၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၆ ရက်
(Fact Check)- Delta News Agency/ The Red Flag
ကိုးကန့် MNDAA တပ်ဖွဲ့ဝင်တွေက သီပေါမြို့မှာ လူမရှိတဲ့နေအိမ်တွေက ပြည်သူပိုင်ပစ္စည်းတွေကို ခိုးယူ နေတယ်ဆိုပြီး လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားဖြန့်ဝေနေတာကို တွေ့ရှိရပါတယ်။
စစ်ကောင်စီလော်ဘီ မှိုင်းဝေ တယ်လီဂရန်ချန်နယ်ကနေ အောက်တိုဘာ ၃၁ ရက်မှာ Khin Thandar Facebook အကောင့်က ရေးထားတဲ့ “သီပေါတံတား ဒီဘက်ခြမ်းက လူမရှိတဲ့အိမ်တွေကို ကိုးကန့်တွေ ဝင်နေပြီး လိုချင်တဲ့ပစ္စည်းတွေယူတယ်ဆိုတဲ့ သတင်းလေး ဟုတ် မဟုတ်အတည်ပြုပေးပါ ကိုယ်တွေက အဝေးတနေရာ စစ်ရှောင်နေရလို့ သူများပြောပြလို့သိချင်တာအဲ့သတင်းကို” စာသားပါ Screen Shot နဲ့အတူ “ MNDAA အကြမ်းဖက်ကိုးကန့် မိစ္ဆာကောင်တွေက ပြည်သူပိုင်ပစ္စည်းတွေကို ခိုးယူနေ” ဆိုတဲ့ စာသားရေးသားဖြန့်ဝေခဲ့တာကို တွေ့ရပါတယ်။
အဲဒီဖြန့်ဝေရေးသားချက်ကို ကြည့်ရှုသူပေါင်း ၄၉,၀၈၄ ဦးအထိရှိခဲ့တဲ့အပြင် တခြား လော်ဘီတယ်လီဂရန် ချန်နယ်တွေဖြစ်တဲ့ Ko Chit(MDY) , Lashio Thar, MDY image စတဲ့ ချန်နယ်တွေကနေ ထပ်ဆင့်မျှဝေ ထားတာလို့ ပျံ့နှံ့နေတာကို တွေ့ရပါတယ်။
အဲဒီသတင်းနဲ့ပတ်သက်လို့ Myanmar Fact-checking Network အဖွဲ့ဝင်ဖြစ်တဲ့ Delta News Agency Fact Check Team က စစ်ဆေးကြည့်တဲ့အခါ သီပေါမြို့ကို TNLA တအာင်းတပ်က အောက်တိုဘာ ၁၃ ရက်ကစလို့ အလုံးစုံသိမ်းပိုက်ရရှိပြီး အုပ်ချုပ်နေတာဖြစ်တဲ့အပြင် စစ်ရှောင်ပြည်သူတဦးက Comment မှာသိချင်လို့ မေးမြန်းခဲ့တာကိုရယူပြီး လိမ်လည်ရေးသားထားတဲ့ သတင်းမှားဆိုတာကို စိစစ်သိရှိရပါတယ်။
☑️ သတင်းစိစစ်ချက်
ရှမ်းပြည်နယ်ဒေသတွင်း သတင်းဌာနတခုဖြစ်တဲ့ ရွှေဖီမြေသတင်းဌာနရဲ့ ရွှေဖီမြေ (Fact Check) ကနေ အောက်တိုဘာ ၃၀ ရက်မှာ “ တအာင်းတပ်မတော်- PSLF/TNLA တိုက်ခိုက်သိမ်းပိုက်ပြီး ထိန်းချုပ်နေတဲ့ သီပေါမြို့ကဒေသခံတွေ အောက်တိုဘာလကုန်အထိ နေရပ်ပြန်မလာရင် နေအိမ်ချိတ်ပိတ်မယ်ဆိုတာ သတင်းအမှား”ဆိုပြီး Fact Check Post ရေးသားထားတာကို ဖတ်ရှုနိုင်ပါတယ်။
ရွှေဖီမြေရဲ့ Fact Check Post မှာ သီပေါက စစ်ရှောင်တဦးဖြစ်တဲ့ Khin Thandar Facebook အကောင့် ပိုင်ရှင်က “သီပေါတံတား ဒီဘက်ခြမ်းက လူမရှိတဲ့အိမ်တွေကို ကိုးကန့်တွေဝင်နေပြီး လိုချင်တဲ့ ပစ္စည်းတွေ ယူတယ်ဆိုတဲ့သတင်းလေး ဟုတ်မဟုတ်အတည်ပြုပေးပါ ကိုယ်တွေက အဝေးတနေရာ စစ်ရှောင်နေရလို့ သူများပြောပြလို့သိချင်တာ အဲ့သတင်းကို” ဆိုပြီး Comment ရေးသားကာ ရွှေဖီမြေကို သတင်းအတည် ပြုပေးဖို့ မေးမြန်းထားတာကို တွေ့ရှိရပါတယ်။
အဲဒီ Comment ကို Screen Shot ရယူပြီး ကိုးကန့် MNDAA က သီပေါမှာ ပြည်သူပိုင်ပစ္စည်းခိုးယူနေ တယ်ဆိုလို့ ရေးသားဝါဒဖြန့်ထားတာဖြစ်ပြီး Khin Thandar Facebook အကောင့် ပိုင်ရှင်ကို DNA Fact Check က မေးမြန်းဖို့ ဆက်သွယ်ခဲ့ရာမှာ အဆက်အသွယ် မရရှိခဲ့ပါဘူး။
ဒါအပြင် ဒေသတွင်းသတင်းဌာနဖြစ်တဲ့ သျှမ်းသံတော်ဆင့်က အောက်တိုဘာ ၃၁ ရက်မှာ “ သီပေါမြို့နယ် မှာတိုက်ပွဲတွေငြိမ်သက်နေပေမဲ့ စစ်ကောင်စီက လေကြောင်းဗုံးကြဲနေတဲ့အတွက် ဒေသခံတွေ နေရပ်မပြန် ရဲသေးတဲ့အပြင် မြို့အတွင်းသူခိုးတွေ သောင်းကျန်းလာပြီး ပြည်သူနေအိမ်တွေက ပစ္စည်းဖောက်ထွင်း ခိုးယူခံနေရတယ်လို့ ရေးသားထားတာကို ဖတ်ရှုနိုင်ပါတယ်။
သီပေါမြို့က ပြည်သူတွေအနေနဲ့ စစ်ကောင်စီရဲ့ လေယာဉ်နဲ့ဗုံးကြဲနေလို့ စစ်ရှောင်စခန်းတွေမှာ နေထိုင်ရကာ သီပေါမြို့မှာလဲ လုံခြုံရေးကင်းမဲ့တဲ့အတွက် သူခိုးတွေက နေအိမ်တွေမှာ ပစ္စည်းတွေ ခိုးယူခံရမှုတွေ ရှိနေတယ်လို့ သျှမ်းသံတော်ဆင့် က အောက်တိုဘာ ၂၅ ရက်မှာ ရေးထားတာကို ဖတ်ရှုနိုင်ပါတယ်။
☑️သုံးသပ်ချက်
သီပေါမြို့ကို TNLA တအာင်းတပ်က အောက်တိုဘာ ၁၃ ရက်ကစလို့ အလုံးစုံသိမ်းပိုက်ရရှိပြီး အုပ်ချုပ်နေ တာဖြစ်ပြီး MNDAA နေထိုင်တပ်စွဲတဲ့နေရာဒေသလဲ မဟုတ်လို့ ကိုးကန့် MNDAA က သီပေါမှာ ဒေသခံ တွေရဲ့ ပစ္စည်းတွေ ခိုးယူနေတယ်ဆိုတာ သတင်းမှားသာဖြစ်ပါတယ်။
လွတ်လပ်တဲ့သတင်းဌာနတွေမှာ MNDAA က သီပေါမှာ ပြည်သူပိုင်ပစ္စည်းတွေကို ခိုးယူနေတယ်လို့ ဖော်ပြ ရေးသားထားတာ မရှိဘဲ ဒေသတွင်းသတင်းဌာနတွေမှာတော့ သီပေါမြို့မှာ တိုက်ပွဲမရှိပေမဲ့ လေယာဉ်နဲ့ဗုံး ကြဲနေလို့ ဒေသခံတွေနေရပ်ကို မပြန်နိုင်တဲ့အတွက် သူခိုးတွေ အိမ်ဖောက်ထွင်းခိုးယူခံနေရတယ်လို့ ရေးသားထားတာ တွေရပါတယ်။
ရွှေဖီမြေသတင်းဌာနရဲ့ Fact Check Post မှာ သီပေါမြို့နေ စစ်ရှောင်တဦးက Comment ကနေ မိမိပစ္စည်း နေအိမ်နဲ့ပတ်သက်လို့ သိလိုတဲ့ဟာကို မေးမြန်းအတည်ပြုပေးဖို့ တောင်းဆိုရေးသားချက်ကို ScreenShot ပြုလုပ်ဖန်တီးပြီး MNDAA က သီပေါမှာ ပြည်သူပိုင်ပစ္စည်းတွေကို ခိုးယူနေတယ်လို့ အထင်မှားအောင် လုပ်ကြံဝါဒဖြန့်ရေးသားထားတာ ဖြစ်ပါတယ်။
ဒီကနေ့ခေတ်ဟာ ဆိုရှယ်မီဒီယာခေတ်ဖြစ်တဲ့အတွက် အဲဒီဆိုရှယ်မီဒီယာတွေပေါ်မှာ အကြောင်းအရာ တခုခုကို ပုံဖျက်ဖို့၊ ဝါဒဖြန့်ဖို့၊ ကိုယ်ကျိုးရှာဖို့ ရည်ရွယ်ပြီး သတင်းအတု၊ သတင်းအမှားတွေကို ရည်ရွယ် ချက်ရှိရှိ ဖြန့်ဝေနေကြတာကြောင့် အလွယ်တကူ မယုံကြည်ဖို့၊ ပြန်ပြီး မမျှဝေကြဖို့ အကြံပြုလိုပါတယ်။
စာဖတ်သူတွေအနေနဲ့ သတင်းတု/သတင်းမှား ဖြစ်တယ်လို့ သံသယရှိရင်ပဲဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ်၊ မဟုတ်အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ်၊ Fact Checking ပြုလုပ်ပေးတဲ့ သတင်းဌာန/အဖွဲ့ အစည်းတွေရဲ့ Chat Box ကနေ သွားရောက်မေးမြန်းကြဖို့ တိုက်တွန်းလိုပါတယ်။
Myanmar Fact-checking Network အဖွဲ့ဝင်ဖြစ်တဲ့ DNA Fact Check ကို ဒီနေရာ (dnafactcheck@ gmail.com)က ဝင်ရောက်ဆက်သွယ်ပြီး အချက်အလက်စစ်ဆေးပေးဖို့ မေးမြန်းနိုင်ပါတယ်။
Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။