4 Nov 2024 by Wadi / Myanmar Pressphoto Agency + The Red Flag
ရခိုင်ပြည်နယ်၊ အမ်းမြို့မှာ စစ်ကောင်စီရဲ့ M-17 ရဟတ်ယာဉ်တစ်စင်း ပစ်ချခံရတယ်ဆိုတဲ့ ရုပ်သံဖိုင်တစ်ခု ပြီးခဲ့တဲ့ အောက်တိုဘာ ၃၁ ရက်နေ့က ဖေ့စ်ဘွတ်စ်ပေါ်မှာ ပျံ့နှံ့ခဲ့ပါတယ်။
Kyaw Sett ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်က အောက်တိုဘာ ၃၁ ရက် မနက်ပိုင်းမှာ စစ်ကောင်စီ ရဟတ် ယာဉ်တစ်စင်း တိုက်ခိုက်ခံရမှု ရုပ်သံနဲ့အတူ အကင်ခံလိုက်ရပြီ ဆိုတဲ့ စာသားနဲ့ ဖြန့်ဝေခဲ့ပါတယ်။ ရုပ်သံဖိုင်ထဲတွင် စစ်ကောင်စီတပ်သားတွေ ရဟတ်ယာဉ် ရှိရာဆီ ပြေးသွားကြတဲ့ အချိန်မှာ ဗုံးပေါက်ကွဲသွားတာကို တွေ့ရပါတယ်။
ဒီရုပ်သံဖိုင်ဟာ နိုဝင်ဘာ ၄ ရက်နေ့မှာ ကြည့်ရှုသူ နှစ်သန်းကျော်၊ Reaction ပေးသူ လေးသောင်းကျော် နဲ့ မှတ်ချက်ရေးသားသူ ၉၀၀ ကျော် ရှိခဲ့ပါတယ်။
နေရာဒေသ ဖော်ပြထားမှုမရှိတဲ့ ဒီရုပ်သံဖိုင်ကို အမ်းမြို့မှာ ဖြစ်ခဲ့တဲ့ ဖြစ်စဉ်ဆိုပြီး အခြား ဖေ့စ်ဘွတ်အကောင့်တွေက မျှဝေခဲ့တာလို့ ရုပ်သံဖိုင်ဟာ ပျံ့နှံ့မှု များပြားခဲ့ပါတယ်။
ဒီရုပ်သံဖိုင်ကို Myanmar Fact Checking Network ရဲ့ အဖွဲ့ဝင်ဖြစ်တဲ့ MPA Fact Check Team က စစ်ဆေးကြည့်တဲ့အခါ ရုပ်သံဖိုင်အဟောင်းဆိုတာကို စစ်ဆေးတွေ့ရှိရပါတယ်။
ပျံ့နှံ့နေတဲ့ ရုပ်သံဖိုင်ကို စစ်ဆေးကြည်တဲ့အခါ စစ်ကိုင်းတိုင်း ပင်လယ်ဘူးမြို့မှာ ရဟတ်ယာဉ်ကို တော်လှန်ရေးအင်အားစုတွေ တိုက်ခိုက်ခဲ့တဲ့ ရုပ်သံဖိုင်အဟောင်း ဖြစ်တယ်ဆိုတာ စစ်ဆေးတွေ့ရှိရပါတယ်။
ဒီရုပ်သံဖိုင်ဟာ လွန်ခဲ့တဲ့ ဩဂုတ် ၉ ရက်နေ့က အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ ရုပ်သံဖိုင်နဲ့ နေရာအခင်းအကျင်း၊ လှုပ်ရှားပုံတွေ တူညီနေတာကို တွေ့ရပါတယ်။ NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ ရုပ်သံမှာ ဇူလိုင် ၆ ရက်နေ့က စစ်ကိုင်းတိုင်း ၊ ပင်လယ်ဘူးမြို့မှာ စစ်တပ်ရဲ့ ထောက်ပို့ရဟတ်ယာဉ်ကို တော်လှန်ရေးတပ်ဖွဲ့တွေက ဒရုန်းနဲ့ တိုက်ခိုက်နိုင်ခဲ့တယ်ဆိုပြီး ဖော်ပြထားပါတယ်။
ရုပ်သံဖိုင်နှစ်ခုကို တိုက်ဆိုင် စစ်ဆေးကြည့်တဲ့အခါ အဆောက်အဦးတည်ရှိပုံ၊ မြေပြင်မှာ ရပ်ထားတဲ့ ကားပုံစံ၊ စစ်သားတွေ ရဟတ်ယာဉ်နား တိုးကပ်သွားပုံ နဲ့ ဗုံးကျရောက်ပေါက်ကွဲပုံ တွေက တူညီမှုရှိနေတာကို တွေ့ရပါတယ်။
ဆက်လက်ပြီး နေရာဒေသကို အတည်ပြုဖို့အတွက် ထင်ရှားတဲ့အမှတ်အသားအနေနဲ့ လွတ်လပ်ရေးကျောက်တိုင် ကို တွေ့ရပါတယ်။ ဒါကြောင့် Google Map မှာ ပင်လယ်ဘူးမြို့ကို ရှာဖွေကြည့်တဲ့အခါ လွတ်လပ်ရေးကျောက်တိုင်တည်နေရာကို တွေ့ရပြီး မြေနေရာအခင်းအကျင်းဟာ ရုပ်သံနှစ်ခုလုံးမှာ တွေ့ရတဲ့ မြေနေရာအခင်းအကျင်းနဲ့ တူညီမှုရှိနေပါတယ်။
စစ်လက်နက်တွေအကြောင်း ဖော်ပြလေ့ရှိတဲ့ Tactical Raptor 2,0 ကလည်း ဒီရုပ်သံဖိုင်နှစ်ခုဟာ ဖြစ်စဉ်တစ်ခုတည်းကို မတူညီတဲ့ရှုထောင့်ကနေ ရိုက်ကူးထားတဲ့ ရုပ်သံဖြစ်တယ်ဆိုတာကို ဓာတ်ပုံအထောက်အထားတွေနဲ့ ဖော်ပြထားပါတယ်။
ဒါကြောင့် ဖေ့စ်ဘွတ်မှာ ပျံ့နှံ့နေတဲ့ ရခိုင်ပြည်နယ် အမ်းမြို့နယ်က စစ်ကောင်စီ ရဟတ်ယာဉ်တိုက်ခိုက်ခံရတဲ့ ရုပ်သံဖိုင်ဆိုတာဟာ မဟုတ်ပါဘူး။
တကယ်တော့ စစ်ကိုင်းတိုင်း ပင်လယ်ဘူးမြို့မှာ စစ်ကောင်စီရဟတ်ယာဉ်ကို တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ ဒရုန်းဗုံးနဲ့ တိုက်ခိုက်ခဲ့တာ ဖြစ်စဉ်ကို ရှုထောင့်မတူတဲ့နေရာကနေ ရိုက်ကူးထားတဲ့ ရုပ်သံဖိုင် တစ်ခု ဖြစ်တယ်ဆိုတာကို MPA က အတည်ပြု ဖော်ပြပေးလိုက်ပါတယ်။