်လပ်တဲ့ သတင်းဌာနတွေရဲ့ ဖော်ပြချက်အရ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ)တည်ရှိရာ ရခိုင်ပြည်၊ အမ်းမြို့ကို စစ်အင်အား လာရောက် ဖြည့်တင်းတဲ့ စစ်ရဟတ်ယာဉ်တစ်စီးကို အေအေက ပစ်ခတ်လိုက်ရာမှာ ထိမှန်ခဲ့ရာ မီးခိုးတန်းလန်းနဲ့ ဆက်လက် ပျံသွားခဲ့ပြီး မကွေးတိုင်းအတွင်း အရေးပေါ် ဆင်းသက်ခဲ့ရတယ်လို့ သိရပါတယ်။
“ ကျွန်တော်တို့ဘက်က ၄ စီးစလုံးကို လိုက်ပစ်တာ ၁ စီးက အမြီးပိုင်းကို ထိသွားပါတယ်။ ဒါပေမယ့် အဲဒီ ထိသွားတဲ့ ရဟတ်ယာဉ်ဟာ အဲဒီနေရာမှာ ထိုးကျပျက်စီးသွားတာမျိုး မဟုတ်ဘဲ သူတို့ စစ်ကောင်စီ ထိန်းချုပ်ထားတဲ့နေရာအထိရောက်အောင် သူတို့ ကြိုးစားထိန်းမောင်းပြီးမှ သတ်မှတ်နေရာကို မရောက်ဘဲ အဆင်ပြေတဲ့တစ်နေရာမှာ ဆင်းသက်သွားတယ်လို့ ကျွန်တော်တို့ သိရပါတယ်”လို့ အေအေရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခရဲ့ ပြောကြားချက်ကို Myanmar Now က ဖော်ပြထားပါတယ်။
မူရင်းသတင်းလင့်ခ် – https://myanmar-now.org/mm/news/59088/
“နိုဝင်ဘာ ၁ဝ ရက်နေ့က ပစ်တာ၊ အဲဒါ အတည်ပြုလို့ရတယ်။ ဘာဖြစ်လို့အတည်ပြုလို့ရလဲဆိုတော့ စစ်ရဟတ်ယာဉ်ကမနေ့က လာခဲ့တယ်။ အဲဒီမှာ ၄ စီးရောက်တယ်။ အဲဒီမှာ ပထမဆုံး ဆင်းတဲ့တစီးကို ပြန်တက်တဲ့အချိန်မှာ အာရက္ခတပ်တော်က ပစ်လိုက်တာ။ ပစ်တဲ့အခါ ဘယ်နေရာကို သွားထိလဲ ဆိုတော့ တောင်ပံကိုထိတာ။ အဲဒီမှာလေယာဉ်ကပြေးပေါက်ရှာပြီးတော့ တောင်ပေါ်ဘက်ကိုထိုး တတ်တာ။ ဒါပေမယ့်လည်း ပန်ကာပျက်ပြီးတော့ အောက်ကို ထိုးဆင်းသွားတယ်။ အဲဒါ အတည်ပြုလို့ ရတယ်။ နောက်တချက်က သူတို့ အတည်ပြုနိုင်တာက သေချာတဲ့မြင်ကွင်းတခုပေါ်မှာလေယာဉ်ကျသွားလို့ အတည်ပြုနိုင်တာပါ”လို့ ရခိုင်စစ်ရေး စောင့်ကြည့်နေသူတဦးက ဗွီအိုအေကို ပြောပါတယ်။
မူရင်းသတင်းလင့်ခ် – https://burmese.voanews.com/a/rakhine-fighting-aa-info-desk-military-fighter-jet-shot-down-in-rakhine/7859634.html
“မီးခိုးတန်းလန်းနဲ့ပျံတက်နေပြီးတော့ဒရုန်းလောက်မှ အလျင်အမြန်မပျံသန်းနိုင်ဘဲ ဖြေးဖြေးချင်းပျံတက်သွားတယ်လို့သိလိုက်တယ်။ အဲဒီလေယာဥ်ဟာ ပျက်ကျသွားလားဆိုတာတော့ မသိရသေးဘူး။ ဒီသတင်းကတော့မှန်ပါတယ်။ ကျနော်တို့ မြေပြင်မှာရှိတဲ့တော်လှန်ရေးအဖွဲ့တွေနဲ့အဆက်အသွယ်လုပ်တဲ့အခါ အတည်ပြုခဲ့တာပါ” လို့ စစ်ရေးအရင်းအမြစ်တစ်ဦးရဲ့ ပြောကြားချက်ကို နိရဉ္စရာ သတင်းဌာနက ရေးသားထားပါတယ်။
မူရင်းသတင်းလင့်ခ် – https://www.facebook.com/share/p/15jQHZGrvS/
သုံးသပ်ချက်
ရခိုင်ဒေသတွင်း သတင်းဌာနတွေရဲ့ ဖော်ပြချက်အရ လက်ရှိမှာတော့ အာရက္ခတပ်တော် အေအေ အနေနဲ့ အမ်းမြို့နယ်က စစ်ကောင်စီတပ်စခန်း တော်တော် များများကိုသိမ်းပိုက်ထားနိုင်ပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ထိုးစစ်ဆင်တိုက်ခိုက်နေတာလည်းဖြစ်ပါတယ်။ စစ်ကောင်စီဘက်ကတော့ လေကြောင်းကနေ အပြင်းထန်ခုခံနေတယ်လို့ သိရပါတယ်။
အမ်းမြို့နယ်မှာရှိတဲ့ လေယာဉ်ကွင်းကို အာရက္ခတပ်တော် အေအေဘက်က ထိန်းချုပ်ထားတာကြောင့် စစ်ကောာင်စီရဟတ်ယာဉ်တွေဟာ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်အတွင်းမှာရှိတဲ့ ဘောလုံးကွင်းမှာ ဆင်းပြီးတော့ လူအင်အားလက်နက်အင်အားတွေ လာရောက်ချပေးပြီး ပြန်အတက်မှာ အေအေဘက်က ပစ်ချနိုင်ခဲ့တာဖြစ်တယ်လို့ ဒေသတွင်း သတင်းဌာနတွေမှာ စစ်ရေးသတင်းအရင်းအမြစ်တွေက ပြောဆိုထားကြပါတယ်။
ဒါကြောင့် ရခိုင်ပြည်၊ အမ်းမြို့ကိုလာတဲ့ စစ်တပ်ရဟတ်ယာဉ်ကို အေအေက ပစ်ခတ်ခဲ့တဲ့သတင်းဟာ မမှန်ကန်ဘဲ ဖြစ်စဉ်ပင်မရှိခဲ့တဲ့ အပြင် မီဒီယာတွေက လိမ်လည်သတင်းတင်ဆက်နေတယ် ဆိုတဲ့ အကြောင်းအရာဟာ သတင်းအမှားသာ ဖြစ်ပါတယ်။
၂၀၂၁ခုနှစ်၊ အာဏာသိမ်းပြီးနောက်ပိုင်းကစ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလအထိ ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF)၊ ကရင်အမျိုးသားအစည်းအရုံး (KNU) တို့ရဲ့ ပစ်ခတ်မှုတွေကြောင့် စစ်ကောင်စီ လေတပ်ပိုင် တိုက်လေယာဥ်နဲ့ စစ်ရဟတ်ယာဥ် ငါးစီးအထိ ပျက်ကျမှု ရှိခဲ့တယ်လို့ မှတ်တမ်းတွေအရ သိရပါတယ်။
KIA ဌာနချုပ်ရှိတဲ့ ကချင်ပြည်နယ် လိုင်ဇာမြို့အနီးမှာ ဇန်နဝါရီ ၃ ရက်နေ့က စစ်ရဟတ်ယာဉ်တစ်စီးကို ပစ်ခတ်ခဲ့ရာ ပျက်ကျခဲ့သလို ဇန်နဝါရီ ၁၆ ရက်နေ့မှာလည်း ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာကို ဗုံးလာကြဲတဲ့ လေယာဉ်တစ်စီးကို KIA က ပစ်ချခဲ့ပါတယ်။
စစ်ကောင်စီအနေနဲ့ နိုင်ငံအနှံ့ ဖြစ်ပွားနေတဲ့ စစ်မျက်နှာအဘက်ဘက်မှာ ဆိုးရွားစွာ စစ်ရေးရှုံးနိမ့်နေရတဲ့ အခြေအနေတွေကြားမှာ ရခိုင်ဒေသအတွင်းက စစ်ရေးအခြေအနေအမှန်တွေကို ဖုံးလွှမ်းချင်တာကြောင့် စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေက သတင်းတု၊ သတင်းမှားတွေ ဖန်တီးကာ သတင်းအမှောင်ချဖို့ ဝါဒဖြန့်ချိရေးသားနေတာပဲ ဖြစ်ပါတယ်။
ဒါကြောင့် အခုလို သတင်းအမှားတွေ၊ စစ်ဆေးပေးစေလိုတဲ့ သံသယဖြစ်ဖွယ်ရာ သတင်းအချက်အလက်တွေ ရှိလာရင် Myanmar Fact Checking Network အဖွဲ့ဝင်တွေဖြစ်တဲ့ Myanmar Pressphoto Agency နဲ့ Arakan Express News ရဲ့ မက်ဆင်ဂျာကနေတစ်ဆင့် ဆက်သွယ်ပြီး အချက်အလက်စစ်ဆေးပေးဖို့ အကူအညီတောင်းနိုင်ပါတယ်။
Myanmar Fact-Checking Network အဖွဲ့ဝင်တွေရဲ့ အချက်အလက် စစ်ဆေးထားတဲ့ သတင်းတွေကိုလည်း အောက်မှာ ဖော်ပြထားတဲ့ လင့်တွေမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
ဝက်ဘ်ဆိုဒ်လင့် – https://myanmarfactcheckingnetwork.org/
Facebook လင့် – https://www.facebook.com/myanmarfactcheckingnetwork